ဟွန်စောလီဟာ မြောက်ကို ရီးယားနိုင်ငံကနေ ယာလူမြစ်ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲကို ၀င် ရောက်တဲ့အချိန်မှာ အသက် (၁၇) နှစ်သမီးအရွယ်ပဲရှိပါသေးတယ်။ သူဟာ တရုတ်နိုင်ငံမှာ ၁၀ နှစ်လောက် တိတ်တဆိတ်နေထိုင်ခဲ့ ပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ မွေးရပ်မြေမှာ ဒုက္ခရောက်နေတဲ့ မိသားစုကို တောင်ကိုရီးယားကို ခေါ်လာနိုင်ဖို့ ဟွန်စောလီတစ်ယောက် မြောက်ကိုရီးယားပြန်ခဲ့ပါတယ်။ ဟွန်စောလီဟာ The Girl With Seven Names လို့အမည်ရ တဲ့ စာအုပ်မှာ သူ့ဘ၀ဇာတ်ကြောင်းကို ရေးသားခဲ့ပါတယ်။ ၂၀၁၃ မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့ တဲ့ TEDTalk ဆွေးနွေးပွဲမှာလည်း သူ့ဘ၀ အတွေ့အကြုံ
တွေကို ထုတ်ပြောခဲ့ပါတယ်။
လီဟာ လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နေထိုင် နေပြီးတော့ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရတဲ့ မြောက်ကိုရီးယားပြည်ပြေး အမျိုးသမီးတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အင်န်ဂျီအိုအဖွဲ့ အစည်းတစ်ခုမှာ တက်ကြွလှုပ်ရှား နေပါတယ်။ စာရေးဆရာမ လီဟာတရုတ်နိုင်ငံမှာ ပိတ်မိနေတဲ့ မြောက်ကိုရီးယားတွေကို အကူအညီပေးမယ့် သူ့ရဲ့လက်ရှိစီမံကိန်း ကို အမေရိကန်တိုင်းမ် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ အခုလိုပဲ ထုတ်ပြောခဲ့ပါတယ်။
ခင်ဗျားရဲ့ အတွေ့အကြုံတွေကို တရုတ်စာပေပွဲတော် တစ်ခုမှာ ပြောပြဖို့ သိပ်မကြာသေးခင်က တရုတ်နိုင်ငံကို ပြန်သွားခဲ့တယ်ဆို။ ခင်ဗျားရဲ့ လုံခြုံရေးအတွက် မစိုးရိမ်ဘူးလား။
ကျွန်မ ဘေဂျင်းမြို့ကို သွားမယ်ဆိုတော့ သတိပေးချက်တွေ အများကြီးရခဲ့ပါတယ်။ ကျွန်မဟာ တရုတ်နိုင်ငံကို ပြန်ပြီး လူရှေ့ထွက်ပြီး စကားပြောမယ့် ပထမဆုံး မြောက်ကိုရီးယားပြည်ပြေး ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ တကယ့်ကို အန္တရာယ် များပါတယ်။ တရုတ် အစိုးရက ကျွန်မကို တောင်ကိုရီးယားနိုင်ငံသား အဖြစ် အသိအမှတ် မပြုပါဘူး။ သူတို့က ကျွန်မကို မြောက်ကိုရီးယား ပြည်ပြေး တစ်ယောက်အဖြစ် သတ်မှတ်ထားဆဲပါ။ ကျွန်မကို ဖမ်းပြီး
မြောက်ကိုရီးယားကို ပြန်ပို့နိုင်ပါတယ်။
တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးအဖွဲ့ကလည်း ကျွန်မကို တရုတ်နိုင်ငံကို မသွားဖို့ ဖျောင်းဖျကြပါတယ်။ ကျွန်မ ဘေးအန္တရာယ်ကင်းမှုကို အာမမခံနိုင်ဘူးလို့လည်း ပြောပါတယ်။ ကျွန်မအနေနဲ့ တရုတ်ကိုသွားဖို့ အရေးဆုံးဖြတ်ချက်ချတာဟာ ခြောက်လလောက် ကြာခဲ့ပါ တယ်။ ကျွန်မကမ္ဘာ့အနှံ့သွားပြီး စကားတွေ အများကြီးပြောခဲ့ပြီးပြီ။ ဒါပေမဲ့တရုတ်နိုင်ငံဟာ ကျွန်မ တကယ်ကို သွားရမယ့်နေရာလို့ ကျွန်မယူဆ ခဲ့ပါတယ်။ ကျွန်မ တရုတ်ကို ရောက်ခဲ့တယ်။ ကျွန်မ အန္တရာယ်ကင်းမယ်လို့ မျှော်လင့်ခဲ့တယ်။ ကျွန်မတောင်ကိုရီးယား ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်တွေ့နိုင် တယ်လို့ မထင်တော့တဲ့အခါမှာ ဘေဂျင်းလေဆိပ် သန့်စင်ခန်းထဲ ပုန်းနေတာကို အဆုံးသတ် လိုက်ပါတယ်။
ခင်ဗျားတရုတ်နိုင်ငံမှာ ၁၀ နှစ် လောက် တိတ်တဆိတ်နေခဲ့တယ်။ ခင်ဗျားက ဘယ်နိုင်ငံကလူဆိုတာ ကို ဘယ်သူမှ မသိခဲ့ဘူးလား။
ကျွန်မနယ်စပ်မှာ နေတုန်းက တရုတ်တစ်ယောက်က ရဲကို သတင်းပေးလိုက်တယ်။ တရုတ်မှာ လတိုင်း မြောက်ကိုရီးယားပြည်ပြေးတွေ ရှင်းလင်းရေးဆိုပြီး ရှိပါတယ်။ အဲဒါကြောင့် ကျွန်မမိတ်ဆွေလည်း မြောက်ကိုရီးယားကို
ပြန်ပို့ခံခဲ့ရတယ်။ ကျွန်မကိုလည်း တရုတ်ရဲတွေ လာစစ်ပါတယ်။ ကျွန်မရဲ့ တရုတ်စကားပြောက ကောင်းနေတော့ ကျွန်မကို မြောက်ကိုရီးယား ပြည်ပြေးလို့ မယုံကြပါဘူး။ မြောက်ကိုရီးယားပြည်ပြေးတွေ စုနေတဲ့ နေရာကနေ
ဝေးဝေး နေချင်လို့ ကျွန်မရှန်ဟိုင်းမြို့ကို ပြောင်းသွားခဲ့ပါတယ်။ ကျွန်မ တရုတ်သက်သေခံ ကတ်ပြားတစ်ခု ၀ယ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် တကယ့်တရုတ်မပုံစံ ပြောင်းလိုက်တယ်။ ကျွန်မဘယ်သူ့ကိုမှ မယုံပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့တွေက တစ်ချိန်ချိန်မှာ ရန်သူဖြစ်ပြီး ကျွန်မအကြောင်း သတင်းသွားပေးနိုင်လို့ပါ။ နှစ်အတော်ကြာအောင် ကျွန်မရဲ့ အခန်းဖော်ဖြစ်ခဲ့တဲ့ မိန်းကလေးက ၂၀၁၃ မှာ ကျွန်မပြောတဲ့ TEDTalk အစီအစဉ်ကို ကြည့်ပြီးတော့ ရှန်ဟိုင်းကနေ ကျွန်မဆီ ဖုန်းလှမ်းဆက်ခဲ့ပါတယ်။ သူက ကျွန်မကို မြောက်ကိုရီးယားပြည်ပြေးမှန်း မသိခဲ့ဘူးလို့ ပြောပါတယ်။ ကျွန်မ တကယ် အားနာသွားခဲ့တယ်။ ဒါပေမဲ့သူက ပြောတယ်။ ကျွန်မအဲဒီလို
လုပ်ခဲ့တာကို နားလည်ပါတယ်တဲ့။ ကျွန်မရဲ့ သူငယ်ချင်းကို လှည့်စားခဲ့မိလို့ အရမ်း စိတ်မကောင်းဖြစ်နေဆဲပါ။ ဒါပေမဲ့ အဲဒါက ဘေးအန္တရာယ် ကနေ လွတ်ဖို့ ကြိုးစားရတဲ့ ဂိမ်းပဲလေ။
မြောက်ကိုရီးယားမှာ အယူသစ်တွေ ရိုက်သွင်းတာ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာကို ပြောပြပေးပါဦး။
၁၉၉၄ မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီလ်ဆွန်း သေဆုံးခဲ့တယ်။ သူသေလိမ့်မယ်လို့ ကျွန်မမထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူဟာ ဆေးလိပ်မသောက်၊ အရက်မသောက်၊ အိမ်သာမတက်၊ မိန်းမတွေနဲ့လည်း လိင်ဆက်ဆံမှု မရှိတဲ့ နတ်ဘုရားတစ်ပါးလို့ ကျွန်မတို့တွေ တကယ့်ကို ယုံကြည်ခဲ့ကြလို့ပါ။ လူတချို့က မြောက်ကိုရီးယားတွေကို ဝေဖန်ကြတယ်။ သူတို့တွေက ငတုံးတွေလားလို့ မေးကြတယ်။ အဲဒီလို အဓိပ္ပာယ်
မရှိတဲ့ဟာတွေကို ဘယ်လိုများ ယုံကြတာလဲလို့ မေးကြတယ်။ ရှင်တို့လည်း မြောက်ကိုရီးယားမှာ မွေးလာမယ်ဆိုရင် ကျွန်မတို့တွေနဲ့ တစ်ထပ်တည်း တူနေမှာပါ။ လွတ်လပ်မှုက ဘာလဲဆိုတာ ကျွန်မတို့ မသိခဲ့ဘူး။ လွတ်လပ်မှု အရသာကို ဘယ်တုန်းကမှ မခံစားခဲ့ရဘူး။ ဒီမိုကရေစီဝါဒ၊ အရှင်းရှင်ဝါဒ ဘာလဲ ဆိုတာကို မသိခဲ့ဘူး။ ကျွန်မတို့တွေ လုံးဝပိတ်ဆို့ခံထားရတယ်။ ပြင်ပလောက ကနေသာမက ပြည်တွင်းမှာလည်း ခရီးသွားလာဖို့ မလွယ်ပါဘူး။
မြောက်ကိုရီးယားအစိုးရရဲ့ ခရီးသွားထောက်ခံချက်မပါဘဲနဲ့ ပြည်တွင်းမှာတောင် ခရီးသွားလို့မရပါဘူး။ အစိုးရ၀ါဒဖြန့်တဲ့ ရုပ်သံလိုင်းတစ်ခုပဲ ကြည့်စရာရှိ တယ်။ ကျွန်မတို့မှာ နှိုင်းယှဉ်စရာ မရှိတော့ အဲဒါကိုပဲ နိဗ္ဗာန်ဘုံလို့ ယုံကြည်ခဲ့ပါတယ်။
ဒါနဲ့များ ဘာလို့ မြောက်ကိုရီးယား အတော်တော်များများက တရုတ် နိုင်ငံထဲကို ထွက်ပြေးကြတာလဲ။
တရုတ်ကို သွားတဲ့ လူအများစုဟာ ကျွန်မလိုပဲ နယ်စပ်ဒေသ ကလာတာတွေ ဖြစ်ပါတယ်။ တရုတ်က လူတွေဟာ ကျွန်မတို့ထက် ပိုပြီးကောင်းကောင်း နေရတယ်လို့ သူတို့တွေမြင်ကြတယ်။ ကျွန်မအရမ်းကိ ရိုးအခဲ့ပါတယ်။ ကျွန်မတရုတ်ကို ရောက်တဲ့အခါက ကျွန်မမှာ ပိုက်ဆံမရှိခဲ့ဘူး။ ကျွန်မလက်ထဲမှာ တရုတ်ဆွေမျိုး တချို့ရဲ့ လိပ်စာလေးတစ်ခုပဲ ရှိခဲ့တယ်။ တရုတ်နိုင်ငံဟာ အရမ်းကြီးကြီးနေမယ်လို့ မသိခဲ့ဘူး။ ဆွေမျိုးတွေရဲ့ အိမ်ကို လွယ်လွယ်
ရှာတွေ့ပြီး တစ်ပတ်ကြာရင် အိမ်ပြန်မယ်လို့ပဲ ကျွန်မတွေးခဲ့တာ။ ဒါ ပေမဲ့ ကျွန်မသွားချင်တဲ့ ဆွေမျိုးတွေ အိမ်ကိုရောက်ဖို့ ၁၀ နာရီ လောက် ကားစီးရတယ်ဆိုတာကို နောက်မှ သိခဲ့တယ်။ တရုတ်ပြည် ကြီးကို ကျွန်မမျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ချင်ရုံလေးပါပဲ။ မြောက်ကိုရီးယားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံလား၊ တရုတ်က အကောင်း ဆုံးလားဆိုတာကို ကျွန်မသိချင်ခဲ့တာပါ။ အစိုးရပြောခဲ့တဲ့အတိုင်း တရုတ်ဟာ မြောက်ကိုရီးယားထက် အများကြီး ပိုဆိုးတယ်လို့ပဲ ကျွန်မသိပြီး ကြီးပြင်းလာခဲ့တာပါ။
လွတ်လပ်မှု ဆိုတာကို ခင်ဗျား ဘယ်လိုနားလည်ထားပါလဲ။
ကျွန်မအတွက် လွတ်လပ်မှုကို နားလည်ခြင်းနဲ့ ဒီမိုကရေစီဝါဒ ဆိုတာ တကယ့်ကို ခက်ခဲပါတယ်။ နေ့တိုင်း၊ မိနစ်တိုင်းမှာ လေ့လာ နေရဆဲပါပဲ။ ကျွန်မတရုတ်မှာ ရောက်နေတုန်းက ရုပ်ရှင်ကို ခိုးကြည့်စရာမလို၊ အသံကိုလည်း တိုးစရာ မလိုတာကို လွတ်လပ်မှုလို့ထင်ခဲ့တယ်။ တောင်ကိုရီးယား သီချင်းတွေကိုလည်း အကျယ်ကြီးနားထောင်နိုင်တယ်။ ကိုယ်သွားချင်တဲ့နေရာတွေ ကိုလည်း ကားလက်မှတ်၊ ရထားလက်မှတ်ဝယ်ပြီး သွားရုံပဲ။
စားလို့ရတဲ့ ရေခဲမုန့်ပမာဏ ကြောင့်လည်း အံ့သြမိသေးတယ်။ မြောက်ကိုရီးယားမှာတုန်းက ရေခဲမုန့်က တစ်မျိုးပဲရှိတယ်။ အရသာကလည်း ရေလိုပဲ။ ကျွန်မအတွက် ကောင်းကင်ပြာကြီးအောက်မှာ ကော်ဖီထိုင်သောက်ခွင့် ရတာဟာ တကယ့်လွတ်လပ်မှုပါ။ အဲဒါ ကျွန်မကို ပျော်စေတယ်။ ဒီကိစ္စသေး သေးလေးတွေအားလုံးဟာ တကယ့်ကို အဖိုးတန်တွေလို့ ကျွန်မ ခံစားရပါတယ်။
ခင်ဗျားမွေးရပ်မြေ မြောက်ကိုရီးယားကို လွမ်းမိလား။
မြောက်ကိုရီးယားဟာ အာဏာရှင်နိုင်ငံ မဟုတ်ပါဘူး။ နိုင်ငံသား ၂၅ သန်းရဲ့နိုင်ငံပါ။ သူတို့ တွေဟာ အာဏာရှင်ရဲ့ဖိနှိပ်မှုကို ခံစားနေရတာပါ။ မြောက်ကိုရီးယားတွေဟာ တကယ့်ကို ကောင်းမွန်ကြင်နာ ရိုးသားတဲ့ လူတွေပါ။ ကျွန်မ အာဏာရှင်နဲ့ အာဏာရှင် အစိုးရကို မုန်းတယ်။ ကျွန်မမွေးရပ်မြေနိုင်ငံကိုတော့ ချစ်ပါတယ်။ ကျွန်မ အဲဒီကို ပြန်သွားလို့မရတော့ဘူး ဆိုတာကို ကျွန်မသိတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အရမ်းကို မှောင်မိုက်နေ
တာတောင်မှ ကျွန်မရဲ့အိမ်ပဲဖြစ်ပါတယ်။ ညတိုင်း ကျွန်မရဲ့အိပ်မက်ထဲမှာ အဲဒီ ကို ပြန်သွားဖြစ်ပါတယ်။
မတ်လတုန်းက ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုးလိုက်တယ်။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပါသလား။
မြောက်ကိုရီးယားအပေါ် အ ရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလိုက် တာကို ကျွန်မအရမ်းထောက်ခံတယ်။ ကုလသမဂ္ဂရဲ့ အပြင်းထန် ဆုံး အရေးယူပိတ်ဆို့မှုကို ချလိုက် တာပါ။ အစောကြီး ကတည်းက လုပ်သင့်တယ်လို့ ကျွန်မပြောပါတယ်။ နယူးယောက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆမ်မန်သာပါဝါနဲ့ တွေ့တော့ ပြောခဲ့တာပါ။
အရေးယူပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားနိုင်ငံသားတွေကို ထိခိုက်စေပြီး အထက်ပိုင်းလူ တွေကိုတော့ ဘာမှဖြစ်စေမှာ မဟုတ်ဘူးလို့ လူတွေက စိုးရိမ်ကြ ပါတယ်။ အဲဒါ လုံးဝမမှန်ပါဘူး။ အစိုးရဟာ သာမန်ပြည်သူတွေကို ဘာမှ မပေးပါဘူး။ ပြည်သူတွေ ဟာ ဈေးကွက်စနစ်နဲ့ ကိုယ့်ကိုယ် ကိုယ်ပဲ မှီခိုကြရတာပါ။ ဒါကြောင့် အရေးယူ ပိတ်ဆို့မှုတွေဟာ အစိုးရ နဲ့ အစိုးရအတွက် နိုင်ငံခြားဝင်ငွေ ရှာပေးနေတဲ့သူတွေအပေါ်ပဲ အကျိုးသက်ရောက်မှု
ရှိတာပါ။
ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာ ပိုကောင်းလိမ့်မယ်လို့ တိုက်တွန်းပြောကြားချက်တွေကိုကော ခင်ဗျားဘယ်လိုထင်ပါသလဲ။
စေ့စပ်ညှိနှိုင်းဖို့ ပြောနေတဲ့ လူတွေဟာ မြောက်ကိုရီးယားအစိုးရနဲ့ ကင်မိသားစုကို နားမလည်ကြပါဘူး။ မြောက်ကိုရီးယားအစိုးရနဲ့ ကင်မိသားစုဟာ ဆိုးယုတ်ပါးနပ် ကြပါတယ်။ ဒါကြောင့်လည်း စီးပွားရေးကို မဖွင့်ပေးတာပါ။ သူတို့ တွေနဲ့သာ သွားပြီး စေ့စပ်ညှိနှိုင်းရင် သူတို့တွေကို ပိုပြီးအားကောင်းအောင်၊ ပိုပြီး သက်တမ်းရှည်အောင် လုပ်ပေးရာ ရောက်နေပါလိမ့်မယ်။
ဘာလို့ အင်န်ဂျီအိုလုပ်ငန်း စလုပ် ဖြစ်တာလဲ။
ဒီအင်န်ဂျီအိုကို မြောက်ကိုရီးယားအမျိုးသမီးများအဖွဲ့လို့ အမည်ပေးထားပါတယ်။ ဒီအဖွဲ့ဟာ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယားနဲ့ ကမ္ဘာ့ဒေသအ သီးသီးမှာ နေထိုင်ကြတဲ့ မြောက်ကိုရီးယားအမျိုးသမီးတွေ အတွက်
ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပြည်ပြေးတစ်ယောက်ဖြစ်ရတဲ့ ဘဝဟာ တကယ့်ကို နာကျင်စရာ ကောင်းပါတယ်။ အမျိုးသမီးတွေဟာ လူကုန်ကူးသူတွေ၊ တရုတ် အမျိုးသားတွေဆီကို လိင်ကျေးကျွန်အနေနဲ့ ရောင်းချခံနေရပါ တယ်။ သူတို့တွေဟာ ဘာအခကြေးငွေမှ မရဘဲ နှိပ်စက်ခံနေရတယ်။ ဒုက္ခခံနေရတယ်။ တရုတ် လယ်သမားအိုကြီးဆီကို လိင် ကျေးကျွန်အဖြစ် ရောင်းချခံရတဲ့ မြောက်ကိုရီးယား အမျိုးသမီးတစ်ယောက်အနေနဲ့
မြောက်ကိုရီးယားကို ပြန်ပို့ခံရတာ ပိုပြီး သဘောကျပါတယ်။ မြောက်ကိုရီးယားမှာ နေရတာလည်း နောက်ထပ် ငရဲတစ်ခုပါပဲ။ ကျွန်မရဲ့ရေရှည်ရည်မှန်းချက်က တရုတ် လူ့အသိုင်းအဝိုင်းမှာ မြောက်ကိုရီးယားတွေ ဘေးကင်းစွာ
နေနိုင်သွားအောင် ကူညီဖို့ပဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ပြည်ပြေး အတော်များများဟာ တောင်ကိုရီးယားမှာ ကျင့်သားရဖို့ ဘာကြောင့် ကြိုးစားရုန်းကန်နေရတာလဲ။
ဒါဟာ တကယ့်ကို ဝမ်းနည်းစရာပါ။ ပြည်ပြေးတွေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ မြောက်ကိုရီးယားကို ပြန်တာအထိ ပြဿနာ အများအပြား ရှိကြပါတယ်။ တောင်ကိုရီးယား သက်တူ ရွယ်တူတွေကို ယှဉ်နိုင်ဖို့ အရမ်း ခက်ခဲ ပါတယ်။ သူတို့တွေဟာ ပညာကောင်းကောင်း သင်ထားရတယ်။ ဘဝတစ်လျှောက်လုံး ဒီမိုကရေစီနည်းလမ်းနဲ့ ကြီးပြင်းခဲ့ရတယ်။ ဒါပေမဲ့ ပြည်ပြေးတွေကတော့ လုံးဝကွဲပြားတဲ့ စနစ်တစ်ခုကနေ လာခဲ့တာပါ။ ငရဲကနေ နိဗ္ဗာန်ကို သွားရသလိုပေါ့။
တောင်ကိုရီးယား လူ့အဖွဲ့အစည်းမှာလည်း မလိုမုန်းတီးမှုတွေ ရှိနေပါတယ်။ ကျွန်မတို့ဟာ နှစ် ပေါင်း ၇၀ လောက် ဝေးကွာနေရတဲ့ ညီအစ်ကို၊ မောင်နှမတွေလို့ မြင်ပေမယ့် တောင်ကိုရီးယားကို ကျွန်မတို့ရောက်တော့ ကျွန်မတို့ ဟာ လုံးဝအမေ့လျော့ခံ လူတွေဖြစ်နေပါပြီ။ ကျွန်မတို့ဟာ သူတို့တွေ အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။
အခြေအနေတွေ တိုးတက်နေပြီလား။
ကျွန်မ ၂၀၀၈ မှာ တောင်ကိုရီးယားကို စရောက်တော့ တိုင်းတစ်ပါးသားတစ်ယောက်လို ဆက်ဆံခံရပါတယ်။ ကျွန်မနဲ့ တခြား ပြည်ပြေးတွေလည်း လူရှေ့ထွက်ပြီး ကိုယ့်ဘဝဇာတ်ကြောင်းထုတ်ပြောဖို့ ဆန္ဒရှိနေပါတယ်။
တောင်ကိုရီးယားသားတချို့ဟာ ကျွန်မတို့နဲ့အတူ လိုက်ငိုကြတယ်။ ကျွန်မတို့ သူတို့နိုင်ငံကို လာတယ်ဆိုတာ အားလပ်ရက်ခရီးထွက်လာခဲ့တာ မဟုတ်ဘူးဆိုတာ သူတို့နားလည်သွားကြလို့ပါ။ ပြီးတော့ သူတို့မှာ စာနာ
ထောက်ထားမှုရှိလို့ပါ။ တောင်ကိုရီးယားမှာ ရှိတဲ့ မြောက်ကိုရီးယား ကျောင်းသားတွေကို ပညာသင်ဆုနဲ့ ပညာသင်စရိတ် ထောက်ပံ့ပေးတဲ့လူတွေ ရှိနေပါ ပြီ။ ဒါဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားတွေဟာ မြောက်ကိုရီးယားတွေ ဘာဖြစ်နေတယ်ဆိုတာကို အခြေခံအားဖြင့် သိလိမ့်မယ်လို့ ကျွန်မထင်ခဲ့မိတာ။တကယ်တော့ သူတို့မသိကြပါ ဘူး။ ကျွန်မတို့တွေဟာ အတူတူပဲ ဆိုတာကို လူတွေနားလည်ဖို့ လိုအပ်တယ်။ ကိုရီးယားနှစ်နိုင်ငံ ပြန်ပေါင်းစည်းရေးကို လူတွေပိုသိလာအောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။
ကိုရီးယားကျွန်းဆွယ် ပြန်ပေါင်းစည်းဖြစ်မလား။
တောင်ကိုရီးယား တော်တော်များများက ပေါင်းစည်းရေးကို မလိုလားလို့ ကျွန်မဝမ်းနည်းရပါတယ်။ သူတို့က လုံးဝ ကွဲထွက်သွားတာမျိုးပဲ ဖြစ်ချင်ကြပါတယ်။ လူကြီးတွေက မြောက်ကိုရီးယားနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေ တယ်လို့ ခံစားပြီး ပေါင်းစည်းရေးကို လိုလားတာပါ။ သူတို့သေဆုံး ပြီးနောက်မှာ နောက်လူငယ်တွေ ဟာ ကိုရီးယားစစ်ပွဲဖြစ်ခဲ့တဲ့ အချိန်ကိုတောင် မသိတော့ပါဘူး။ လူငယ်တွေ အတွက်ကတော့ ရှေးသမိုင်းတစ်ခု ဖြစ်သွား ပါတယ်။
ကျွန်မတို့အနေနဲ့ နှစ်ပေါင်း ၂၀ အတွင်း ပေါင်းစည်းရေးမရဘူး ဆိုရင် လုံးဝမတူကွဲပြားတဲ့ နိုင်ငံ နှစ်နိုင်ငံဖြစ်သွားပါလိမ့်မယ်။ ဒါ ကြောင့် ကျွန်မကြောက်နေတယ်။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ ပေါင်းစည်းရေးဆိုတာ အဝေးကြီးလို့ ထင်ရပေမယ့် နီးနီးလေးလည်း ဖြစ်နိုင်တာပဲလေ။
—Ref:Freedom, Sanctions and North Korean Ice Cream: Q & A With Defector Hyeonseo Lee
(TIME Interview)
http://www.7daydaily.com/story/66430 မှ ကူးယူဖေါ်ပြထားပါသည်။