အမေရိကန် ဖက်ဒရယ်စနစ် ဖြစ်ပေါ်တိုးတက်လာပုံ
ကျွန်တော်တို့နိုင်ငံမှာ ယခုအခါ ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု
ပင်လုံညီလာခံ) ကို ဗဟိုပြု၍ ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်အကြောင်း
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုနေသော ကာလ ဖြစ်ပါသည်။ သို့ဖြစ်ရာ
နိုင်ငံတကာတွင် အောင်မြင်စွာ ကျင့်သုံးနေသော ဖက်ဒရယ်စနစ် အမျိုးမျိုးကို
လေ့လာသင့်သည်ဟု ယူဆမိပါသည်။ ထိုသို့ လေ့လာရာတွင် သက်ဆိုင်ရာ နိုင်ငံ၏
သမိုင်းကြောင်း ဖြတ်သန်းမှု၊ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး အဆင့်နှင့်
ယဉ်ကျေးမှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
သို့ဖြစ်၍
အမေရိကန် ဖက်ဒရယ်စနစ် မည်ကဲ့သို့ ဖြစ်ပေါ်ပြောင်းလဲလာပုံ အကြမ်းဖျင်းကို
ပထမဦးစွာ မိတ်ဆက်ပေးလိုပါသည်။ နောက်ပိုင်းတွင် ကနေဒါ ဖက်ဒရယ်စနစ်၊ အိန္ဒိယ
ဖက်ဒရယ်စနစ် မိတ်ဆက်ချက်များကို ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားပါသည်။
အမေရိကန်ပြည်ထောင်စု၏
ဖက်ဒရယ် နိုင်ငံရေးစနစ်မှာ အစောဆုံး ပေါ်ပေါက်လာသော ဖက်ဒရယ်စနစ်ဖြစ်ပြီး
(Coming Together) စိတ်တူကိုယ်တူ လာရောက်ပူးပေါင်း စုဖွဲ့သောပုံစံ ဖြစ်သည်။
ထို့အတူ ပါဝင်ဖွဲ့စည်းထားသော ယူနစ် (ပြည်နယ်များ) မှာ လူမျိုးကို
အခြေမခံဘဲ နယ်မြေဒေသကိုသာ အခြေခံသော (Territorial Federalism) ဖက်ဒရယ်စနစ်
ဖြစ်၍ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းကာလအတွင်း ငွေဝယ်ကျွန်စနစ်
ဖျက်သိမ်းရေးကို ဗဟိုပြုကာ တောင်ပိုင်းနှင့် မြောက်ပိုင်းအကြား
ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် (၁၈၆၁-၆၅) မှလွဲ၍ ခွဲထွက်ရေး အန္တရာယ်
ကြီးကြီးမားမား မကြုံခဲ့ရချေ။
အမေရိကန်တို့
ယနေ့ကျင့်သုံးနေသော ဖက်ဒရယ်စနစ် မူဘောင်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို
တစ်ခါတည်းရေးပြီး ပြီးပြည့်စုံသွားခြင်းမျိုး မဟုတ်ဘဲ ခေတ်အလိုက်
လိုအပ်ချက်များအရ တဖြည်းဖြည်းချင်း ပြင်ဆင်သွားရသည်များ ရှိသလို၊
အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုဘဲ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို
ဆုံးဖြတ်ပေးသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်များဖြင့်
လုပ်ကိုင်သွားကြခြင်းဖြင့် အားကောင်းသော ဗဟိုအစိုးရကို တည်ဆောက်ရခြင်း
ဖြစ်ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု၏
ဖက်ဒရယ်စနစ် ဆိုသည်မှာ ပြည်နယ်အစိုးရများနှင့် အမေရိကန်ပြည်ထောင်စု
ဖက်ဒရယ်အစိုးရ (အမျိုးသားအစိုးရ) တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ
မည်သို့ ဆက်သွယ်ပေါင်းစပ်နေပုံကို ဖော်ပြခြင်းပင် ဖြစ်သည်။ နိုင်ငံကို
စတင်တည်ထောင်စအချိန်၊ အထူးသဖြင့် အမေရိကန်ပြည်တွင်းစစ် အပြီးတွင်
ပြည်နယ်များရှိ အာဏာပါဝါများသည် အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ) သို့
ရွှေ့ပြောင်းရောက်ရှိလာခဲ့သည်။ အမေရိကန် ဖက်ဒရယ်စနစ်
ဖြစ်ထွန်းတိုးတက်လာမှုတွင် (State-centered) ပြည်နယ်ဗဟိုပြု၊ (Dual)
အာဏာပြိုင်နှင့် (New Federalism) ဖက်ဒရယ်ဝါဒသစ်တို့ အကြောင်းပြောမှ
ပြည့်စုံပေလိမ့်မည်။
သမ္မတနိုင်ငံ၏ အစဦးကာလ (Confederation) စနစ်
အစဦးကာလ
ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအစိုးရအား လုပ်ပိုင်ခွင့်အာဏာ အနည်းအကျဉ်းသာ
ပေးထားသော (Articles of Confederation) ‘ကွန်ဖက်ဒရေးရှင်း ပြဋ္ဌာန်းချက်များ’
ဆိုသည့် အခြေခံဥပဒေဖြင့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းထားခြင်းပင်
ဖြစ်သည်။ ဥပမာအားဖြင့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်များတွင် (Continental
Congress) ဟု ထိုစဉ်က ခေါ်ဝေါ်ခဲ့သော ၁၃ ပြည်နယ်၏ ပြည်ထောင်စုလွှတ်တော်သို့
စစ်ကြေညာခြင်းနှင့် စာချုပ်များ ချုပ်ဆိုခွင့်ကို ပေးထားသော်လည်း
တပ်မတော်တစ်ရပ်ကို ထောက်ပံ့ရန် အခွန်တော် ကောက်ခံခွင့် ပေးမထားသည့်အပြင်
အဓိက ပြဿနာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် တညီတညွတ် အားလုံး
သဘောတူ ထောက်ခံရန် လိုအပ်သည်။
ဖက်ဒရယ်စနစ်
ပြုပြင်ရေးမှာ အနောက်ပိုင်း မက်ဆာချူးဆက်မှ အသေးစား
လယ်ပိုင်ရှင်လယ်သမားများ၏ လက်နက်ကိုင် ပုန်ကန်ထကြွမှု ဖြစ်သော
ရှေးလ်ပုန်ကန်မှု (၁၇၈၆-၈၇) ကို နှိမ်နင်းသည့် အချိန်တွင်
ပိုမိုအားကောင်းလာခဲ့သည်။ အမေရိကန် တော်လှန်ရေး စစ်ပွဲကာလက တင်ရှိခဲ့သော
အကြွေးများကို ဖြေရှင်းရင်း ဝန်ပိနေသည့် ပြည်ထောင်စုအစိုးရ (ဖက်ဒရယ်အစိုးရ)
၏ စွမ်းဆောင်ရည် ကင်းမဲ့မှုကြောင့် ဆိုးရွားနေသော စီးပွားရေးက လက်နက်ကိုင်
ပုန်ကန်မှုကို တွန်းအားပေးသလို ဖြစ်စေခဲ့သည်။ ထို့အပြင် ဖက်ဒရယ်အစိုးရ
အနေနှင့် လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နင်းရန် တပ်မတော်တစ်ရပ်ကို
တာဝန်ယူ ထောက်ပံ့နိုင်စွမ်း မရှိကြောင်း ထင်ရှားလာခဲ့ပြီး
မက်ဆာချူးဆက်ပြည်နယ်က ကိုယ်ပိုင်တပ်မတော်ကို မဖြစ်မနေ တည်ထောင်ခဲ့ရသည်။
ပြည်နယ်ဗဟိုပြု ဖက်ဒရယ် (State Centered) မှ အားကောင်းသော ဗဟိုရှိသည့် ဖက်ဒရယ် စနစ်ဆီသို့
၁၇၈၇
ခုနှစ်တွင် ကိုယ်စားလှယ် ၅၅ ဦးတို့သည် ဖီလာဒယ်ဖီးယားတွင်
အခြေခံဥပဒေဆိုင်ရာ ညီလာခံတစ်ခု ကျင်းပပြီး ဥပဒေပြုလွှတ်တော်
နှစ်ရပ်ထားရှိရေးနှင့် ပတ်သက်သော အယူအဆ၊ ပြည်နယ် ကြီးကြီးငယ်ငယ်
မျှခြေရှိမည့် ကိုယ်စားပြုခွင့် အယူအဆ (Great Compromise)၊ အပြန်အလှန်
ထိန်းကျောင်းမှု (Checks and Balances) အယူအဆ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဂျိမ်းစ်မက်ဒီဆင် (James Madison) က တက်ရောက်လာသည့် ကိုယ်စားလှယ်များအား
ရှည်လျားသည့် ညီလာခံ အဖွင့်အမှာစကား ပြောကြားရာတွင် ‘တစ်မျိုးသားလုံးနဲ့
သက်ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ရှုမြင်သုံးသပ်ရာမှာ ပြည်နယ်ဥပဒေပြုရေး
မဏ္ဍိုင်များ အနေနဲ့ လျော်ကန်သင့်မြတ်တဲ့ အမြင်များ ရရှိဖို့ ခက်ခဲကြောင်း’၊
သို့ဖြစ်၍ ပိုမိုအားကောင်းသည့် ဗဟိုအစိုးရတစ်ရပ် လိုအပ်ကြောင်း
ဆွေးနွေးသွားခဲ့သည်။ အဆိုပါ ညီလာခံမှာ ချက်ချင်းဆိုသလိုပင်
မူလလုပ်ပိုင်ခွင့် အာဏာကို စွန့်လွှတ်ပြီး အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ
(Constitution of the United States) သစ် တစ်ရပ် ရေးဆွဲရေးအတွက်
ပြင်ဆင်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ်
အားကောင်းမောင်းသန် ခုခံကာကွယ်ခဲ့သည်ကား ပြည်နယ်များက အတည်ပြုထောက်ခံ
မဲပေးနိုင်ရေး ရည်ရွယ်ကာ နယူးယောက်မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော
ဖက်ဒရယ်ဆိုင်ရာ စာတမ်းများ (The Federalist Papers) ပင် ဖြစ်သည်။
ကလောင်ရှင် အမည်အတိအကျ ဖော်ပြမထားခဲ့သော အဆိုပါ စာတမ်းများမှာ စုစုပေါင်း
၈၅ စောင် ရှိပြီး အလက်ဇန္ဒား ဟမ်မီလတန် (Alexander Hamilton)၊ ဂျိမ်းစ်
မက်ဒီဆင် (James Madison) နှင့် ဂျွန်ဂျေး (John Jay) တို့က အတည်ပြုရန်
တင်ပြထားသော အခြေခံဥပဒေသစ်၏ အကျိုးပြုနိုင်ပုံများ၊ အခြေခံဥပဒေသစ်ပါ
ပြဋ္ဌာန်းချက်များ နောက်ကွယ်မှ နိုင်ငံရေး သဘောတရားများနှင့်
လုပ်ငန်းတာဝန်များကို ခွဲခြမ်းစိတ်ဖြာ ရေးသားပြခဲ့သည်။ ယခုအခါ အဆိုပါ
စာတမ်းများမှာ အမေရိကန် နိုင်ငံရေးသိပ္ပံ ပညာတွင် အရေးအကြီးဆုံး
စာရွက်စာတမ်းများအဖြစ် တည်ရှိနေလေပြီ။
အခြေခံဥပဒေသစ်ကို
ဆန့်ကျင်သော သူများကိုကား ဖက်ဒရယ် ဆန့်ကျင်ရေးသမားများ (Anti-Federalists)
ဟု ခေါ်ကြသည်။ ထိုသူများမှာ ယေဘုယျအားဖြင့် ကျဉ်းမြောင်းသော ဒေသဆိုင်ရာ
အမြင်သာ ရှိကြပြီး ကျယ်ပြန့်သော အမျိုးသားရေးအမြင် မရှိသူများ ဖြစ်ကြသည်။
သူတို့၏ အမြင်များမှာ ကုန်သွယ်စီးပွားရေးနှင့် ဘဏ္ဍာရေး ကိစ္စများထက်
စိုက်ပျိုးရေးနှင့် လယ်ယာမြေဆိုင်ရာ ပြဿနာများနှင့် ချိတ်ဆက်ထားသည့်
အမြင်များ ဖြစ်ပြီး အားကောင်းသော ပြည်နယ်အစိုးရများနှင့်
အားနည်းချည့်နဲ့သော အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ) ကိုသာ
အလိုရှိကြသည်။ (ဤနေရာတွင် မြန်မာနိုင်ငံသမိုင်းမှ ဖက်ဒရယ်စနစ်
ဆန့်ကျင်သူများနှင့် အဓိပ္ပာယ် ဆန့်ကျင်ဘက် ဖြစ်သည်ကို သတိပြုစေလိုသည်။
မြန်မာ့သမိုင်းတွင် ဖက်ဒရယ်စနစ် ဆန့်ကျင်ရေးသမား ဆိုသည်မှာ အားကောင်းသော
ဗဟိုချုပ်ကိုင်မှုကြီးသည့် အစိုးရကို လိုလားသူများ ဖြစ်သည်။ စကားချပ်)
နောက်ပိုင်းတွင်
ဖက်ဒရယ် ဆန့်ကျင်ရေးသမားများမှာ ‘အခြေခံဥပဒေသစ်တွင် ထည့်သွင်းပေးရန်
ဖက်ဒရယ်သမားများက ကတိပေးခဲ့ကြပြီး ဖြစ်သည့်’ နိုင်ငံသား အခွင့်အရေး (Bill
of Rights) မပါရှိမှုအပေါ် ပြောင်းလဲကာ အလေးထား ဝေဖန်ထိုးနှက်ခဲ့ကြလေသည်။
ဂျော့ဝါရှင်တန်က
ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ထောက်ခံသည့် သြဇာအရှိန်အ၀ါနှင့်
လိမ္မာပါးနပ်သည့် စည်းရုံးရေးဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် အခြေခံဥပဒေကို
ပြည်နယ်အားလုံးက ထောက်ခံအတည်ပြုခဲ့ကြသည်။ ပျက်ပြယ်သွားပြီ ဖြစ်သည့်
ကွန်ဖက်ဒရေးရှင်း လွှတ်တော် (Congress of the Confederation) က အစိုးရသစ်ကို
ရွေးကောက်တင်မြှောက်ရန် အချိန်သတ်မှတ်ထားခဲ့ရာ ၁၇၈၉ ခုနှစ် မတ်လ ၄ ရက်
နေ့မှာ အစိုးရသစ် စတင်တာဝန်ယူရမည့်နေ့ ဖြစ်သည်။ ၁၇၈၉ ခုနှစ်တွင်
ကွန်ဂရက်လွှတ်တော်က ပြည်နယ်များအတွက် ပြဋ္ဌာန်းချက် ၁၂ ချက်ကို
တင်သွင်းပြဋ္ဌာန်းခဲ့သည်။ ၎င်းတို့အနက် ၁၀ ချက်မှာ လွှတ်တော်ကော်မတီများက
ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ၁၇၉၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်
အမေရိကန်ပြည်ထောင်စု နိုင်ငံသား အခွင့်အရေး (United States Bill of Rights)
ဖြစ်လာရန် လမ်းဖွင့်ပေးခဲ့လေသည်။ ဒသမမြောက် ပြင်ဆင်ချက်မှာ
အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်အတွက် လမ်းညွှန်ချက်မူများ ဖြစ်ခဲ့လေသည်။
ဖက်ဒရယ်လစ်ပါတီ
ဖက်ဒရယ်လှုပ်ရှားမှု
မှေးမှိန်သွားသည်နှင့် တစ်ပြိုင်နက် ဒုတိယတစ်ခုက ချက်ချင်းဆိုသလို
အစားထိုး နေရာယူလာခဲ့သည်။ အဆိုပါ ဒုတိယတစ်ခုမှာ အလက်ဇန္ဒား ဟမ်မီလတန်နှင့်
သူ့မဟာမိတ်များ၏ အားကောင်းသော အမျိုးသားအစိုးရ (ပြည်ထောင်စုအစိုးရ)၊
လျော့ရဲသည့် တည်ဆောက်မှု (Loose Construction) ပုံစံ အခြေခံဥပဒေနှင့်
(လယ်ယာစိုက်ပျိုး စီးပွားရေးထက်) ကုန်သွယ်စီးပွားရေးကို လိုလားသည့်
မူဝါဒများအပေါ် အခြေခံထားသည့် လှုပ်ရှားမှု ဖြစ်သည်။ တဖြည်းဖြည်း
အချိန်ကြာလာသောအခါ ဤမူဝါဒများကို နှစ်သက်သဘောကျသူများ စုစည်းမိလာကြပြီး
ပထမဦးဆုံးသော နိုင်ငံရေးပါတီတစ်ရပ် ဖြစ်သည့် ဖက်ဒရယ်လစ်ပါတီကို
တည်ထောင်ခဲ့ကြလေသည်။
ဖက်ဒရယ်လစ်ပါတီ၏ ဆန့်ကျင်ဘက်
ဒီမိုကရက်တစ်-ရီပတ်ဘလစ်ကန် ပါတီမှာမူ အားကောင်းသော အစိုးရတစ်ရပ်ကို
မလိုလားချေ။ အားကောင်းသော အစိုးရမှာ ပြည်သူလူထု၏ လွတ်လပ်ခွင့်များအတွက်
ခြိမ်းခြောက်မှုတစ်ခုအဖြစ် ၎င်းတို့က ရှုမြင်ကြသည်။ သူတို့က အစိုးရသစ်ကြောင့်
ဖြစ်ပေါ်လာသော အမျိုးသားကြွေးမြီက တစ်နိုင်ငံလုံးကို ဒေဝါလီ ခံရစေလိမ့်မည်ဟု
အလေးတင်း ပြောဆိုကြသည်။ ထို့ပြင် ပြည်ထောင်စုငွေစုစာချုပ်ကို
ဝယ်ယူထားသူများမှာ ရိုးသားသော လယ်သမား၊ အလုပ်သမားများထံမှ ရသည့်
အခွန်ငွေများကို အချောင်ခံစားနေသူများ ဖြစ်သည်ဟု ဆိုလေသည်။ အဆိုပါ
သဘောထားများကား ၁၇၈၀ ခုနှစ်များလောက်ဆီက ဖက်ဒရယ်လစ် လှုပ်ရှားမှုများ၏
ဆန့်ကျင်ဘက် အင်တီ-ဖက်ဒရယ်လစ် (ဖက်ဒရယ် ဆန့်ကျင်ရေးသမား) များ
စွဲကိုင်ခဲ့သော သဘောထားများပင် ဖြစ်ကြသည်။
တရားသူကြီးချုပ် ဂျွန်မာရှယ်လက်ထက်က ဖက်ဒရယ်ဝါဒ
၁၉
ရာစု အစောပိုင်း ကာလများတွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအကြား
အာဏာခွဲဝေမှုကို ရှင်းလင်းပြတ်သားအောင် ပြုလုပ်ရာတွင် အမေရိကန်ပြည်ထောင်စု
တရားလွှတ်တော်ချုပ်မှ တရားသူကြီးချုပ် ဂျွန်မာရှယ်က အရေးပါသည့် အခန်းမှ
ပါဝင်ခဲ့လေသည်။ အစိုးရများအကြား (ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ)
အာဏာခွဲဝေ ကျင့်သုံးမှုနှင့် ပတ်သက်၍ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက
ရှင်းလင်းပြတ်သားစွာ ဖော်ပြမထားသည့်အတွက် နယူးယောက်ရှိ တရားလွှတ်တော်ချုပ်က
ဖြေရှင်းပေးခဲ့ရလေသည်။ ဥပမာအားဖြင့် မက်ကူလော့နှင့် မေရီလန် (Mc Culloch
Vs. Maryland)၊ ဂစ်ဘွန်နှင့် အော့ဂ်ဒင် (Gibbons Vs.Ogden) စသည့်
အမျိုးသားအစိုးရ (ဖက်ဒရယ်အစိုးရ) ၏ လုပ်ပိုင်ခွင့် အာဏာကို
ချဲ့ထွင်ပေးခဲ့ရသည့် အမှုအခင်းမျိုးကို ဖြေရှင်းပေးရင်း ပြဿနာများကို
အဖြေထုတ်ပေးခဲ့ရသည်။
အာဏာပြိုင် ဖက်ဒရယ်ဝါဒ (Dual Federalism)
ပြည်ထောင်စုတရားလွှတ်တော်
တရားသူကြီးချုပ် မာရှယ်က ထိုသို့သော အမှုများတွင် ဖက်ဒရယ်အစိုးရ အာဏာကို
ပိုမိုအားကောင်းစေသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော်လည်း သူ့ကိုဆက်ခံသည့်
ရော်ဂျာဘီတိုနီ (Roger B.Taney (၁၈၃၅-၁၈၆၃) လက်ထက်တွင်မူ
အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာကို
တန်းတူအားကောင်းစေသည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်ခဲ့လေသည်။ ထိုစဉ်က
အခြေခံ တွေးခေါ်စဉ်းစားမှုမှာ ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့် အာဏာများကို
သတ်မှတ်ထားသော စာရင်းအတိအကျဖြင့် ကန့်သတ်ထားသင့်ပြီး ကျန်ရှိသည့်
အာဏာများမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ ဖြစ်သင့်သည်ဟူသော အယူအဆ
ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၁၆ ခုမြောက် ပြင်ဆင်ချက်ရော ၁၇ ခုမြောက်
ပြင်ဆင်ချက်ပါ အမျိုးသားအစိုးရ၏ လုပ်ပိုင်ခွင့် အာဏာကို
အားဖြည့်ပေးခဲ့သကဲ့သို့ ပြည်နယ်နှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်တို့ အကြား
အာဏာခွဲဝေမှုကိုလည်း အားဖြည့်ပေးခဲ့လေသည်။
အာဏာပြိုင် ဖက်ဒရယ်ဝါဒနှင့် ဆက်ဆံမှု အစီအစဉ်သစ် (New Deal) အကြား ကာလ
တရားသူကြီးချုပ်
တိုနီနှင့် ‘အာဏာပြိုင် ဖက်ဒရယ်ဝါဒ’ ခေါင်းထောင်ထလာချိန် နောက်ပိုင်း
ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရတို့အကြား
လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုမှာ ရာစုနှစ်တစ်ခုမျှ သိသိသာသာ ပြောင်းလဲမှု
မရှိခဲ့ဟု ဆိုရပေမည်။
သို့သော်လည်း
မျက်မှောက်ခေတ် ဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းများတွင် ၁၈၆၁ ခုနှစ်မှ ၁၉၃၃
ခုနှစ် ကာလအတွင်း မူလအခြေအနေများကို ပြင်ဆင်ချက် ပြုလုပ်ခဲ့ရမှု
များစွာပါဝင်သည်။ ဥပမာ-ဘဏ်များမှာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့်
ထိန်းချုပ်ပိုင်ခွင့်အောက်တွင် ကာလရှည်ကြာစွာ တည်ရှိနေခဲ့ရာမှ ဝါရှင်တန်
ဗဟိုမှအရာရှိများက စီမံခန့်ခွဲပြီး (ဗဟိုဘဏ်) အထူးသီးသန့်
လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အမျိုးသားဘဏ်များကို ကွန်ရက်အဖြစ်
ဖွဲ့စည်းတည်ထောင်ရန် ကွန်ဂရက်က ၁၈၆၃ နှင့် ၁၈၆၄ ခုနှစ်တွင် ‘အမျိုးသားဘဏ်
ဥပဒေများ’ ပြဋ္ဌာန်းပေးခဲ့ရခြင်းမျိုး ဖြစ်သည်။ ပထမကမ္ဘာစစ်ပွဲ ကာလအတွင်း
ဖက်ဒရယ်ပြည်ထောင်စုဘဏ်သည် တောင်သူလယ်သမားများအား ကူညီထောက်ပံ့နိုင်ရန်
စနစ်တစ်ခုကို တည်ထောင်ခဲ့ပြီး သမ္မတ ဟားဗတ်ဟူးဗား၏ နောက်ဆုံးနှစ်တွင်
နိုင်ငံသားများ အိုးပိုင်အိမ်ပိုင်နှင့် နေထိုင်နိုင်ရေးအထိ နေထိုင်မှုဘဝ
တိုးတက်လာစေရန် အစီအစဉ် ချမှတ်ဆောင်ရွက်ခဲ့သည်။ ကွန်ဂရက်သည် ၎င်း၏
လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ပြည်နယ်အချင်းချင်းအကြား
ကူးသန်းရောင်းဝယ်မှုနှင့် သက်ဆိုင်သော အခွန်အကောက်နှုန်းထားများ၊ အလုပ်သမား
ကူးလူးဆက်ဆံရေး ပြဿနာများ၊ ရထားသံလမ်းများ၊ စတော့များနှင့်ပတ်သက်၍ ဥပဒေ
ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့သည်။ ပထမကမ္ဘာစစ်ပွဲ ဖြစ်ခါနီးစ အချိန်တွင် ရထားလမ်း
အလုပ်သမားများအတွက် လုပ်ခလစာနှုန်းထား သတ်မှတ်သည့် ဥပဒေ ပြဋ္ဌာန်းပေးခဲ့သည်အထိ
ကွန်ဂရက်က ဆောင်ရွက်ခဲ့လေသည်။
၁၉၂၀
ခုနှစ်များအတွင်း ကွန်ဂရက်က ပြည်နယ်အချင်းချင်းအကြား ဆက်သွယ်သော
မီးရထားလမ်း အလုပ်သမားများအတွက် စုပေါင်းရပိုင်ခွင့် အခွင့်အရေး
အပ်နှင်းသည့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည်။ ကွန်ဂရက်သည် စီးပွားရေးဆိုင်ရာ
ဥပဒေပြုခွင့် အာဏာကို အသုံးပြု၍ စာရိတ္တပိုင်းဆိုင်ရာ ဥပဒေပြုမှုများလည်း
လုပ်ဆောင်ခဲ့သည်။ ဥပမာ- (အမှန်အားဖြင့် စီးပွားရေးဆိုင်ရာ
ဥပဒေပြုပိုင်ခွင့် အာဏာမှာ ပြည်နယ်အချင်းချင်းအကြား သယ်ယူပို့ဆောင်ရေး
ကဏ္ဍတွင်သာ သြဇာသက်ရောက်ရန် ကန့်သတ်ထားခြင်း ဖြစ်သော်လည်း) ၁၉၀၇ ခုနှစ်တွင်
ကွန်ဂရက်က ပြဋ္ဌာန်းခဲ့သည့် မန်းဥပဒေ (Mann Act) သည် အမျိုးသမီးများအား
မူမမှန်သော ရည်ရွယ်ချက်ဖြင့် ပြည်နယ်ဖြတ်ကျော် ကူးသန်းခြင်းကို
တားမြစ်ထားသည့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ (လူမှုရေး) ဥပဒေပင် ဖြစ်သည်။
ပြည်တွင်းစစ်ပွဲကာလ
အတွင်းက ပြည်နယ်များရှိ ကောလိပ်ကျောင်းများ တည်ထောင်ရန်
မြေငှားချထားပေးရေးအတွက် မြေရောင်းရမှု အခွန်တော်ငွေများကို ကွန်ဂရက်က
အသုံးပြုခဲ့လေသည်။ ထိုသို့ ဆောင်ရွက်ရန် မိုရေး မြေအငှားချထားရေး ဥပဒေ
(Morrill Land-Grant Acts) ကို အသုံးပြုခဲ့သည်။ အဆိုပါ ကိစ္စအပေါ် ထားရှိသည့်
သဘောထားမှာ မြေယာရောင်းချရမှု အခွန်တော်ငွေများသည် အခြေခံဥပဒေပုဒ်မ ၁၊
အပိုဒ်ခွဲ (၈) (အဆိုပါအပိုဒ်တွင် ကွန်ဂရက်၏ ဥပဒေပြုပိုင်ခွင့် အာဏာများကို
သတ်မှတ်ထားသည်) တွင် သတ်မှတ်ထားသည်ထက် ကျော်လွန်ကာ ပိုမိုထိရောက်စွာ
မြှုပ်နှံအသုံးချသင့်သည် ဆိုသည့် အယူအဆ ဖြစ်သည်။ ၁၈၈၀ ခုနှစ်များအတွင်း
ကြိမ်ဖန်များစွာပင် ကွန်ဂရက်ရှိ လွှတ်တော်တစ်ရပ်မဟုတ် အခြားတစ်ရပ်တွင်
(အထက်လွှတ်တော် သို့မဟုတ် အောက်လွှတ်တော်) ပြည်နယ်များရှိ
အခြေခံမူလတန်းကျောင်းများသို့ မြေရောင်းရ အခွန်တော်ငွေဖြင့်
ထောက်ပံ့ခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ကြသည်။ ၂၀ ရာစု၏ ပထမနှစ်များ
အတွင်းတွင် ဖက်ဒရယ်ထောက်ပံ့ငွေ အမြောက်အမြားဖြင့် အားတက်သရော
ထောက်ပံ့ခဲ့သည့်ပြင် ကွန်ဂရက်က အထွေထွေအခွန် တော်ငွေများကိုပင်
စတင်အသုံးပြု၍ ခွင့်ပြုငွေ ချထားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့်
အခြေခံဥပဒေပါ အထွေထွေ လူမှုဖူလုံရေး အပိုဒ်တွင် ပေးထားသည့် ကျယ်ပြန့်သော
အခွင့်အာဏာကို အသုံးချခဲ့သည်။
သမ္မတ ဟားဗတ်
ဟူးဗား၏ လက်ထက်တွင်လည်း ဆင်းရဲမွဲတေမှု ပပျောက်ရေး ရည်ရွယ်ချက်ဖြင့်
ပြည်နယ်များသို့ ထောက်ပံ့ကူညီငွေများ ခွဲဝေခွင့် ပြုပေးခဲ့သည်။ ရေဘေးသင့်
ကပ်ဆိုက်သော ဒေသများ၊ လယ်ယာသီးနှံ ပျက်စီးဆုံးရှုံးရမှုများကို
ထောက်ပံ့ကူညီမှုများသည် သမ္မတဝုဒရိုး ဝီလဆင် (၁၉၁၃-၂၁) လက်ထက်တွင် စတင်၍
အဆများစွာ တိုးလာခဲ့သည်။ ၁၉၂၀ ခုနှစ်များတွင် ပြည်ထောင်စု (ဝါရှင်တန်) သည်
နိုင်ငံတွင်း ဥပဒေစိုးမိုးရေးကဏ္ဍသို့တိုင် ၎င်း၏ အာဏာကို ဖြန့်ကြက်ခဲ့သည်။ ၁၉၃၃
ခုနှစ်သို့ ရောက်သောအခါ ဖက်ဒရယ်အစိုးရ အနေနှင့် တစ်စုံတစ်ခုသော
ရည်မှန်းချက်အတွက် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်
ငွေသုံးစွဲမှုများအပေါ် ကျယ်ပြန့်သော လုပ်ထုံးလုပ်နည်း ချမှတ်ကျင့်သုံးခွင့်
ရှိသည်ဟု ယူဆသည့် ကိစ္စမှန်သမျှ အားလုံးလိုလို လုပ်ဆောင်နိုင်ရန် လိုအပ်သော
စီရင်ထုံးများမှာ ပြည့်စုံလုနီးပါး ရှိခဲ့လေပြီ။ အမှန်တကယ်အားဖြင့်
ကွန်ဂရက်လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်ချက်ချလိုစိတ် ရှိရန် (ဥပဒေ
ပြဋ္ဌာန်းရန်) နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ‘အများညီ ဤကို
ကျွဲဖတ်ရန်’ (အခြေခံဥပဒေနှင့် ညီညွတ်ပါသည်ဆိုသည့် ဆုံးဖြတ်ချက် ချမှတ်ရန်)
သာ လိုရင်းဖြစ်လေသည်။
ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒ (Cooperative Federalism)
မဟာစီးပွားပျက်ကပ်ကြီး
(Great Depression) က အာဏာပြိုင် ဖက်ဒရယ်ဝါဒကို ရုတ်တရက်
အဆုံးသတ်ပေးလိုက်ပြီး အားကောင်းသော အမျိုးသားအစိုးရ တစ်ရပ်ဆီသို့
ဦးတည်ရွေ့လျားစေလေသည်။ သမ္မတ ဖရန်ကလင်ဒီ ရုစ်ဗဲ့လ်၏ ဆက်ဆံမှု အစီအစဉ်သစ်
(New Deal) ပေါ်လစီများက အမေရိကန် နိုင်ငံသား အားလုံးဆီသို့ အခြားသော
ဖက်ဒရယ် အစိုးရ အစီအစဉ်များထက် ပိုမို၍ သက်ရောက်မှု ရှိခဲ့လေသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုစ်ဗဲ့လ်၏ စီးပွားရေးအ စီအစဉ်
အားလုံးနီးပါးကို ပယ်ချခဲ့ (အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆိုကာ)
သည့်အတွက် သမ္မတက ‘တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြုပြင်ရေး
ဥပဒေကြမ်း ၁၉၃၇’ ကို တင်သွင်းလျက် တရားလွှတ်တော်ချုပ်တွင် တရားသူကြီး
အရေအတွက် ထပ်တိုးရန် လုပ်ဆောင်ခဲ့ရလေသည်။ ဒီမိုကရက်များ လွှမ်းမိုးသည့်
ကွန်ဂရက်နှင့် အဖွဲ့ဝင် တိုးချဲ့လိုက်သည့် တရားလွှတ်တော်ချုပ်တို့က
ရုစ်ဗဲ့လ်၏ ပေါ်လစီများကို မျက်နှာသာပေး၍ အတည်ပြုခဲ့ခြင်းဖြင့် အခြေခံဥပဒေ
အတားအဆီးကို ကျော်ဖြတ်ခဲ့လေသည်။ နိုင်ငံရေးသိပ္ပံ ပညာရှင် သီအိုဒိုလိုဝီ
(Theodore Lowi) က အောက်ဖော်ပြပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏
ဆုံးဖြတ်ချက် ၃ ခုက အာဏာအရွေ့ကို ခိုင်မာစွာ သက်သေပြနေသည်ဟု ဆိုသည်။
- ‘အမျိုးသား အလုပ်သမား ဆက်ဆံရေး ဘုတ်အဖွဲ့’ နှင့် ‘ဂျုံးစ်နှင့် လပ်ဖ်လင် သံမဏိ ကော်ပိုရေးရှင်း’ တို့အကြား ဖြစ်ပွားသည့်အမှု
- ‘ဟဲ့ဗားရင်း’ နှင့် ‘ဒေဗစ်’ တို့အကြား ဖြစ်ပွားသည့်အမှု
- ‘စတီးဝပ် စက်ပစ္စည်း ကုမ္ပဏီ’ နှင့် ‘ဒေးဗစ်’ တို့အကြား ဖြစ်ပွားသည့် အမှုတို့ ဖြစ်ကြသည်။
ဆက်ဆံမှု
အစီအစဉ်သစ်ပါ ပေါ်လစီများကို အကောင်အထည်ဖော်ရန်အတွက် (ဖက်ဒရယ် အစိုးရ)
အမျိုးသားအစိုးရမှာ အဆင့်အသီးသီးရှိ အစိုးရများနှင့်
ပူးပေါင်းဆောင်ရွက်ရတော့သည်။
ဖက်ဒရယ်အစိုးရ အနေနှင့်
မြို့တော်အဆင့်တွင် ပြည်နယ်အစိုးရ၏ ဥပဒေပြုရေးမဏ္ဍိုင်ကို ဖြတ်ကျော်ရန်
‘နိုင်ငံရေး ယန္တရားများ’ (Political Machines) ကို အားထားရသကဲ့သို့
ဒေသဆိုင်ရာ အစိုးရများသည်လည်း အခြားသော အလွှာများကဲ့သို့ တူညီသော အဆင့်အတန်း
အခွင့်အရေး ရရှိကြသည်။ (ဆိုလိုသည်မှာ ဗဟိုအစိုးရ လုပ်ချင်တိုင်းလုပ်၍ မရဘဲ
ပူးပေါင်းတိုင်ပင် ဆောင်ရွက်ခွင့်ရကြခြင်းကို ဆိုသည်။)
ယခင်က
ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အစိုးရများအကြား
လုပ်ပိုင်ခွင့်အာဏာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့မှာ ကွဲကွဲပြားပြား
စည်းခြားထားသကဲ့သို့ ရှိခဲ့သဖြင့် ‘အထပ်သားကိတ်မုန့်’ နှင့်
ခိုင်းနှိုင်းခဲ့ကြပြီး ယခုကဲ့သို့ ခြားနားထားသောစည်းများ မှုန်ဝါးသွားသော
ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဝါဒ (Cooperative Federalism) ကို
‘မာဘယ်ကိတ်မုန့်’ နှင့် တူသည်ဟု ခိုင်းနှိုင်းခဲ့ကြလေသည်။
ပူးပေါင်းဆောင်ရွက်ရေး
ဖက်ဒရယ်ဝါဒတွင် ပြည်ထောင်စုမှ ‘ကူညီရေး ထောက်ပံ့ငွေ’ (Grants in Aid)
အဖြစ် သို့မဟုတ် ‘အမျိုးအစားလိုက် ခွင့်ပြုငွေ’ (Categorical Grants) အဖြစ်
ပေးအပ်ခြင်းဖြင့် ဘဏ္ဍာငွေ သုံးစွဲမှုတွင် ဖက်ဒရယ်အစိုးရက
ပိုမိုချုပ်ကိုင်လာလေတော့သည်။
ဖက်ဒရယ်ဝါဒသစ် (New Federalism)
အခြားသော
လှုပ်ရှားမှုတစ်ခုမှာ ၂၀ ရာစု နောက်ပိုင်း ကာလနှင့် ၂၁ ရာစု အစပိုင်းတွင်
ပေါ်လာသည့် ‘ဖက်ဒရယ် ဝါဒသစ်’ (New Federalism) ဖြစ်သည်။ အဆိုပါ ဝါဒမှာ သမ္မတ
ရော်နယ်ရီဂင် (၁၉၈၁-၈၉) ဦးဆောင်ဦးရွက် ပြုခဲ့သော လုပ်ပိုင်ခွင့်
အာဏာများကို ပြည်နယ်များသို့ တစ်စတစ်စ ပြန်ပေးရေးပင် ဖြစ်သည်။ အဆိုပါ ဝါဒအရ
မူလက ဖက်ဒရယ်အစိုးရ အနေနှင့် ပြည်နယ်များသို့ ကဏ္ဍအလိုက် ခွင့်ပြုငွေများခ
ျထားပေး ခဲ့ပြီး ကန့်သတ်ချက်များအတိုင်း သုံးစွဲရန် အစီအစဉ်များ
ထားရှိခဲ့သော်လည်း ရေဂင်က ပြည်နယ်အစိုးရများသို့ အလုံးအရင်းလိုက်
ခွင့်ပြုငွေများ ချထားပေးခဲ့ပြီး အသေးစိတ်သုံးစွဲမှု အစီအစဉ်ကို ၎င်းတို့ဘာသာ
ဆုံးဖြတ်ဆောင်ရွက်စေခြင်း ဖြစ်လေသည်။
ဖက်ဒရယ် ဝါဒသစ်ကို
တစ်ခါတစ်ရံ ‘ပြည်နယ်များ၏ အခွင့်အရေး’ ဝါဒ (States’ Rights) ဟု
ခေါ်ဝေါ်သုံးစွဲသော်လည်း ၎င်းတို့တွင် ပါဝင်သော အတွင်းသဘောများမှာ
ကွဲပြားခြားနားပါသည်။ ၂၀ ရာစု အလယ်ပိုင်းလောက်က ပေါ်ခဲ့သော ပြည်နယ်များ
အခွင့်အရေး လှုပ်ရှားမှု (States’ Rights Movement) မှာ နိုင်ငံသားအခွင့်အရေး
လှုပ်ရှားမှု (States’ Rights Movement) ကို ဗဟိုချက်အဖြစ်ထားခြင်း ဖြစ်သည်။
ဖက်ဒရယ်သစ် လှုပ်ရှားမှုမှာကား စီးပွားကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အပိုဒ် သို့မဟုတ် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍကို
ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်သာ သက်ဆိုင်လေသည်။
ရော်နယ်ရေဂင်၏
‘ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်း တော်လှန်ရေး’ (Devolution Revolution)
ဆိုသည့် ဖက်ဒရယ် ဒီမိုကရေစီသစ်မှာ ၁၉၈၀ ခုနှစ် အစပိုင်းမှ ၂၀၀၁
ခုနှစ်လောက်ထိသာ ရှည်ကြာခဲ့လေသည်။
ရဲထွန်း (သီပေါ)
စာကိုး - Wikipedia; Federalism in the United States
http://thevoicemyanmar.com/opinion/2734-amf မှ ကူးယူထားပါသည်။