ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းအပြည့်အစုံ
စက်တင်ဘာ
၁၉ ရက်က မိန့်ခွန်းပြောကြားရန် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ
ကွန်းဗင်းရှင်းဗဟိုဌာန(၂)သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ −
စိုင်းဇော်)
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုပ်ငန်းစဉ်စိန်ခေါ်မှုတွေကတစ် ခုမှလွယ်ကူတာ၊
ဒါမှမဟုတ်ရိုးရှင်းတာမျိုး မရှိပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့
ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ ရာစုနှစ်ဝက်လောက်
ဖိနှိပ်အုပ်ချုပ်မှုခံခဲ့ရတဲ့ အခြေအနေကနေ ပြောင်းလဲနေရတာ ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်မတို့ဟာ နိုင်ငံကို မြေတောင်မြှောက်ပြုပြင်နေတဲ့ အဆင့်မှာပဲ
ရှိသေးပြီး ပြီးပြည့်စုံတဲ့ ဒီမိုကရေ စီမျိုး မဟုတ်သေးပါဘူး။
၁၉၄၈ မှာ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇၀ နီးပါး လောက် ပြည်တွင်းပဋိပက္ခတွေ ကြုံခဲ့ရတဲ့နောက် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး ဆိုတာတွေက ကျွန်မတို့ ကြိုးကြိုးစားစား အရယူရမယ့်အရာတွေ ဖြစ်လာပါတယ်။ ငြိမ်းချမ်းမှု၊ တည်ငြိမ် အေးချမ်းမှုတွေရှိလာရင် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာမှာပါ ပဲ။ ဒီမိုကရေစီတန်ဖိုးတွေကို ပြုစု ပျိုးထောင်တာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်တာ၊ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်တာတွေ အား လုံးဟာ ပြည်သူအားလုံးအတွက် တစ်ပြေးညီ ဖြစ်စေရပါမယ်။
မြန်မာနိုင်ငံရဲ့ အနေအထား ဟာ ရှုပ်ထွေးပါတယ်။ ဒါကို ရှင်တို့ အားလုံးလည်း အသိပါ။ အဲဒီလို ရှုပ်ထွေးတဲ့ အခြေအနေမျိုးမှာ ကျွန်မတို့က ဒီစိန်ခေါ်မှုတွေ အားလုံးကို အချိန်တိုလေးအတွင်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထင်မှတ်မှုတွေက လာပေါင်းစပ်ထား တယ်။ ဒီနေ့ ကျွန်မ ရှင်တို့ကို ပြန်သတိပေးချင်ပါတယ်။ ကျွန်မတို့အစိုးရတက်လာတာ ၁၈ လတောင်မရှိသေးပါဘူး။ နှစ်ကုန်ပိုင်းမှ ၁၈ လလောက်ပဲ ရှိဦးမှာပါ။ ၁၈ လဆိုတာ တိုတောင်းတဲ့ ကာလတစ်ခု ပါ။ အဲဒီအတောအတွင်းမှာ စိန် ခေါ်မှုအားလုံးကို ကျော်လွှားဖို့ ကျွန်မတို့ လုပ်ပြနိုင်မယ်ဆိုတဲ့ မျှော်လင့်စောင့်ကြည့်မှုတွေ ရှိနေ ပါတယ်။
နိုင်ငံစုံ အသိုက်အဝန်းရဲ့ ရပ်တည်မှုမျိုးကို ကျွန်မ ယုံကြည်ပါ တယ်။ ကျွန်မအနေနဲ့ ပြဿနာ တွေအပေါ် နားလည်မှုထားပေး ပြီး ကျွန်မတို့ကို စာနာနိုင်တဲ့ မိတ်ဆွေကောင်းတွေ အားလုံးနဲ့ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကဏ္ဍတွေ မှာ မျှဝေလုပ်ဆောင်သွားဖို့ ပြင် ဆင်နေပါတယ်။ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုဟာ ရခိုင်ပြည်နယ်အ ခြေအနေတွေအပေါ် စူးစိုက်ကျရောက်နေတယ်ဆိုတာကို ကျွန်မ လည်း သဘောပေါက်ပါတယ်။ မနှစ်တုန်းက ကုလသမဂ္ဂအထွေ ထွေ ညီလာခံမှာ ကျွန်မ ပြောခဲ့ဖူးသလိုပါပဲ။ အဖွဲ့ဝင်နိုင်ငံတစ်ခုအ နေနဲ့ မြန်မာဟာ နိုင်ငံတကာရဲ့ စူးစမ်းပါဝင်မှုကို မကြောက်ပါ ဘူး။ ကျွန်မတို့ဟာ နိုင်ငံတွင်းကလူ့အသိုက်အဝန်းအားလုံးအ တွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေဆီ ဦးတည်နေတဲ့ ဖြေရှင်းမှုတွေကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီ လာခံမှာ ကျွန်မ စကားပြောပြီး ၁၈ ရက်အကြာ အောက်တိုဘာ ၉ ရက်မှာ လက်နက်ကိုင် မွတ်စလင်အဖွဲ့တွေက ရဲတပ်ဖွဲ့စခန်းသုံးခု ကို တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၁ နဲ့ နိုဝင်ဘာ ၁၂ ရက်တွေမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဒီပဋိပက္ခတွေ အ တောအတွင်းမှာ အသက်အိုးအိမ် တွေ ဆုံးရှုံးခဲ့တယ်။ ကျေးရွာတွေမီးရှို့ဖျက်ဆီးခံရတယ်။ ပဋိပက္ခ
နယ်မြေက ဒေသခံတွေ နေရပ်စွန့် ခွာ ထွက်ပြေးကြရတယ်။ မွတ်စလင်တွေအများကြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ခဲ့ကြ တယ်။
အဲဒီဖြစ်စဉ်တွေ နောက်ပိုင်းမှာ အစိုးရဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒေသခံမွတ်စလင်နဲ့ ရခိုင်လူ့အဖွဲ့အစည်းတွေကြား သဟ ဇာတဖြစ်ရေးတွေ ပြန်လည်ဖော် ဆောင်ဖို့ အစွမ်းရှိသမျှ အားထုတ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ် တွေ မတိုင်ခင်ကတည်းက ကျွန်မတို့ဟာ ရခိုင်ပြည်နယ်မှာ တရား ဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဗဟိုကော်မတီတစ်ခု ဖွဲ့ခဲ့တယ်။ ရခိုင်မှာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ထား တဲ့ ကော်မရှင်ကို ဦးဆောင်ဖို့ ဒေါက်တာကိုဖီအာနန်ကို ဖိတ် ကြားခဲ့တယ်။
ဒါပေမဲ့ အဲဒီလို အစွမ်းကုန်ဆောင်ရွက်မှုတွေ ရှိနေခဲ့တဲ့တိုင် အရှုပ်အထွေးတွေ ပေါ်ပေါက်လာတာကို ကျွန်မတို့ မတားဆီးနိုင်ခဲ့ ပါဘူး။ မနှစ်ကစလို့ တစ်နှစ်လုံးကျွန်မတို့ဟာ ဖွံ့ဖြိုးရေး၊ ငြိမ်း ချမ်းမှုနဲ့ သဟဇာတဖြစ်အောင် နေ ထိုင်မှုတွေ ဖော်ဆောင်မယ့်အစီ အစဉ်တွေကို ရှေ့ဆက်အကောင် အထည်ဖော်ခဲ့တယ်။ လပေါင်း အတော်ကြာတဲ့အထိ ငြိမ်းငြိမ်း ချမ်းချမ်း ငြိမ်ငြိမ်သက်သက်ရှိခဲ့ ပေမယ့် ဩဂုတ် ၂၅ ရက်မှာတော့ရဲတပ်ဖွဲ့ စခန်း ၃၀ နဲ့ တောင်ဘဇာ ကျေးရွာမှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို လက်နက်ကိုင် အဖွဲ့တွေက စီးနင်းတိုက်ခိုက် ခဲ့ပါ တယ်။ ဒီတိုက်ခိုက်မှုတွေရဲ့ အ ကျိုးဆက်အဖြစ် အစိုးရဟာ အ ကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပိုဒ် ၆၊ အပိုဒ်ခွဲ ၅ နဲ့အညီ ARSAနဲ့ ထောက်ခံသူတွေကို အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် ကြေညာ ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အခြေအ နေတွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စိုးရိမ်မှုတွေ ရှိနေပါလိမ့် မယ်။ မြန်မာအစိုးရအနေနဲ့ ဒါကိုအပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားမဲ့အကြမ်းဖက်မှု တွေအားလုံးကို ကျွန်မတို့ ရှုတ်ချပါတယ်။ ရခိုင်မှာ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတွေ ပြန်လည်ဖော်ဆောင်ဖို့ ကျွန်မတို့ ဆက်လက်ဆောင်ရွက် နေဦးမှာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကိုလည်း ဥပဒေစည်းမျဉ်း တွေနဲ့အညီ ကြပ်မတ်ဆောင်ရွက် ဖို့၊ ဘေးထွက်သက်ရောက်ထိခိုက် မှုတွေကို ရှောင်ရှားဖို့၊ အပြစ်မဲ့ ပြည်သူတွေကို အန္တရာယ်ပြုမိတာမျိုး မဖြစ်စေဖို့ ထိန်းသိမ်းကိုင် တွယ်နိုင်အောင် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက် မှုတွေအပြင် တည်ငြိမ်ရေးနဲ့ ညီညွတ်အေးချမ်းမှုကို နှောင့်ယှက်တဲ့ အပြုအမူတွေ မှန်သမျှကိုတရားဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားပါမယ်။ ပဋိပက္ခတွေမှာ ကြားညပ်ပြီး ဒုက္ခရောက်ခဲ့ရသူ အားလုံးအတွက်ကျွန်မတို့ အလေးအနက် ဝမ်းနည်းမိပါတယ်။ နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးကြရ သူတွေ အများကြီးပါ။ မွတ်စလင်တွေတင်မကပါဘူး။ ရခိုင်တိုင်းရင်းသားတွေ၊ လူနည်းစုဖြစ်တဲ့ ဒိုင်းနက်၊ မြို၊ သက်၊မရမာကြီးနဲ့ ဟိန္ဒူတွေလည်း ပါပါတယ်။ ဒါတွေကို နိုင်ငံတကာက သိပ်ပြီး သတိမထားမိသလို ဖြစ်နေတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက ဩဂုတ် ၂၇ ရက်ကစပြီး လူသားချင်းစာနာမှု အထောက်အပံ့ အကူအညီတွေ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာထောက်ပံမှု အစီ အစဉ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို လည်း ဧည့်သည်တော်တွေ သိခွင့်ရမှာပါ။
ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပေးကော်မရှင်ရဲ့ အပြီး သတ်အစီရင်ခံစာကို ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နောက်ဆုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဟာ ကော်မရှင်ရဲ့ ထောက်ခံအကြံပြုချက်တွေကို လိုက်နာအကောင် အထည်ဖော်ဖို့ ဆန်းစစ်သုံးသပ် နေတာပါ။ ဒီထောက်ခံဖော်ပြ ချက်တွေမှာ ဦးစားပေးကဏ္ဍကကာလတိုအတွင်းမှာ ရခိုင်ပြည် နယ်ရဲ့ အခြေအနေတွေ မြန်မြန်ဆန်ဆန် တိုးတက်ဖွံ့ဖြိုးလာရေး ကို အသားပေးဆောင်ရွက်ဖို့ဖြစ် ပါတယ်။ တခြားထောက်ခံ အကြံပြုချက်တွေမှာတော့ ကျွန်မတို့ အချိန်ယူပြီး အကောင်အထည်ဖော် ဖို့ လိုပါတယ်။ ထောက်ခံတင်ပြ ချက်တွေထဲက ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ သဟဇာတရှိစွာ စုပေါင်းနေထိုင်နိုင်ရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် အကျိုးရှိနိုင်မယ့် ကိစ္စတိုင်းကို ဖြစ်နိုင်သမျှအချိန်တိုအတွင်း အကောင်အ ထည် ဖော်သွားမှာပါ။
အစိုးရဟာ အခြေအနေတွေ ကို ပုံမှန်ပြန်ဖြစ်လာအောင် ဆောင်ရွက်နေပါတယ်။ စက်တင်ဘာ ၅ ရက်ကစပြီး ပဋိပက္ခတွေထပ်မဖြစ်သလို နယ်မြေရှင်းလင်း မှု စစ်ဆင်ရေးတွေလည်း မရှိပါ ဘူး။ ဒါပေမဲ့ မွတ်စလင်တွေ တော်တော်များများ နယ်စပ်ကို ဖြတ် ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ပေါ်နေတဲ့အတွက် ကျွန်မတို့ စိုးရိမ်မိပါတယ်။ အခုလို ထွက်ပြေး တိမ်းရှောင်မှုတွေက ဘာကြောင့် ဖြစ်ရတာလဲ။ ကျွန်မတို့ အဖြေရှာကြည့် လိုပါတယ်။ ထွက်ပြေးနေတဲ့ သူတွေရော ဆက်နေတဲ့ သူတွေကိုပါ ကျွန်မတို့ စုံစမ်းမေးမြန်း စကားပြောကြည့်ချင် တယ်။ မွတ်စလင်အများစုဟာ ထွက်ပြေးကြတဲ့အထဲမှာ မပါပါ ဘူး။ ဒီအကြောင်းကို သိကြတာ အတော်နည်းတယ် ထင်ပါတယ်။
မွတ်စလင် ကျေးရွာပေါင်း ၅၀ ကျော်လောက်က ပကတိအ တိုင်း ဆက်ရှိနေပါတယ်။ တိုက် ခိုက်မှုတွေ စမဖြစ်ခင်ကတည်းက အခြေအနေအတိုင်းပါပဲ။ ဒီတော့ဘာကြောင့်လဲဆိုတာ ကျွန်မတို့ သိချင်တယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေတင်မကဘဲ ပြဿနာ မရှိတဲ့ ဧရိယာတွေကိုပါ လိုက် ကြည့်ဖို့ လိုလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီပြဿနာတွေကို ဒီနေရာတွေမှာကျတော့ ဘာ ကြောင့် ရှောင်ရှားနိုင်သလဲ။
ဒါကြောင့် သံတမန် အသိုက်အဝန်းကို ကျွန်မတို့ ဖိတ်ခေါ်ချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေ တကျ အောင်အောင်မြင်မြင် နေ ထိုင်နိုင်တဲ့ မွတ်စလင်တွေနဲ့ပတ် သက်ပြီး ကျွန်မတို့ရဲ့ အားထုတ်သင်ယူမှုကို သံတမန်အသိုက်အ ဝန်းက အဖွဲ့ဝင်တွေ လာရောက် ပူးပေါင်းဖို့ပါ။ ကျွန်မတို့ရဲ့ အားထုတ်မှုမှာ လာပူးပေါင်းဖို့ စိတ်ဝင် စားတယ်ဆိုရင် ကျွန်မတို့ကို အသိပေးပါ။ အဲဒီ ဧရိယာတွေကို ရှင်တို့သွားရောက်နိုင်ဖို့ စီစဉ်ပေးပါ့ မယ်။ ဝရုန်းသုန်းကား ဖြစ်ပျက် နေတဲ့ အနေအထားမှာ သူတို့တွေကျတော့ ဘာဖြစ်လို့ ထွက်မပြေး သလဲ၊ သူတို့ရဲ့ ရွာထဲမှာ ဆက်နေ ဖို့ ဘာကြောင့် ရွေးချယ်ခဲ့ကြသလဲ ဆိုတာကို ရှင်တို့ကိုယ်တိုင် မေး ကြည့်နိုင်ပါတယ်။
ပြည်သူတွေရဲ့ ထိတ်လန့်မှု ကို နှစ်သိမ့်ဖြေလျှော့စေမှုအပြင် ကျွန်မတို့အနေနဲ့ ရခိုင်မှာ လူမှုစီးပွားရေးဖွံ့ဖြိုးမှု အစီအစဉ်တွေကို လည်း ဆက်လက်အကောင်အ ထည် ဖော်နေတယ်ဆိုတာကို ပြောပြလိုပါတယ်။ အဲဒီထဲက တချို့ကို ရှင်းပြပါရစေ။ ရခိုင်ပြည်နယ်လူမှုစီးပွားရေး ဖွံ့ဖြိုးမှုအစီအစဉ် (၂၀၁၇-၂၀၂၁)ကိုရေးဆွဲပြီး ဒေသရဲ့ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးအတွက် စီစဉ်နေပါတယ်။ ပုဂ္ဂလိက- အစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အရေးသစ်တွေ အများအပြား ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အထူးစီးပွားရေးဇုန် စီမံကိန်းသစ် ဖော်ဆောင်မှုဟာ အလုပ်အကိုင်သစ်တွေ၊ စီးပွားရေးလုပ်ငန်းသစ်တွေကို ယူဆောင်လာပေးနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေး ကဏ္ဍတွေကိုလည်း မြှင့်တင် ဆောင်ရွက်နေပါတယ်။ လမ်းသစ်တွေ ဖောက်လုပ်ပြီး တံတားသစ်တွေလည်း တည်ဆောက်နေပါ တယ်။ အဲဒီထဲမှာ အရင်ကဆိုရင် လှေနဲ့ပဲ သွားလာလို့ရပြီး ဝေးလံသီခေါင်လွန်းတဲ့ ဒေသတွေထိ ဆက်သွယ်နိုင်တဲ့ အဝေးပြေး လမ်းမအသစ်ကြီး တည်ဆောက် မှုလည်း ပါဝင်ပါတယ်။
ခွဲခြားဆက်ဆံမှုမရှိဘဲ ရခိုင် ပြည်နယ်မှာ နေထိုင်သူအားလုံး ပညာရေးနဲ့ ကျန်းမာရေး အ ထောက်အပံ့တွေ ရရှိနိုင်ကြ တယ်။ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် ဝေးလံခေါင်သီ တဲ့ နေရာတွေထိ မိုဘိုင်းဆေးကု ခန်းတွေနဲ့ သွားရောက် ကုသပေးဖို့ အစိုးရကပံ့ပိုးပေးနေတယ်။ အစိုးရအနေနဲ့ ရခိုင်က ကျောင်း ပေါင်း ၃၀၀ လောက်ကို အဆင့် မြှင့်တင်ပေးခဲ့တယ်။ အသက်မွေး သင်တန်းတွေနဲ့ နည်းစနစ်လေ့ ကျင့်မှု အစီအစဉ်တွေလည်း စတင်နေပြီ။ မွတ်စလင် ကလေး ငယ်တွေအနေနဲ့လည်း ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးမှ မကြုံရဘဲ အထက်တန်းပညာရေးကို သင်ကြားခွင့်ရှိနေတယ်။ ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု မတိုင်ခင်ထိ အခင်းဖြစ်တဲ့ ဧရိယာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ဖြန့်ကျက် ပေးပို့ထားနိုင်ခဲ့ ပါတယ်။
ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီး ပြောရ ရင် စခန်းသုံးခုကို ပိတ်ခဲ့ပြီးပါပြီ။ အိမ်အသစ်တွေ တည်ဆောက်မှု အပါအဝင် လိုအပ်တဲ့ အကူအညီမှန်သမျှကိုလည်း ထောက်ပံ့ပေး ထားပါတယ်။ အဲဒီ ဧရိယာမှာ နောက်ထပ် လုပ်စရာတွေ ကျန်နေပါသေးတယ်။ ကျွန်မတို့အနေနဲ့ အဲဒီဒေသမှာ ကြုံနေရတဲ့ စိန်ခေါ်မှု အခြေအနေတွေကို ကောင်း ကောင်း သဘောပေါက်ပါတယ်။
မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံသား ခံယူခွင့်ကိစ္စနဲ့ပတ်သက်ပြီး ပြောရရင် နိုင်ငံသားမှတ်ပုံတင် ဆန်းစစ်ကိုင်တွယ်မှု လုပ်ငန်းအတွက် မဟာဗျူဟာအချိန်ကာလတစ်ခု သတ်မှတ်ပြီး တိုးတက်မှုတွေ ရှိလာအောင် ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ဒီလုပ်ငန်းစဉ်မှာလူ့အသိုက်အဝန်း အားလုံးရဲ့ ပူးပေါင်းမှု လိုပါတယ်။ တချို့မွတ်စလင်အသိုက်အဝန်းမှာ ခေါင်းဆောင်ပိုင်းက အခုလို ဆန်းစစ်မှု လုပ်ငန်းစဉ်မှာ မပူး ပေါင်းဘူးလို့ ဆုံးဖြတ်ကြတယ်။ ဒီလုပ်ငန်းစဉ်မှာ သူတို့တွေ ဝင်ရောက်ပူးပေါင်းဖို့ ကူညီဆွဲဆောင် ပေးနိုင်မယ်ဆိုရင် မိတ်ဆွေတွေ ကို ကျွန်မတို့ ကျေးဇူးတင်မိမှာပါ။ ဒီအတွက် သူတို့မှာ ဘာမှ နစ်နာ စရာ မရှိပါဘူး။
ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေကြားမှာ အဆင်ပြေလိုက် လျောညီထွေ နေထိုင်မှုကို မြှင့်တင်ဖို့အတွက် ဘာသာပေါင်းစုံ အ သိုက်အဝန်းတွေနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ စာသင်ကျောင်းတွေမှာ ကျင့်ဝတ်၊အတွေးအမြင်၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို အခြေခံတဲ့နည်းလမ်းသစ်နဲ့ သင်ကြားပို့ချမှု တွေ စတင်မိတ်ဆက် ပြဋ္ဌာန်းထား ပါတယ်။ ရေဒီယိုလိုင်း တစ်ခုကို လည်း ထူထောင်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်၊ ပညာရေးအစရှိတဲ့ ကိစ္စအဝဝကို လူ့အသိုက် အဝန်း အားလုံးအတွက် သတင်းအချက်အလက် ထောက်ပံ့ပေးနေပါတယ်။ အဲဒီ ရေဒီယိုလိုင်းကို ရခိုင်၊ ဘင်္ဂါလီ၊ မြန်မာ ဘာသာ တွေနဲ့ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်မှု၊ စွမ်းဆောင်ရည် တည်ဆောက်မြှင့် တင်မှု အပိုင်းမှာ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ လက်အောက်ခံအေ ဂျင်စီတွေနဲ့ ပူးပေါင်းပြီး လုပ် ဆောင်နေပါတယ်။ ၂၀၁၆ ဒီဇင်ဘာကစပြီး ပြည်တွင်းနဲ့ နိုင်ငံ တကာမီဒီယာတချို့ဟာ ရခိုင်ပြည်နယ်မှာ အရင်ကဝင်ရောက် ခွင့် ပိတ်ပင်ထားတဲ့ နယ်မြေတချို့ကို စတင်သွားလာ ဝင်ရောက်ခွင့်
ရလာပါပြီ။ ဩဂုတ် ၂၅ ရက် တိုက်ခိုက်မှု ကြုံခဲ့ပြီးချိန်မှာတောင် မီဒီယာတချို့ကို အခင်းဖြစ်ရာ ဒေသတွေဆီ သွားရောက်နိုင်ဖို့ ကျွန်မတို့ စီစဉ်ပေးခဲ့ပါတယ်။
အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးကိုလည်း ပိုမိုမြှင့်တင်ဖို့ ကြိုးကြိုးစားစား ဆောင်ရွက်နေပါတယ်။ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေး အကြံပေးတို့က အခုနှစ် ဇန်နဝါရီနဲ့ ဇူလိုင်လတွေမှာ ဘင်္ဂလားဒေ့ရှ်ကို အလည်အပတ် သွားရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးရဲ့ အလည်အပတ် ခရီးစဉ်ကိုလည်း မျှော်လင့်ထားခဲ့ပေမယ့် အကြောင်းကိစ္စ တချို့ကြောင့် ရွှေ့ဆိုင်းသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က သူ့ကို အချိန်မရွေး ကြိုဆိုနေမှာ ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံကို ဘယ်အချိန်မှာမဆို လာခွင့်ရှိပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကို မြှင့်တင်လုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ မျှော်လင့်နေပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ကူးပြောင်းသွားတဲ့ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်မတို့က နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို အချိန်မရွေး စတင်နိုင်အောင် ပြင်ဆင်နေပါတယ်။ ၁၉၉၃ လောက်ကတည်းက ဒီလုပ်ငန်းစဉ်ကို နှစ်နိုင်ငံ သဘောတူအချက်အလက် တွေပေါ် အခြေခံသတ်မှတ်ထား တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာဖို့ ဆန္ဒရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး စိစစ်မှုကို ကျွန်မတို့ ဆက်လက် လုပ်ဆောင်နိုင်မှာပါ။
အဲဒီအချိန်တုန်းက ထားရှိတဲ့ သဘောတူညီမှု အချက်အလက်တွေကို ကျွန်မတို့ ဆက်လက် လိုက်နာကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအကြံပေးကလည်း ဘင်္ဂလားဒေ့ရှ်ကို အာမခံခဲ့ပြီးသားပါ။ ဒါကိုအခု ကျွန်မကိုယ်တိုင် အတည်ပြု ပါတယ်။ ကျွန်မတို့ရဲ့ စိစစ်ရေး လုပ်ငန်းစဉ်တွေကို စတင်ဖို့အ သင့်ရှိနေပါပြီ။ ဒီနိုင်ငံရဲ့ စံနှုန်းအရ ဒုက္ခသည်အဖြစ် စိစစ်လက် ခံနိုင်လောက်တဲ့ ဘယ်သူမဆို ဘာပြဿနာမှမရှိဘဲ ပြန်လက်ခံပါ မယ်။ ပြီးတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုထောက်ပံ့ ရေး ကိစ္စတွေအတွက် အပြည့်အဝအာမခံချက်ပေးမှာပါ။
ထွက်ပြေးသွားတဲ့ ဒုက္ခသည် တွေနေထိုင်ခဲ့တဲ့ ကျေးရွာတွေကို မီးတင်ရှို့နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံး က ကျွန်မတို့ရဲ့ မိတ်ဆွေတွေ စိုး ရိမ်နေမယ်ဆိုတာကို နားလည်ပါ တယ်။
ကျွန်မ အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ စက်တင်ဘာ ၅ ရက်နောက်ပိုင်းမှာ ဘာပဋိပက္ခ၊ ဘာနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမှ မရှိပါဘူး။ ကျွန်မတို့လည်း စိုးရိမ်ပါတယ်။ တကယ့်ပြဿနာက ဘာလဲဆိုတာ အဖြေထုတ်ဖို့ လိုလာပါတယ်။ စွပ်စွဲမှုတွေ၊ တန်ပြန်စွပ်စွဲ မှုတွေ အမျိုးမျိုးဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ကျွန်မတို့ နား ထောင်ရမယ်။ အဲဒီနောက်မှာ တော့ စွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထားတွေပေါ် အခြေခံပြီး ထွက်ပေါ်လာသလားဆိုတာ ကို ဆန်းစစ်ပြီးမှ အရေးယူဆောင် ရွက်မှုတွေ လုပ်လို့ရမှာပါ။ အရေးယူမှု ဆိုတာကလည်း လူတစ်ဦး ချင်းရဲ့ ဘာသာတရား၊ လူမျိုး၊ ဒါမှမဟုတ် နိုင်ငံရေးခံယူမှု အစရှိတာ တွေ အားလုံးကို ဘေးဖယ်ပြီး ဥပဒေနဲ့ မညီညွတ်ဘဲ လူ့အခွင့် အရေး ချိုးဖောက်မှုတွေရှိခဲ့ရင် နိုင်ငံတကာ အသိုက်အဝန်းက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုင် တွယ်ရမှာပါ။
ဒီနိုင်ငံမှာ လူ့အခွင့်အရေး ကိစ္စနဲ့ပတ်သက်ရင် ဘယ်တုန်းက မှ ကျွန်မတို့ လျှော့လျှော့ပေါ့ပေါ့ မလုပ်ခဲ့ပါဘူး။ ကျွန်မတို့ အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်နေတဲ့ အစုအဖွဲ့တစ်ခုအနေ နဲ့ ရပ်တည်ခဲ့တာပါ။ ဒါဟာ အ သိုက်အဝန်းတစ်ခုရဲ့ အခွင့်အရေးကို ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံပိုင်နက် နယ်နိမိတ်ထဲက လူသားအားလုံးရဲ့ အခွင့်အရေး ကို ပြောနေတာပါ။
ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အာရုံစိုက်နေ ကြတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံအနောက်ပိုင်းက ဖြစ်ရပ်တွေနည်း တူ အလေးအနက် သဘောထားရ မယ့် တခြားပြဿနာတွေလည်း ရှိနေသေးတာကို သတိပေးပါရ စေ။ ကျွန်မတို့ဟာ ပြည်တွင်းပဋိ ပက္ခတွေကို ကျော်လွှားပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစား နေတာပါ။ ရှည်ကြာတည်တံ့ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အ ထောက်အကူဖြစ်စေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆိုလိုတာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ ရှင်တို့ကို ကျွန်မဖိတ် ခေါ်လိုပါတယ်။ ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ ပြဿနာဆိုးတွေအတွက် ဖြေရှင်းမှုတွေ ကူညီရှာဖွေဖို့ ကျွန်မတို့ နဲ့ လာရောက်ပူးပေါင်းစေလိုပါ တယ်။ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လက အစပြုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်ကို ရှေ့ဆက် ဆောင်ရွက်နေဆဲပါ။ အခက်အခဲတွေ လည်း အများကြီးကြုံနေရပါ တယ်။
ဒါကို ကျွန်မ မအံ့ဩပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးက ဘယ်နေရာမှာမဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ အခက်အခဲ တွေ အများကြီးကို ကျော်ဖြတ်ရတာကြောင့် ဖြစ်ပါတယ်။ တစ်ခါ တလေ တိုးတက်မှုတွေက ဆုတ်ယုတ်သွားလေ့ရှိတယ်။ တစ်ခါ တလေ လမ်းပိတ်သွားတယ်။ တစ်ခါတလေကျပြန်တော့ တည် ဆောက်ထားသမျှ ပြိုကွဲသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဆုံးသတ် မှာတော့ အားလုံးစုပေါင်းပြီး ရှေ့ဆက်ကြရပါတယ်။ ယေဘုယျအားဖြင့်တော့ ကျွန်မတို့ အားလုံး ဟာ စစ်ပွဲထက် ငြိမ်းချမ်းရေးကို ပိုလိုလားကြသူတွေပါ။ ပဋိပက္ခ တွေထက် ညီညီညွတ်ညွတ်ရှိမှုကို လိုချင်ကြပါတယ်။ ဒီခံယူချက်က ကျွန်မတို့ ပြည်သူ အားလုံးဆီမှာ တူတူညီညီရှိကြပါတယ်။
ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ညီညွတ်မှုနဲ့ တိုးတက်မှုဆိုတာတွေ က ချဲ့ကားနေရမဲ့ လုပ်ငန်းစဉ် တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ခက်ခဲပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အမှားအယွင်းတွေကို ပြင်ဆင်တဲ့ ရှေ့ဆက်ဆောင်ရွက်မှုတွေမှာ ကျွန်မတို့ရဲ့ ပြဿနာတွေ၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေအပေါ် နားလည်မှုထားပေးတဲ့၊ စာနာပေးကြတဲ့ မိတ်ဆွေတွေကိုလည်း ကျွန်မတို့နဲ့ အတူ လာရောက် ပူးပေါင်းဖို့ တောင်းဆိုလိုပါတယ်။ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေးအတွက်၊ ညီညွတ်ရေးအတွက် အပေါင်းလက္ခဏာဆန်တဲ့၊ ကောင်းကျိုးဖြစ် ထွန်းတဲ့ လမ်းကြောင်းသစ်တွေ ကူ ညီရှာဖွေဖို့ လာရောက်ပူးပေါင်း ပေးကြပါ။ ရှင်တို့အနေနဲ့ ကျွန်မတို့ရဲ့ နိုင်ငံနဲ့ပတ်သက်ပြီး ကြည့်တဲ့အခါ တစ်နိုင်ငံလုံးကို ခြုံပြီးကြည့်စေချင်ပါတယ်။ ပဋိပက္ခတွေ ကြုံနေတဲ့ ဧရိယာလေးတစ်ခုတည်း ကိုပဲ ကွက်ပြီးကြည့်နေတာမျိုးက မသင့်တော်ပါဘူး။ ကျွန်မတို့ တိုး တက်လာအောင် ဆောင်ရွက်ရမှာ က တစ်နိုင်ငံလုံးအတွက် ဖြစ်ပါ တယ်။
ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်နဲ့ ဥပမာပေးပြီး ပြောပါ ရစေ။ ကျန်းမာသန်စွမ်းတဲ့သူ တစ်ယောက်ဟာ ခြုံပြီးကြည့်ရင် ကျန်းမာနေမှာပါပဲ။ အသေးအမွှားဖျား နာမှုလေးတစ်ခုကိုပဲ အလေးထားနေပြီး သူ့ရဲ့ ပုံမှန်ကျန်းမာရေး ကောင်းမွန်မှုကို မျက်ကွယ်ပြု ထားလို့ မရဘူးလေ။ ကျန်းမာရေး နဲ့ ဘာကြောင့် ဥပမာပေးရသလဲ ဆိုရင် ဒါဟာ ကျွန်မတို့ အစိုးရ တာဝန်ယူပြီးနောက်ပိုင်း အသိ သာဆုံး တိုးတက်လာတဲ့ ကဏ္ဍတစ်ခု ဖြစ်နေတာကြောင့်ပါ။ ပြည်သူ့ကျန်းမာရေးကို အလေးအနက် အာရုံစိုက်ဆောင်ရွက်နေရင်း တခြားသော ကျန်းမာရေးပြဿ နာတွေကိုပါ ပိုမိုကောင်းမွန် အောင် ကိုင်တွယ်ဖြေရှင်းလာနိုင် တာ တွေ့ရပါတယ်။ ဥပမာပြော ပါမယ်။ တစ်နှစ်အတွင်းမှာ HIV ရောဂါပိုးနဲ့ ဆက်စပ်ပြီး သေဆုံးသူ အရေအတွက်ကို ထက်ဝက်ထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါဟာ HIV-AIDS ရောဂါနဲ့ပတ်သက်ပြီး အာရုံစိုက်ခဲ့တာ တစ်ခုတည်း ကြောင့် မဟုတ်ပါဘူး။ ပြည်သူ့ ကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံး ကို ဆောင်ရွက်နေရင်း ဖြစ်ပေါ် လာတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ပြည်သူတွေနဲ့ လူ့အသိုက်အဝန်း အားလုံးရဲ့ ကျန်းမာရေးကို ပြော တာပါ။
ကျွန်မတို့ နိုင်ငံကို အဲဒီလို အမြင်မျိုးနဲ့ ကြည့်စေချင်တာပါ။ သက်တမ်းနုနယ်ပြီး ထိလွယ်ရှ လွယ်တဲ့ ဒီမိုကရေစီမျိုးဖြစ်တဲ့အ ပြင် ပြဿနာပေါင်း မြောက်မြား စွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အဲဒီပြဿနာ အားလုံးကို တစ်ပြိုင်တည်းကိုင် တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဘက်ပေါင်းစုံ တစ်ပြိုင်တည်း ကိုင်တွယ်လုပ် ဆောင်ခဲ့တဲ့ သဘောမျိုးပါပဲ။ ကိစ္စ အနည်းအကျဉ်းလောက်ကိုပဲ အာ ရုံစိုက်နေလို့ မရပါဘူး။ ဒီတော့ ရှင်တို့မှာ နည်းလမ်းသစ်တွေ၊ ဖြေရှင်းမှုသစ်တွေ၊ ပိုအကျိုးဖြစ်ထွန်းတာ၊ ပိုပြီးအပေါင်းလက္ခဏာဆန် တာ၊ ပိုပြီးဆန်းသစ်တီထွင်ထား တာ၊ ပိုပြီးရဲရင့်ထက်သန်တာတွေ ရှိခဲ့ရင် ကျွန်မတို့နဲ့ လာရောက်ပူးပေါင်းပေးပါ။ ကျွန်မတို့ရဲ့ ပြဿနာတွေကို ခပ်မြန်မြန်မဖြေရှင်းနိုင်ဘူးဆိုတာဟာ လုံးဝဥဿုံ မဖြေရှင်းနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရ တဲ့ ဒုက္ခတွေ အချိန်ပိုကြာနေတဲ့ အဓိပ္ပာယ်သာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ဒုက္ခဆိုးတွေကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ပေးနိုင်ဖို့ ကျွန်မတို့ မျှော်မှန်း ပါတယ်။ ပိုင်နက် နယ်နိမိတ်ထဲမှာ မှီတင်းနေထိုင်သူအားလုံး လုံခြုံ ဘေးကင်းပြီး သာယာဝပြောတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဖန်တီးဖို့ ကျွန်မတို့ လိုလားပါတယ်။ ဒါဟာ ကြီးမားလွန်းတဲ့ အစီအစဉ်၊ ကြီး မားတဲ့ မျှော်မှန်းချက် တစ်ခုဖြစ် ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
ကျွန်မတို့အားလုံး တူတူညီ ညီပေါင်းစည်းကြဖို့ လိုပါတယ်။ ပြဿနာတွေအတွက် အဓိက တာဝန်ယူဖြေရှင်းနေတာဟာ ဒီနိုင်ငံမှာ ရှိနေသူတွေပဲ ဖြစ်သင့် တယ်လို့ ကျွန်မ လက်ခံပါတယ်။ အစိုးရအပါအဝင် မြန်မာနိုင်ငံက ပြည်သူလူထုတစ်ဦးချင်းစီ အားလုံးဟာ ဒီနိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ တိုးတက်ရေးတွေအတွက် တာဝန်ရှိ ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ မိတ် ဆွေတွေကိုလည်း ဒီခမ်းနားတဲ့ ကြိုးစားအားထုတ်မှုမှာ ပါဝင်ပူး ပေါင်းစေလိုပါတယ်။ သေချာပါ တယ်။ ဒါဟာ ခမ်းနားတဲ့ အားထုတ်မှု၊ ရည်မှန်းချက် ကြီးမားတဲ့အားထုတ်မှု၊ ပြဿနာပေါင်းစုံ ရှုပ်ထွေးနေတဲ့ နိုင်ငံတစ်ခုကို အား ကောင်းတဲ့၊ ခိုင်မာတည်တံ့တဲ့၊ လုံခြုံတဲ့ အနာဂတ်မျိုး ပိုင်ဆိုင်လာ အောင် တည်ဆောက်တဲ့စူးစိုက်မှု မျိုး ဖြစ်ပါလိမ့်မယ်။
အခုလို သံတမန်အသိုက်အ ဝန်းနဲ့ တွေ့ဆုံချိန်မှာ ကျွန်မတို့ရဲ့ပြဿနာတွေထဲက အနည်းအကျဉ်းလောက်ကိုပဲ အထူးပြုပြီးပြောနေရတာ စိတ်မကောင်းစရာ ပါ။ တကယ်ဆိုရင် ကျွန်မတို့အတူ တကွ ပူးပေါင်းလက်တွဲပြီး ဖြေရှင်းနိုင်မယ့်ကိစ္စတွေ အများကြီး ရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့ အားထုတ်မှုတွေမှာ ပူးပေါင်းပါဝင်လိုသူတွေ ကို တံခါးဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်မတို့နဲ့အတူ လာပူး ပေါင်းဖို့၊ ကျွန်မတို့နဲ့ ဆွေးနွေးဖို့၊ ကျွန်မတို့နဲ့ စကားပြောဖို့၊ ကျွန်မတို့နဲ့အတူ ဒုက္ခကြုံနေတဲ့ နယ်မြေတွေဆီ သွားရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီကျရင် ရှင်တို့ရဲ့ လုံခြုံရေးကို ကျွန်မတို့က တာဝန်ခံပါ့ မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင် တို့ တစ်ခုခုဖြစ်သွားရင် ပြဿနာ ထပ်တက်မှာမျိုး ကျွန်မတို့ မလို လားဘူးလေ။
အဲဒီမှာ ကျွန်မတို့နဲ့အတူ ရှင် တို့ လာပူးပေါင်းစေချင်တယ်။ ပြီးရင် ဘာတွေဖြစ်နေသလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ပါ၊ကိုယ်ပိုင်အတွေးနဲ့ စဉ်းစားပါ။ ဒီပြဿနာကို ဘယ်လိုဖယ်ရှားနိုင် မလဲဆိုတာကိုရောပေါ့။ ပြီးရင် ရှင်တို့အနေနဲ့ ငြိမ်းချမ်းအေးဆေးနေ တဲ့ ဧရိယာတွေကိုလည်း သေသေ ချာချာ ဂရုတစိုက်လေ့လာတာမျိုး ဖြစ်စေချင်ပါတယ်။ ဒီလိုငြိမ်းချမ်း နေအောင် သူတို့ ဘယ်လိုစီမံလုပ် ဆောင်သလဲ။ ညီညွတ်ပြီး သဟဇာတဖြစ်အောင် ဘယ်လိုထိန်းသိမ်းထားသလဲ။ အဲဒီနေရာတွေ ကျ တစ်ယောက်ကိုတစ်ယောက် ဘာကြောင့် ရန်မပြုကြသလဲ။ ဒါဟာ ကျွန်မတို့ လိုအပ်နေတဲ့ အ ဖြေဖြစ်တယ်။ အဆိုးတွေကို ဖယ်ရှားရုံနဲ့တင်မရဘူး။ အပေါင်းလက္ခဏာဆန်တဲ့ ကိစ္စတွေကို မြှင့်တင်ရပါမယ်။ အနုတ်လက္ခဏာ တွေကိုလျှော့ပြီး အပေါင်းလက္ခဏာတွေ ပိုတိုးပွားလာအောင် လုပ်ရမှာပါ။ ဒီအတွက် ရှင်တို့အားလုံးနဲ့ အတူပူးပေါင်းဆောင်ရွက်ချင် ပါတယ်။
ရှင်တို့သိထားတဲ့ အတိုင်းပါ ပဲ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ငွေကြေးအရ ရက်ရက်ရောရော လှူဒါန်းကြတာတွေရှိတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ဖော်ဆောင်မှုအတွက် သူတို့ထည့်ဝင် ကူညီမှုတိုင်းကို လူ့အသိုက်အ၀န်း အားလုံးအတွက် ဖြစ်နိုင်သမျှ ကောင်းကျိုးအရှိဆုံး နည်းလမ်းတွေနဲ့ အသုံးပြုနိုင်ဖို့သေချာ စီစဉ်ဆောင်ရွက်နေပါတယ်။
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေးသက်ဝင်ယုံကြည် မှုတွေ၊ တိုင်းရင်းသားမျိုးနွယ်စု မတူညီမှုတွေ ဒါမှမဟုတ် နိုင်ငံ ရေးအတွေးအမြင် ခြားနားမှုတွေ ကြောင့် သွေးကွဲနေတဲ့ နိုင်ငံတစ်ခုဖြစ်နေတာမျိုး မလိုလားပါဘူး။ကွဲပြားတဲ့ရပ်တည်မှု၊ ဘဝမှာ ဘယ်လိုနည်းလမ်းက မှန်ကန်တဲ့ နေထိုင်မှုဆိုတာတွေအတွက် ကျွန်မတို့အားလုံးမှာ ထိုက်တန်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ကျွန်မတို့အားလုံး အတူတွဲပြီး အလုပ်လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ နိုင်ငံတစ်ခုတည်းမှာ အတူနေကြလို့ပဲ။ ကျွန်မတို့အားလုံး ဒီနိုင်ငံနဲ့ သက်ဆိုင်တယ်။ ဒီကမ္ဘာကြီးနဲ့လည်း သက်ဆိုင်တယ်။ ဒါကြောင့်ပဲ ကုလသမဂ္ဂလို နိုင်ငံစုံအဖွဲ့ကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကျွန်မတို့စုပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်။ ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့၊ ပြီးတော့ ဒုတိယကမ္ဘာစစ်တုန်းကလို ထိခိုက်နာကျင်စရာ အခြေအနေတွေဆီ နောက်တစ်ခါ ပြန်ကျရောက်မသွားဖို့ ရည်ရွယ်ချက်နဲ့ပါ။
စစ်ပွဲတွေ ရပ်စဲသွားစေဖို့ ရည်ရွယ်ချက်နဲ့၊ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတို့ လုပ်ဆောင်နေတာဟာ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ ပဋိပက္ခတွေ ဆုံးခန်းတိုင်သွားစေမယ့် အား ကောင်းပြီး ထိရောက်တဲ့ လှုပ်ရှားမှုတစ်ခု အစပြုနေတာဆိုတာမျိုး ရှင်တို့ မြင်စေချင်ပါတယ်။ ကျွန်မတို့ လူ့အသိုက်အဝန်းတွေကြား က၊ ကျွန်မတို့ ပြည်သူတွေကြား က၊ ပြီးတော့ ကျွန်မတို့ ဘယ်လို ရှေ့ဆက်မလဲဆိုတဲ့အပေါ် အမြင်ကွဲပြားမှုတွေကြားက ပဋိပက္ခမျိုးတွေပေါ့။ ဒါပေမဲ့ အတွေးအမြင် ကွဲပြားမှုတွေရဲ့ ပဋိပက္ခကို ဆွေးနွေးမှု၊ အမြင်ရှင်းမှု၊ စေတနာတရားနဲ့ ရဲရင့်တဲ့ အတွေးအခေါ် တွေကနေတစ်ဆင့် ညှိနှိုင်းဖြေရှင်းပစ်နိုင်တယ်၊ ဖယ်ရှားပစ်နိုင်ပါတယ်။ စေတနာထားမှုနဲ့ ရဲရင့်ခြင်းတွေက တခြားသူတွေကို ကျွန်မတို့ရဲ့ အတွေးအမြင်တွေ အပေါ် လက်ခံနားလည်လာနိုင် စေတယ်လို့ ကျွန်မ ပြောချင်ပါ တယ်။
စုပေါင်းအားထုတ်လုပ် ဆောင်မှုနဲ့သာ ကျွန်မတို့ရဲ့ကမ္ဘာကြီးကို ရှေ့ဆက်နိုင်ပါလိမ့်မယ်။ စကားလုံးတွေနဲ့ဖြစ်စေ၊ လက်နက်တွေနဲ့ဖြစ်စေ၊ ယုတ်စွအဆုံး စိတ်ခံစားမှုတွေနဲ့ဖြစ်စေ အချင်းချင်း တိုက်ခိုက်နေကြတာဟာ ဘာအထောက်အကူမှ မဖြစ်နိုင် ပါဘူး။
ကမ္ဘာကြီးမှာ အမုန်းတရားနဲ့ အကြောက်တရားက အနိဋ္ဌာရုံ ကပ်ဘေးတွေရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေပါတယ်။ ပဋိပက္ခအားလုံးဟာ အမုန်းတရားကိုဖြစ်စေ၊ အကြောက်တရားကို ဖြစ်စေ အခြေပြုပြီး ခေါင်းထောင် ထလာကြတာပါ။ အမုန်းတရားနဲ့ အကြောက်တရားရဲ့ ရင်းမြစ်တွေကို ဖယ်ရှားနိုင်မှသာ ကျွန်မတို့ နိုင်ငံရဲ့၊ ကျွန်မတို့ ကမ္ဘာကြီးရဲ့ ပဋိပက္ခတွေကို ဖယ်ရှားပစ်နိုင် ပါလိမ့်မယ်။
ရှင်တို့လည်း အသိပါ။ စွပ်စွဲမှုတွေ၊ တန်ပြန်စွပ်စွဲမှုတွေ အများကြီး ထွက်ပေါ်နေပါတယ်။ ကျွန်မကတော့ အဲဒါတွေကို နားမယောင် ပါဘူး။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ်အရဖြစ်စေ၊ လက်နက်တွေနဲ့ဖြစ်စေ ပဋိပက္ခတွေကို ပိုတိုးပွားအောင် မြှင့်တင်ပေးဖို့က ကျွန်မရဲ့ ရည်ရွယ်ချက် မဟုတ်တာကြောင့်ပါ။ ကျွန်မတို့ဟာ ညီညွတ်မှုနဲ့ နားလည်မှုတွေကိုပဲ မြှင့်တင်သွားပါမယ်။ ရှင်တို့အနေနဲ့ ကျွန်မတို့ကို နားလည်ပေးပြီး ကျွန်မတို့ရဲ့ အားထုတ်မှုတွေမှာ လာရောက်ပူးပေါင်းကြဖို့ မျှော် လင့်ပါတယ်။
ကျွန်မ အစောပိုင်းမှာ ပြောထားသလိုပဲ ဒါဟာ သံတမန်ရေး ရာ တွေ့ဆုံမှုတစ်ခုဖြစ်ပါတယ်။ သံတမန်အသိုက်အဝန်းက အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ တစ်ကမ္ဘာလုံးက မိတ်ဆွေတွေကို စုစည်းပြီး ကျွန်မတို့ ဘာတွေ ကြိုးစား ဆောင်ရွက်နေသလဲ ဆိုတာကို အသိပေးဖို့ပါ။ ဒါပေမဲ့ တခြားသော ရှုထောင့်တချို့အရ သံတမန်ရေးရာ တွေ့ဆုံမှု တစ်ခု ဆိုတာထက်လည်း ပိုနိုင်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးကို လိုလားသူအား လုံးကို ခင်မင်ရင်းနှီးစိတ်နဲ့ ပန် ကြားနိုင်ဖို့၊ ပြီးတော့ နိုင်ငံတစ်ခု တည်းသာ မကဘဲ တစ်ကမ္ဘာလုံး က နိုင်ငံတိုင်းမှာလူတိုင်းက ဖြစ်မြောက်စေလိုတဲ့ ဆန္ဒသဘောထားမျိုးကို အဆုံးထိ အောင်အောင်မြင်မြင် လုပ်ဆောင်သွားဖို့ ကျွန်မတို့နဲ့အတူ ဝိုင်းဝန်းကူညီကြပါလို့ ဖိတ်ခေါ် တိုက်တွန်းဖို့လည်း ဖြစ်ပါတယ်။ ။
http://www.7daydaily.com/story/107930 မှ ကူးယူထားပါသည်။