Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, 4 April 2016

အသားဟင်းစားရင် ကင်ဆာ ဖြစ်မှာလား
ကိုထိုက်
          ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ လေ့လာ သုတေသန တစ်ရပ် အရကား အသားစိမ်းနှင့် ပြုပြင်စီမံ ထားသော အသားဟင်းလျာ များကို များများစားလေ ကင်ဆာ ဖြစ်နိုင်ခြေ တိုးလာလေဟု သိရသည်။ သို့သော် ထိုသို့ အဖြေထွက်လာ သဖြင့်  ဘာဂါတွေ၊ အသားချောင်းတွေနဲ့ အသားဆို ဘာအသားမှ မစားဟု ရှောင်လိုက် ဖို့တော့ မလို။
လေ့လာမှု စစ်တမ်းက ဘယ်လို သဘောလဲ။
          ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ တစ်စိတ်တစ်ဒေသ ဖြစ်သော နိုင်ငံတကာကင်ဆာ သုတေသန အေဂျင်စီ (IARC)သည် အသားစားခြင်းနှင့် ကင်ဆာ ဖြစ်ပွားခြင်း အကြား ဆက်စပ်မှုကို လေ့လာ ထားသော စစ်တမ်း(၈၀၀) ကျော်ကို ပြန်လည် လေ့လာ သုံးသပ်ကာ ကောက်ချက် စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ လေ့လာ သုတေသန(၈၀၀) ကျော်သည် ကမ္ဘာတစ်ဝန်းက လူမျိုးစုံ၊ စားသောက်မှု ပုံစံမျိုးစုံကို ခြုံငုံ မိကြောင်း လည်း သုတေသီတို့က ဆိုသည်။ တွေ့ရှိချက်ကား အသားချောင်း၊ အသားဘူး၊ ဟော့ဒေါ့၊ ဘာဂါ စသည်တို့တွင် ပါဝင်သော တစ်ဆင့် စီမံထားသည့် အသားများသည် လူသား ခန္ဓာကိုယ်တွင် ကင်ဆာဆဲလ်များ ဖြစ်ပွား လာအောင် လှုံ့ဆော်နိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ ရသည်။ ပြုပြင်စီမံ ထားသော အသား ပမာဏ (၅၀)ဂရမ် စားပြီးတိုင်း အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်ခြေ (၁၈) ရာခိုင်နှုန်း တိုးလာကြောင်း သုတေသီများက ဆိုသည်။ အမဲသား၊ နွားကလေးသား၊ ၀က်သား၊ သိုးသား၊ ဆိတ်သားစသော အသား စိမ်းများသည်လည်း လူသားတွင် ကင်ဆာဆဲလ်များ ဖြစ်ပွားလာအောင် လှုံ့ဆော်နိုင်ခြေ ရှိသော အစားအစာများ စာရင်းတွင် ပါဝင်သည်။ ကင်ဆာ ကျိန်းသေပေါက် ဖြစ်စေသည်ဟု ဆိုနိုင်လောက်အောင်ကား ခိုင်လုံသော သက်သေမျိုး မရှိသေးဟု သုတေသီတို့ကဆိုသည်။ အသားစိမ်း (၁၀၀) ဂရမ် စားပြီးတိုင်း ကင်ဆာ ဖြစ်နိုင်ခြေသည် (၁၇) ရာခိုင်နှုန်းခန့် တိုးလာသည်ဟု အကြမ်းဖျင်း တွက်ချက်နိုင်ကြောင်း သုတေသီတို့က ပြောသည်။
ဒါဆို အသားစားရင် ကင်ဆာ ဖြစ်နိုင်လား။
          ကျွမ်းကျင်သူများ အလိုအရမူ အသားစားခြင်းကို ထူးထူးခြားခြား ရှောင်နေစရာ မလို၊ သို့သော် သတ်မှတ် ပမာဏထက်တော့ ပိုမစားမိအောင် ထိန်းသိမ်းတာ အကောင်းဆုံး ဖြစ်သည်ဟု IARC ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ္စတိုဖာဝိုင်းလ်ဒ် က ပြောသည်။
           အသား လုံးဝမစားကြနဲ့ဟေ့ ဆိုပြီး လူတွေ ကြောက်လန့်အောင် အသံကောင်းဟစ်နေဖို့တော့ မလို ပါဘူး ဟု စတန်းဖို့ဒ် တက္ကသိုလ်၏ ရောဂါကာကွယ်ရေးဌာန အကြီးအကဲ ဒေါက်တာဂျွန် အိုင်ယန်နီဒစ် ကလည်း ပြောသည်။
          အသားမည်မျှထက် မပိုအောင် စားရမည်ဟု အတိအကျ ညွှန်းထားခြင်းမျိုး မရှိသော်လည်း အမေရိကန် နိုင်ငံ တက်ဖ်တက္ကသိုလ် အာဟာရ သိပ္ပံနှင့် မူဝါဒများ ဆိုင်ရာ သင်တန်းကျောင်းမှ ဒေါက်တာ ဒါရီယက်စ် မိုဇာဖာရီယန် ကမူ ပြုပြင်ထားတဲ့ အသားဟင်းလျာမျိုး တစ်လနှစ်ကြိမ်ထက် ပိုမစားသင့်ဘူး။ သဘာဝ အတိုင်း အသားစိမ်းမျိုး ကိုလည်း တစ်ပတ် နှစ်ကြိမ်ထက် ပိုမစားသင့်ဘူးဟု ဆိုထားသည်။
ဘယ်အသားက ပိုအန္တရာယ်ကင်းတယ် ဆိုတာမျိုး ရှိလား။
          ယေဘုယျအားဖြင့် ပြောရလျှင် ကြက်သားပဲ စားစား အမဲသား ပဲစားစား ခပ်ပါးပါးလွှာ ထားသည့် အသားများသည် ပိုအန္တရာယ်ကင်းသည်ဟု ဆိုနိုင်သည်။ အသားတုံးကြီးလေ အဆီနှင့် ကိုလက်စထရော များလေ ဖြစ်သည်။ ထိုနှစ်မျိုးများ လေနှလုံး၊ ဆီးချို အပါအ၀င် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြေလည်း များလာလေဖြစ်သည်။ ဟော့ ဒေါ့၊ ဘာဂါ၊ စည်သွပ်ဘူးအသား ဟင်းစသော ပြုပြင်ထားသည့် အသားများ စားသုံးရာတွင်လည်း အဆီ များသည့် အသားမျိုး တတ်နိုင်သမျှ ရှောင်ခြင်းသည် ကျန်းမာသော စားသောက်မှု ဆီသို့ ချဉ်းကပ်ရာ ရောက်သည်။
ချက်ပြုတ် ပြင်ဆင်ပုံပေါ် မူတည် ပါသလား။ 
          သိပ်ကို မူတည်သည်ဟု ဆိုနိုင်သည်။ အသားများကို ဘာဘီကျူး လုပ်ကာ ကင်စားသော နည်းသည် အန္တရာယ် အများဆုံးနည်းဟု ကျန်းမာရေး ပညာရှင်များက တစ်ညီတစ်ညွတ်တည်း ဆိုထား ကြသည်။ ထိုသို့ အလွတ်ကင်စားခြင်းကြောင့် မီးခိုး ပြာမှုန်များထဲတွင် ပါသော ပြာများ သည် လူ့ခန္ဓာကိုယ်ထဲတွင် ဆဲလ် များကို အနှောင့်အယှက်ပေးကာ ကင်ဆာ ဖြစ်စေမည့် အဆိပ်ဓာတ်များ ပိုဖြစ်စေနိုင်စွမ်း ရှိသည်။
ဒါဆို သက်သက်လွတ် စားလိုက်တာ အန္တရာယ် အကင်းဆုံးလား။
          ကျန်းမာရေးရှုထောင့်မှ ကြည့် မည်ဆိုလျှင် ထိုသို့ လုပ်ရန်လည်း မလိုအပ်ပါ။ အသားသည် ခန္ဓာကိုယ် အတွက် လိုအပ်သော ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်များ ဖြည့်စွမ်း ပေးသည့် အဓိက အာဟာရ ဖြစ်သည်။ အသားက ရရှိသော အာဟာရသည် ဦးနှောက်မှအစ ကြွက်သား အလယ် ခုခံအားစနစ် အဆုံး အကျိုးပြုသည်။ အသား လုံးဝရှောင်လိုက်ပါက ခန္ဓာကိုယ်အတွက် အဓိက အာဟာရများ လက်လွတ်သွား လိမ့်မည်။ အသား မစားဘဲ အခြား တစ်နည်းနည်းဖြင့် ထိုအာဟာရများ ဖြည့်စွမ်းနိုင်သည် ဆိုလျှင် ကိစ္စမရှိ။ မဖြည့်စွမ်း နိုင်လျှင် ကျန်းမာရေး အတွက်ပါ ဆိုးကျိုး ဖြစ်နိုင်သည်။
Ref: Does Eating Meat Really Cause Cancer? By Alyssa Jung (rdasia.com)

http://www.messengernewsjournal.com/news/Health/detail.php?id=51241 မှ ကူးယူထားပါသည်။

နိုင်ငံ့ဘဏ္ဍာ ကျပ် ငါးဘီလျံ ပျောက်သွားတဲ့ တင်ဒါ၊ တာဝန်ယူရမှာက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ၊ စိစစ်ပေးရမှာက ပြည်သူ့အစိုးရ

ချိပ်ပိတ်တင်ဒါ စဖွင့်သည့်အစည်းအဝေးမှ ထုတ်ပေးသည့် ဇယား
နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပြည်သူတွေ တင်မြှောက်တဲ့ ပြည်သူ့အစိုးရသစ် ပေါ်ထွက်လာပြီးတဲ့နောက် သမိုင်းတွင်တဲ့နေ့သစ် တစ်နေ့အဖြစ် ဟစ်ကြွေးသံတွေ ညံခဲ့တာ မတ် ၃၀ ရက်ပါ။

သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုခဲ့ပြီးတဲ့နောက်မှာ သမိုင်းတွင်တဲ့ အချိန်ကာလ စခဲ့ပါပြီ။

ကတိသစ္စာပြုကြတဲ့အခါမှာ ပြည်သူကို သစ္စာစောင့်သိ ရိုသေမှာဖြစ်သလို တာဝန်ဝတ္တရားတွေကိုလည်း ဖြောင့်မတ်မှန်ကန်စွာ အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ကြတယ်။ ပြည်သူတင်တဲ့ အစိုးရစစ်စစ် ကတိသစ္စာပြုတာဖြစ်လို့လည်း ကတိစကားတွေ ကြားရတဲ့ ပြည်သူတွေအနေနဲ့ ယုံကြည်အားရှိ သွားစေပါတယ်။

အဲဒီကတိသစ္စာကို အားကိုးယုံကြည်တဲ့အတွက်လည်း နိုင်ငံတော်ကရမယ့် ပြည်သူ့ဘဏ္ဍာ ကျပ်သန်း ၅၀၀၀ (ကျပ် ငါးဘီလျံ) ပျောက်သွားတဲ့ အိမ်ရာတင်ဒါကိစ္စကို ပြန်လည်စိစစ်ပေးဖို့ ပြည်သူ့အစိုးရထံ တင်ပြလိုက်ပါတယ်။

■ နိုင်ငံတော်ရမယ့် ကျပ်ငါးဘီလျံ ပျောက်သွားတဲ့ တင်ဒါ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနဲ့ ရွှေလီလမ်းထောင့်မှာရှိတဲ့ ပြည်သူပိုင်မြေ ၁၈၃ ဧကကျော်ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ့်စီမံကိန်းအတွက် ၂၀၁၅ ခုနှစ် ဧပြီ ၂၄ ရက် နောက်ဆုံးထားပြီး ချိပ်ပိတ်တင်ဒါ တင်သွင်းဖို့ ခေါ်ယူခဲ့တယ်။

ခေါ်ယူခဲ့တာက ငါး ဧကကို တစ်ယူနစ် သတ်မှတ်ထားပြီး ကိုယ်ဆောက်နိုင်တဲ့ ယူနစ် ပမာဏအတိုင်း လျှောက်လို့ရသလို ၁၈၃ ဧကကျော် အကုန်လုံးကို တစ်ဦးတည်းလုပ်ချင်လို့ လျှောက်လည်းရတဲ့ ပုံစံပါ။

တင်ဒါ ဖွင့်ဖောက်တုန်းက စာရင်းအရ Bagan Business Group၊ ချမ်းသာရွှေမြေကုမ္ပဏီ၊ High Tech Concrete Technology (ရွှေတောင်)၊ ရွှေတောင်ကုမ္ပဏီ၊ Croen Advance Construction ၊ စေပိုင် Development ကုမ္ပဏီ၊ အောင်မြင်တိုးတက်ကုမ္ပဏီ၊ FCGC (IGE Group) ၊ Blessing International Technology ၊ Y.E.G ကုမ္ပဏီ၊ ထူး Construction ကုမ္ပဏီနဲ့ Capital Development ကုမ္ပဏီ  စုစုပေါင်း ၁၂ ဖွဲ့တင်ဒါပြိုင်ခဲ့ပါတယ်။

ဒီချိပ်ပိတ်တင်ဒါ ဖွင့်တဲ့ပွဲကို ၂၀၁၅ ခုနှစ် မေ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအခန်း အမှတ် (၃) မှာ လုပ်ခဲ့တယ်။

ချိပ်ပိတ်တင်ဒါ ဖွင့်လိုက်တဲ့အတွက် အဖွဲ့ ၁၂ ဖွဲ့ရဲ့ ဘယ်အဖွဲ့က မြေဧက ဘယ်လောက်ကို လုပ်မယ်၊ အဆောက်အအုံကို ဘယ်လိုဆောက်မယ်၊ ဘယ်လောက်ပမာဏအထိ ရင်းနှီးမြှုပ်နှံမယ်၊ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ နိုင်ငံတော်ဘက်ကို ဘယ်လောက်ပေးမယ် ဆိုတဲ့အချက်တွေ ထွက်ပေါ်လာပါတယ်။

လုပ်ရိုးလုပ်စဉ်ဆိုရင် ချိပ်ပိတ်တင်ဒါကို ဖွင့်ဖောက်ပြီးလည်း ဖြစ်တယ်၊ အားလုံးသိပြီးလည်း ဖြစ်လို့ ယှဉ်ပြိုင်ထားတဲ့ ၁၂ ဖွဲ့ထဲမှာ နိုင်ငံတော် အကျိုးအမြတ်အရှိဆုံးဖြစ်မယ့် အဖွဲ့၊ တင်ဒါစည်းမျဉ်းနဲ့ ကိုက်ညီတဲ့အဖွဲ့တွေ ကို ရွေးချယ်ရမှာပါ။

ဒါပေမဲ့ ချိပ်ပိတ်တင်ဒါ ဖောက်ပြီးသား၊ အချက်အလက်တွေလည်း ထွက်ပေါ်ပြီးသားကို မရွေးချယ်သေးဘဲနဲ့ “သိပ်မရှင်းလို့ နောက်တစ်ခေါက် ရှင်းပြပါ ”ဆိုပြီးထပ်ခေါ်တယ်။ ထပ်ခေါ်ထပ်ရှင်း လုပ်ကြတယ်။

မေးခွန်းထုတ်ချင်စရာ ကောင်းလောက်အောင် နိုင်ငံတော်ကရမယ့် ကျပ် ငါးဘီလျံ ပျောက်သွားတဲ့ ပြ ဿနာက အဲဒီမှာ စတာပါ။

၂၀၁၅ ခုနှစ် မေ ၁၅ ရက်နေ့က ဖွင့်ဖောက်ထားတဲ့ စာရင်းမှာ ကုမ္ပဏီအလိုက် လုပ်မယ့်ဧက၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ၊ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်၊ တည်ဆောက်မယ့်ကာလတွေ ကုမ္ပဏီ ၁၂ ခုလုံးအတွက် ဇယားနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ် ပြန်ခေါ်ရှင်းပြီးတဲ့အခါမှာတော့ ကုမ္ပဏီ လေးခု မပါဘူး။ ကုမ္ပဏီရှစ်ခုရဲ့ ကုမ္ပဏီအလိုက် လုပ်မယ့်ဧက၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ၊ တည်ဆောက်မယ့် အခန်းအရေအတွက်၊ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်၊ တည်ဆောက်မယ့်ကာလ ဇယားနောက်ထပ်တစ်ခုကို ထပ်ပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။

အဲဒီဇယားတွေအရ ကုမ္ပဏီတစ်ခုဟာ ချိပ်ပိတ်တင်ဒါတုန်းက ထည့်သွင်းထားတဲ့ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်ပမာဏ ပြန်လျော့ပြခဲ့တာ တွေ့ရပါတယ်။

အဲဒီကုမ္ပဏီက Capital Development ကုမ္ပဏီဖြစ်ပါတယ်။ ချိပ်ပိတ်တင်ဒါ စဖွင့်တဲ့နေ့တုန်းက ဇယားမှာ Capital Development ကုမ္ပဏီဟာ ၁၈၃ ဧက စလုံး လုပ်မယ်၊ ကျပ် ၃၆၅ ဘီလျံ မြှုပ်နှံမယ်၊ နိုင်ငံတော်ကို ၆၀၀ စတုရန်းပေ အခန်းပေါင်း ၃၀၀၀ နဲ့ ငွေကျပ် ရှစ်ဘီလျံကို ပေးမယ်၊ တည်ဆောက်ကာလမှာတော့ ညွှန်ကြား သတ်မှတ်ချိန်အတိုင်း ညိနှိုင်းဆောင်ရွက်မယ်လို့ တင်ပြထားတယ်။

နောက်တစ်ကြိမ် ပြန်ခေါ်ရှင်းပြီးတဲ့ နောက်ထွက်လာတဲ့ ဇယားမှာတော့ Capital Development ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်ကို ပြင်ဆင်လိုက်ပါတယ်။

နိုင်ငံတော်ကိုပေးမယ့် အကျိုးအမြတ်ကို ချိပ်ပိတ်တင်ဒါတုန်းက ၆၀၀ စတုရန်းပေကျယ်တဲ့ အခန်းပေါင်း ၃၀၀၀ နဲ့ ကျပ် ရှစ်ဘီလျံလို့ တင်ပြထားပေမယ့် နောက်ပြင်လိုက်တဲ့အခါ ၆၀၀ စတုရန်းပေကျယ်တဲ့ အခန်းပေါင်း ၃၀၀၀ နဲ့ ကျပ် သုံးဘီလျံလို့ ပြန်ပြင်ပြီး ကျပ် ငါးဘီလျံ လျော့ပြခဲ့ပါတယ်။

■ ကွဲခဲ့လွဲခဲ့သော်လည်း တင်ဒါအောင်ကြလေသတည်း

ပြည်သူပိုင်မြေ ၁၈၃ ဧကတင်ဒါကို ဘယ်ကုမ္ပဏီတွေ အောင်ပါသလဲလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ မေးမြန်းတဲ့အခါမှာတော့ နိုင်ငံတော်ကရမယ့် အကျိုးအမြတ်မှာ ကျပ် ၅ ဘီလျံလျှော့ပြခဲ့တဲ့ Capital Development ကုမ္ပဏီနဲ့ အခြားကုမ္ပဏီနှစ်ခု တင်ဒါအောင်သွားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ချိပ်ပိတ်တင်ဒါမှာ ပါပြီးသား နိုင်ငံတော်ရမယ့် အကျိုးအမြတ်ဟာ ဒီလိုပုံစံနဲ့ပဲ ကျပ် ၅ ဘီလျံ နစ်နာသွားခဲ့ရပါတယ်။

ဘာကြောင့် ဒီတင်ဒါဟာ စစ်ဆေးသင့်သလဲဆိုရင် နိုင်ငံတော်ရမယ့် ကျပ် ၅ ဘီလျံ နစ်နာသွားခဲ့ရတဲ့အပြင် တင်ဒါစည်းမျဉ်းတွေနဲ့လည်း လွဲချော်နေတာ၊ တင်ဒါအောင်ခွင့် ပေးလိုက်တဲ့ပုံစံတွေ လွဲချော်နေတာတွေ အများအပြားရှိခဲ့လို့ ဒီတင်ဒါကို ပြန်စစ်သင့်တာပါ။

ဒါ့အပြင် ချိပ်ပိတ်ပြီး ယှဉ်ပြိုင်ရတဲ့ တင်ဒါကို ချိပ်ပိတ်ဖွင့်ပြီးမှ ပြန်ပြင်ဆင်ပြီး ပြိုင်တာဟာ တင်ဒါပြိုင်တာ မဟုတ်တော့ပါဘူး။
ဒုတိယအကြိမ် ပြန်ခေါ်ရှင်းလင်းပြီးနောက် ထုတ်ပြန်သည့် ဇယား

■ တင်ဒါစည်းမျဉ်းနဲ့ ဘယ်လောက်လွဲခဲ့သလဲ

ချိပ်ပိတ်တင်ဒါ ခေါ်စဉ်က တင်ဒါစည်းမျဉ်းကို အချက် ၁၃ ချက်နဲ့သတ်မှတ်ပြီး ခေါ်ခဲ့ကြပါတယ်။

အဲဒီအထဲမှာ အရေးအကြီးဆုံးအချက်တွေဖြစ်ပြီး (၄)၊ (၅)၊ (၆) တို့ ဖြစ်ပါတယ်။ အချက်(၄) က စာအိတ် သုံးအိတ်ကို ချိပ်ပိတ်ပြီး တင်သွင်းဖို့ သတ်မှတ်ထားတယ်။

အကျဉ်းချုပ်ပြောရရင် စာအိတ် သုံးအိတ်က စာအိတ် (က) က လျှောက်လွှာနဲ့ ကုမ္ပဏီ Profile ၊စာအိတ်(ခ) မှာ ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာနဲ့ စာအိတ်(ဂ) မှာ ငွေကြေးဆိုင်ရာ အဆိုပြုလွှာကို ချိပ်ပိတ်ပြီး တင်ဖို့ ဖြစ်ပါတယ်။

ကျွမ်းကျင်မှု နည်းပညာဆိုင်ရာ အဆိုပြုလွှာကို ချိပ်ပိတ်တင်တဲ့အခါ ဒီဇိုင်း၊ ကြီးကြပ်ဆောင်ရွက်မယ့် အစီအမံကအစ တည်ဆောက်ပြီးမယ့် ကာလတွေကို ထည့်သွင်းပြီး တင်ပြရမယ်လို့ သတ်မှတ်ထားတယ်။

ငွေကြေးဆိုင်ရာ အဆိုပြုလွှာမှာ လုပ်ငန်းအတွက် မြှုပ်နှံမယ့် ငွေပမာဏ၊ လုပ်ငန်းအဆင့်လိုက် ကုန်ကျမြှုပ်နှံမယ့် ငွေပမာဏ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကြားမှာ နှစ်ဦးနှစ်ဖက် အကျိုးခံစားခွင့်နဲ့ စပ်လျဉ်းတဲ့ အဆိုပြုတင်ပြချက်တွေ ထည့်သွင်းတင်ပြရမယ်လို့ ပြောထားတယ်။

ငွေကြေးဆိုင်ရာ အဆိုပြုလွှာတင်တဲ့အခါမှာတော့ ရွေးချယ်ရန် နည်းလမ်း(၁)၊ (၂) လို့ လုံးဝမဖော်ပြရဘဲ တစ်ချက်တည်းနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ တင်ဒါစည်းမျဉ်း အမှတ် (၆) မှာ အသေအချာ သတ်မှတ်ထားခဲ့ပါတယ်။

ချိပ်ပိတ်ပြီး တင်ဖို့ပြောထားတယ်။ နိုင်ငံတော်ကို ပေးရမယ့် အကျိုးအမြတ်ကို ရှင်းရှင်းလင်းလင်း တစ်ချက်တည်းရေးပြီး ချိပ်ပိတ် တင်ရမယ်။ လုပ်ငန်းပြီးဆုံးရမယ့် ကာလ ပါရမယ်လို့ သတ်မှတ်ထားတယ်။

ဒါပေမဲ့ နံပါတ်(၁) ချိပ်ပိတ်တင်ဒါမှာ တင်ပြီးသားကို ပြန်ပြင်တယ်။ ပြန်ပြင်တော့လည်း တင်ဒါစည်းမျဉ်းမှာ တစ်ချက်တည်း ရှင်းရှင်းလင်းလင်း တင်ရမည်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်ကရမယ့် အကျိုးအမြတ်ပိုင်းကို ပြင်လိုက်တယ်။ နံပါတ်(၂) လုပ်ငန်းပြီးဆုံးမယ့်အချိန် အတိအကျမပါဘူး။

ကုမ္ပဏီ ၁၂ ခု မှာ ၁၁ ခုက လုပ်ငန်းပြီးဆုံးမယ့် အပိုင်းလိုက် အချိန်ကာလပါတယ်။ Capital Development ကုမ္ပဏီတစ်ခုပဲ ညွှန်ကြားသတ်မှတ်ချိန်အတိုင်း ညှိနှိုင်းဆောင်ရွက်မယ်ဆိုပြီး တင်ခဲ့တာပါ။

Capital Development ကုမ္ပဏီတစ်ခုကိုပဲ နာမည်တပ်ပြောနေရတာက  ကျန်တဲ့ ကုမ္ပဏီနှစ်ခုအမည်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မပြောခဲ့တဲ့အတွက် Capital Development ကုမ္ပဏီကိုပဲ ခေါင်းတပ်ပြောနေရပေမယ့် တင်ဒါအောင်တဲ့ ကုမ္ပဏီ သုံးခုစလုံးနဲ့ သက်ဆိုင်ပါတယ်။

နံပါတ်(၃) အဆိုးဆုံး လွဲချော်မှုတစ်ခုကတော့ တင်ဒါရွေးလိုက်တဲ့ ပုံစံပါပဲ။

ဒဂုံမြို့သစ်မြောက်ပိုင်းက ရာဇဓိရာဇ်လမ်းမြေနေရာ အိမ်ရာတင်ဒါ၊ ခုံးကျော်တင်ဒါ တချို့ကိုခေါ်တုန်းက တင်ဒါကို တစ်ကြိမ်ဖွင့်ဖောက်ပြီးတာနဲ့ ယှဉ်ပြိုင်ရွေးခဲ့ပါတယ်။ အခုတင်ဒါကျတော့ ဖွင့်ဖောက်ပြီး မရွေးဘဲ နောက်တစ်ကြိမ် ပြန်ခေါ်ရှင်းပြီးမှ ရွေးတာက လွဲချော်မှုတစ်ခုအဖြစ် ရှိနေပါတယ်။

ပြီးတော့ နောက်ဆုံးပြန်ခေါ်တုန်းက ကုမ္ပဏီ ရှစ်ခုထဲမှာ Capital Development ၊ စေပိုင်၊ Bagan နဲ့ Blessing ကုမ္ပဏီ လေးခုက ၁၈၃ ဧကစလုံးကို သူကလည်း အကုန်လုပ်မယ် ငါကလည်း အကုန်လုပ်မယ့် ဒီဇိုင်းပုံစံတွေနဲ့ တင်ကြတာပါ။

ဒါပေမဲ့ တင်ဒါလည်းရွေးရော ကုမ္ပဏီ ၃ ခုတောင် ရွေးခဲ့ပါတယ်။ တကယ်ဆို ၁၈၃ ဧကစလုံး လုပ်ပါမယ်လို့ တင်ထားတဲ့ကုမ္ပဏီတွေထဲက တစ်ခုပဲ ရွေးရမှာပါ။

အခုတော့ အမွေခွဲသလို အညီအမျှ ခွဲပေးလိုက်တာမျိုး ဖြစ်နေတာကလည်း တင်ဒါလို့ ခေါ်ဖို့တောင် ခက်တာ အထင်အရှားပါ။

ပြီးတော့ ၂၀၁၅ ထဲကခေါ်တဲ့ ဒီတင်ဒါဟာ အစိုးရဟောင်း သက်တမ်းကုန်ဖို့ နှစ်လ၀န်းကျင်အလို အခု ၂၀၁၆ ခုနှစ်ထဲရောက်မှ ရွေးချယ်ခဲ့တာဖြစ်လို့ ပြန်လည်စိစစ်လို့လည်း အချိန်မီနေတဲ့အတွက် စစ်ကို စစ်သင့်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၈ မိုင်လမ်းဆုံ ခုံးကျော်တံတားတည်ဆောက်မှုအတွက် တင်ပြထားသည့် အဆိုပြုလွှာများအား ပဏာမစိစစ်ခြင်း ဖော်ပြချက်အား တွေ့ရစဉ်
■ ဒါမျိုးတွေရှင်းနိုင်မှ ပြန်ငြင်းပါ

ကျွန်တော်တို့ တင်ဒါစည်းမျဉ်းနဲ့အညီ လုပ်တာပါလို့ ပြန်ငြင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီဥပမာ တစ်ခုတည်းကိုပဲ အရင်ရှင်းနိုင်မှ ငြင်းပါ။

၈ မိုင်ခုံးကျော်ကို တင်ဒါခေါ်တုန်းက ၂၀၁၅ ခုနှစ် ဇွန် ၂၃ ရက် စာရင်းဇယားအရ ကုမ္ပဏီ ငါးခု လျှောက်တယ်။

Crown Advanced ကုမ္ပဏီက ကုန်ကျငွေမှာ ကျပ် ၁၅ ဒသမ ၅ ဘီလျံနဲ့က တစ်မျိုး၊ ကျပ် ၁၅ ဒသမ ၈ ဘီလျံနဲ့က တစ်မျိုး၊ ကျပ် ၁၆ ဒသမ ၄၅ ဘီလျံနဲ့က တစ်မျိုး ကုမ္ပဏီ တစ်ခုတည်း သုံးမျိုး လျှောက်တယ်။

ရွှေတောင်ကုမ္ပဏီက ကျပ် ၁၃ ဒသမ ၉၇၁ ဘီလျံနဲ့ တစ်မျိုး၊ ၁၄ ဒသမ ၃၆ ဘီလျံနဲ့ တစ်မျိုး နှစ်မျိုးလျှောက်တယ်။

Myanmar V-Pile က ကျပ် ၁၃ ဒသမ ၈၅၉ နဲ့ လျှောက်တယ်။ Capital Development က ကုန်ကျငွေကို ကျပ် ၁၈ ဒသမ ၀၆ ဘီလျံနဲ့ လျှောက်တယ်။ ချမ်းသာရွှေမြေ ကုမ္ပဏီက ကျပ် ၁၁ ဒသမ ၇ ဘီလျံနဲ့ လျှောက်တယ်။

၈ မိုင်ခုံးကျော်ကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ဆောက်ပေးဖို့ လျှောက်တာက ကျပ် ၁၁ ဒ သမ ၇ ဘီလျံနဲ့ လျှောက်ထားတဲ့ ချမ်းသာရွှေမြေကုမ္ပဏီ ဖြစ်ပါတယ်။

တင်ဒါအောင်သွားတာက  အနည်းဆုံး ကျပ် ၁၅ ဒသမ ၅ ဘီလျံကနေ ၁၆  ဒသမ ၄၅ ဘီလျံသုံးပြီး ဆောက်မယ့် Crown Advanced ကုမ္ပဏီ ဖြစ်နေပါတယ်။

“အရည်အသွေးက ရှိသေးတယ်လေ” ဆိုပြီး ပြောဦးမလား။ တကယ်ဆို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ဆောက်ပေးဖို့တင်တဲ့ ချမ်းသာရွှေမြေကုမ္ပဏီရဲ့ ဒီဇိုင်းမှာ Steel Box Girder နဲ့ဆောက်ဖို့အထိ တင်ထားတာ တွေ့ရတဲ့အတွက် ဒီအရည်အသွေးဟာ ဘယ်အတိုင်းအတာထိ မြင့်မားတယ်၊ တန်ဖိုးလည်း မြင့်တယ်၊ စင်ကာပူလို နိုင်ငံမှာသုံးတဲ့ အရည်အသွေးဆိုတာ ကျွမ်းကျင်သူတွေ သိကြပါတယ်။

Crown Advanced ရဲ့အရည်အသွေးကတော့ အခု ၈ မိုင်ခုံးကျော်ကို ဆောက်လုပ်ပြီးခဲ့ပြီဖြစ်လို့ မျက်မြင်လက်တွေ့ လေ့လာကြည့်နိုင်ကြပါပြီ။

တင်ဒါတင်သွင်းတဲ့ ကုမ္ပဏီ ၅ ခုထဲ Crown Advanced  ထက် ကုန်ကျစရိတ် ပိုသက်သာအောင် ဆောက်ပေးဖို့ လျှောက်တဲ့ကုမ္ပဏီ သုံးခုအထိ ရှိတယ်။ အဲဒီတော့ မေးချင်တာက အရည်သွေးလည်း သင့်တယ်၊ နိုင်ငံ့ဘဏ္ဍာလည်း ကျပ် ၃၊ ၄၊ ၅ ဘီလျံလောက် ပိုသက်သာမယ့် ကုမ္ပဏီမျိုးကို မရွေးပဲ ဘာကြောင့် Crown Advanced ကုမ္ပဏီကို ရွေးခဲ့သလဲဆိုတာ မေးကိုမေးသင့်ပါတယ်။ ဒီခုံးကျော်က ပြီးပြီးသားမို့ ပြောရခက်ပေမယ့် အိမ်ရာတင်ဒါ ကတော့ မကြာသေးခင်ကမှ ရွေးထားတာဖြစ်လို့ ပြန်စစ်နိုင်ပါသေးတယ်။

ဒါကြောင့် တင်ဒါတွေကို စည်းမျဉ်းနဲ့အညီ ရွေးခဲ့ပါတယ်လို့ ငြင်းမယ်ဆိုရင် ခေါ်ခဲ့တဲ့ တင်ဒါအားလုံးကို ပြန်စစ်ကြည့်လိုက်ပါ။ ပြီးရင် ပြည်သူကို ချပြပါ။ ပြီးမှ ငြင်းကြပါ။

တင်ဒါနှစ်ခုကိုပဲ ကြည့်ရသေးတယ် ကျပ် ၁၀ ဘီလျံနီးပါးလောက် နိုင်ငံက နစ်နာနိုင်တာတွေ့ရတော့ တင်ဒါတိုင်းသာ စစ်လိုက်မယ်ဆိုရင် ဘယ်လောက်နစ်နာခဲ့တယ်ဆိုတာ ပေါ်လာနိုင်သလို နိုင်ငံတော်က ရသင့်ရထိုက် တာတွေ ပြန်ရနိုင်ပါတယ်။
■ ကတိသစ္စာ တည်သောခါ

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ(ယခု ဒုတိယသမ္မတ ဦးမြင့်ဆွေ) ခင်ဗျာ။ တာဝန်ယူပေးပါလို့ ပြောရတာက ဒုတိယသမ္မတဦးမြင့်ဆွေ ၀န်ကြီးချုပ်တာဝန်ယူစဉ်က ခေါ်ခဲ့တဲ့တင်ဒါ ဖြစ်နေတဲ့အတွက်ပါ။

ဒီတင်ဒါတွေမှာ ဘယ်သူတွေ တာဝန်ရှိတယ်၊ ဘယ်သူတွေ တာဝန်ယူပြီး ဘယ်လိုခေါ်ယူရွေးချယ်ခဲ့တယ်ဆိုတာ ဒုတိယသမ္မတ ဦးမြင့်ဆွေ (ယခင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း)က အခြားသူတွေထက် ပိုသိသလို ပြည်သူအပေါ်ကို ကတိသစ္စာလည်း ပြုပြီးပြီမို့ တာဝန်ယူပေးဖို့လည်း သင့်နေပြီဖြစ်ပါတယ်။

ကတိသစ္စာပြုတဲ့အခါ “ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိတာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက် နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုပါသည်” ဆိုပြီး ကတိပြုခဲ့ကြတာဖြစ်တဲ့အတွက်လည်း ပြည်သူ့အစိုးရအနေနဲ့ စိစစ်ပြီး နစ်နာမှုမရှိအောင် ဆောင်ရွက်သင့်ပါတယ်။

ဒီမိုကရေစီအစိုးရဟာ ပြည်သူ့ဘဏ္ဍာ၊ အခွန်ဘဏ္ဍာတွေနဲ့ ရပ်တည်ပြီး ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရတာ ဖြစ်လို့လည်း ပြည်သူ့အခွန်ဘဏ္ဍာ နစ်နာမှုမရှိဖို့ အလေးထားကြရမှာပါ။

ဒီတင်ဒါတစ်ခုတည်း မဟုတ်ပါဘူး။ ပြည်သူ့အစိုးရ အခွန်ဘဏ္ဍာပိုရဖို့၊ အခွန်အခ ပိုရဖို့အတွက် နောက်ထပ်လည်း နိုင်ငံပိုင်တွေကို ဘယ်လိုနစ်နာအောင် လုပ်သွားခဲ့တယ်ဆိုတာတွေကို ဆက်လက်ဖော်ထုတ်နေဦးမှာပါ။

“ကတိသစ္စာတည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဆိုသလိုပဲ ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရစစ်စစ်အနေနဲ့လည်း ကတိသစ္စာတည်ပြီး ဆေးဖက်ဝင်တဲ့ ပြည်သူ့အစိုးရ စစ်စစ်ဖြစ်ကြောင်း နိုင်ငံတော်နစ်နာမှုတွေကို ပြန်လည်စစ်ဆေးပေးရင်း သက်သေပြနိုင်ပါပြီခင်ဗျာ။                                 
Writer: 
မာန်သူရှိန်
http://www.news-eleven.com/news/17382 မှ ကူးယူထားပါသည်။