သော်နေဇော်(ဥပဒေ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာ့နိုင်ငံရေး၊ ဦးထင်ကျော် ဦးဆောင်သော အစိုးရ အဖွဲ့တို့ဖြင့် လှုပ်လှုပ်ရှားရှား အားပါးတရ ရှိနေခဲ့ချိန် တွင်ပင် ပွတ်တိုက်မှု များလည်း တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။ ပထမဦးဆုံး ရခိုင် ပြည်နယ် ၀န်ကြီး ချုပ်ရွေးချယ်မှု အပေါ် ကန့်ကွက်ခံရမှု၊ ဒုတိယ အနေဖြင့် အမျိုးသား လွှတ်တော်မှ အဆိုပြု တင်သွင်းခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို တပ်မတော် ကိုယ်စားလှယ် များက အပြင်းအထန် ကန့်ကွက်မှုနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကနဦး တာဝန်ယူ ထားသည့် ၀န်ကြီးဌာန လေးခုမှ ပညာရေး ၀န်ကြီးနေရာ လွှဲအပ်သူကို အဆင့်မြင့် ပညာရေး အသိုက်အ၀န်းမှ ဆရာများ၏ သဘောမကျမှုတို့ တွေ့ကြုံခဲ့ ရသည်။
မည်သို့ဆိုစေ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အရေးသည် လည်းကောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းသည် လည်းကောင်း၊ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး အရေးသည် လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် ခင်းသော လမ်းအတိုင်း မဖြောင့်တန်း သော်လည်း လျှောက်လှမ်းခဲ့ ကြပြီး ဖြစ်ပေသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အရေးနှင့် ပတ်သက်၍ ဤ Messenger သတင်းဂျာနယ် အတွဲ (၆)၊ အမှတ် (၄၄) တွင် “လွှဲပြီ ကွဲပြီ နိုင်ငံရေး ဆောင်းပါးဖြင့် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ထိုဆောင်းပါး တင်ပြချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေ ကိစ္စ မပေါ်ပေါက်သေးပေ။ ထို့အတွက် ယခု ဆောင်းပါးတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ကိစ္စများကို ဥပဒေရှုထောင့်မှ တင်ပြလို ပါသည်။
ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊
တစ်ချိန်သော အခါက ဖြစ်သည်။ ကျွန်တော်တို့ ဥပဒေ ဌာနတွင် ပညာကြီးသည်ဟု အဆိုရှိသော ဥပဒေ ပါမောက္ခ တစ်ဦး ရှိဖူးသည်။ တစ်နှစ်သော အခါ စာမေးပွဲတွင် ဖြစ်သည်။ ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ အားလုံးက မေဂျာ မှား၍ စာကျက်ခဲ့သည်။ စာမေးပွဲခန်း အတွင်း မေးခွန်း စာရွက်များ ဝေသော အခါတွင် ကျောင်းသား ကျောင်းသူတို့ မျက်လုံးပြူး ကြသည်။ သူတို့ကျက် ခဲ့သည့် ဘာသာ မဟုတ်။ အခန်းစောင့် ဆရာ ဆရာမ များကို “ဒီနေ့ ဒီဘာသာ ဖြေရမှာ မဟုတ်ဘူး ဆိုပြီး ပွဲဆူကုန် တော့သည်။ ထိုစာမေးပွဲခန်း ကိစ္စ ပါမောက္ခချုပ်ထံ ရောက်သွားချိန်တွင် နောက်ဆုံး အမိန့်ထွက် လာသည်။ ကျောင်းသား/ကျောင်းသူတို့ ကျက်ခဲ့သည် ဆိုသော ဘာသာရပ် မေးခွန်းကို ချက်ချင်းထုတ် ပေးရန်နှင့် ထိုနေ့ ထုတ်ပေး ထားသော မေးခွန်းများ ပြန်သိမ်းရန် ဖြစ်သည်။ ကျွန်တော်တို့ ဥပဒေ ပါမောက္ခက ထိုကိစ္စနှင့် ပတ်သက်ပြီး မကြာခဏ ပြောဖူးသည်။ “ငါက မှန်တယ်၊ ဒါပေမဲ့ သူတို့က လူများတယ်။ ဒီမိုကရေစီ ဆိုတာ မှားတာ မှန်တာထက် များသူ နိုင်စတမ်းမို့ ငါကြောက်တယ်ဆို၏။ ထိုသို့သော စကားမကြားရတာ ကြာပြီ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထိုစကားကို ပြန်သုံး လာသည်။ ဒီမိုကရေစီ အနိုင်ကျင့် ခံရတာပါ ဟူ၍ ဖြစ်သည်။ ကျွန်တော် ပြောသည့် စာမေးပွဲ ကိစ္စကား အများစုက မှားသည်၊ မှန်သည့် ပါမောက္ခ မှာ အနိုင်ကျင့်ခံလိုက် ရသည်။ ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်း ကိစ္စတွင် ဒီမိုကရေစီ က အမှန်တရားကို အနိုင်ကျင့်ခဲ့သည်လား ဥပဒေများဖြင့် စဉ်းစား ပါမည်။
ယခု ဆောင်းပါး ရေးသည့် (၆. ၄. ၂၀၁၆) ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေ ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။ မထင်မှတ် ထားသော စကား အသုံးဖြင့် ပွဲထွက်ခဲ့သော ကစားကွက် ဖြစ်သည်။ အဆိုပါ ကစားကွက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် မြင်လို ကြသော ပြည်သူ အများစုလည်း လွန်စွာကျေနပ် စေသည်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့်လည်း ညီညွတ်သည်။ အစိုးရ အဖွဲ့ကို ဦးဆောင်မည် ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားဖြင့် ကိုက်ညီသည့် လုပ်ဆောင်ချက်လည်း ဖြစ်သည်။
ဖြစ်စဉ်များက မြန်ဆန်လွန်း လှသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် အဖြစ် ပြည်ထောင်စု လွှတ်တော်မှ တာဝန်ပေးအပ်နိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို (၃၁. ၃. ၂၀၁၆) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က စတင် တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်က ထောက်ခံ ဆွေးနွေးခဲ့ သဖြင့် ဥပဒေကြမ်းအား လက်ခံ ဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ် ခဲ့သည်။ လက်ခံ ဆွေးနွေးစဉ်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် သော်လည်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အများစုက လက်ခံသဖြင့် အမျိုးသား လွှတ်တော်တွင် အတည်ဖြစ်ခဲ့ လေသည်။
ထိုမှ တစ်ဖန် (၅. ၄. ၂၀၁၆) ရက်နေ့တွင် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ပြီး ဆွေးနွေးရာ တွင်လည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ ကြသည်။ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့ လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့၌ လွှတ်တော်၏ အဆုံး အဖြတ် ရယူပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ခြင်း မပြုသည့် အပိုဒ်၊ အပိုဒ်ခွဲ များအား အမျိုးသား လွှတ်တော်၏ အတည်ပြုချက် အတိုင်း အတည်ပြု နိုင်ရန် လွှတ်တော်၏ အဆုံး အဖြတ် ရယူ အတည်ပြု ခဲ့သည်။ ထို့နောက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း တို့က ၎င်းတို့ တင်သွင်း ထားသည့် ပြင်ဆင်ချက် အဆို (၁၃) ခုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အပိုဒ်၊ အပိုဒ်ခွဲ အလိုက် ဆွေးနွေးခဲ့ကြသည် ကိုလည်းတွေ့ရသည်။
ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ မဲခွဲတဲ့ စနစ်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပြီး အခု ပြည်သူ့ လွှတ်တော်မှာ ပါ မဲခွဲပြီး ဆောင်ရွက်မယ် ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ မဲပေးမှာ မဟုတ်ဘူးဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က လွှတ်တော်တွင်း ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုသည်။ သို့ရာတွင် ပြည်သူ့ လွှတ်တော်တွင်တော့ မဲခွဲသည့် စနစ်ဖြင့်ပဲ တစ်ပိုဒ်ချင်း အတည်ပြုခဲ့ လေသည်။ မဲခွဲစဉ် အချိန်တွင်မူ မဲပေးခွင့်ရှိသူ (၄၀၅) ဦးရှိရာ ထောက်ခံသူ (၂၆၂)ဦး၊ ကန့်ကွက်သူ (၂၂)ဦး၊ ကြားနေ (၉) ဦးဖြင့် အမျိုးသား လွှတ်တော်မှ ပေးပို့သည့် ဥပဒေမူကြမ်း အတိုင်း အတည် ဖြစ်ခဲ့လေသည်။ တပ်မတော်သား ကိုယ်စားလှယ် များက မဲမပေးသည့် အပြင် မတ်တတ်ရပ် ကန့်ကွက်ချိန် ကြာမြင့်စွာ ပြုနေကြသည့် အတွက် လွှတ်တော် ဥက္ကဋ္ဌမှ ထိုင်ရန် အကြိမ်ကြိမ် ညွှန်ကြားရသည် အထိ ဖြစ်ပွားခဲ့သည်။ ထိုသည်ကိုပင် ဒီမိုကရေစီ အနိုင်ကျင့်ခြင်း ဖြစ်သည် ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်များ ဘက်မှ ပြောကြားချက်က လက်ရှိ ကာလ အတွင်း အတော်စား သွားသည့် စကားလုံး ဖြစ်သွားသည်။
ခြေဥ အားနည်းချက်ကို ကိုင်စွဲခြင်း၊
၂၀၁၅ နိုဝင်ဘာ (၈) ရက် အထွေထွေ ရွေးကောက်ပွဲကြီး၏ သမိုင်းဝင်မှုကို ပြန်ပြောရန်လိုမည် မထင်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက မဲအများစုဖြင့် အနိုင်ရ ခဲ့သည်။ ပြည်သူ အများက စိတ်မချမ်းမြေ့ ဖြစ်ရသည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၅၉ (စ)ကို မပြင်လိုက်နိုင်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့ ဥပဒေသမားများ အနေဖြင့်လည်း ခေါင်းစားပြီး နည်းလမ်းပေါင်းစုံ လေ့လာ သုံးသပ်ခဲ့ ကြသည်။ သို့သော် မည်သည့် နည်းလမ်းဖြင့် စဉ်းစား စေကာမူ နောက်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် လမ်းဆုံးသွားပြီး မျှော်လင့်ချက်တို့ ပျောက်ကွယ်ခဲ့ ရသည်။ တစ်ခါက ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် နိုင်ငံတော် အစိုးရ အဖွဲ့ကို ဦးဆောင်မည် ဆိုလေ တော့ မည်သည့် နည်းလမ်းဖြင့် ပွဲထွက်လာလေ မည်လည်း စိတ်ဝင်စား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပြီး ကတည်းက နိုင်ငံရေး ကစားကွက်များကို တစ်ကွက်ချင်း တစ်ကွက်ချင်း လှလှပပ ခင်းပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ခင်းသည့် နိုင်ငံရေး ကစားကွက် အများစု သည် မြန်မာ့ရေး ကျွမ်းကျင်သူ ပြောပြော၊ နိုင်ငံရေး ဂုရုဆိုဆို မည်သူမှ ရာနှုန်းပြည့် မှန်အောင် မှန်းဆမရ နိုင်သည် အထိ လိမ္မာပါးနပ်စွာ ဥပဒေဘောင်အောက်က ကစားသွား ခဲ့သည်။
ယခု ဥပဒေလောကတွင် အရှားပါးဆုံး ဖြစ်သည့် တစ်စုံတစ်ယောက်တည်း အတွက် ဥပဒေ တစ်ရပ် ထုတ်ပြန် လိုက်ခြင်းသည် ဥပဒေကပေး ထားသော အခွင့်အရေးကို အသုံးချ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အတားအဆီးကို ကျော်လွှားသွားခြင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကစားကွက်များ ထဲက တစ်ကွက် ဖြစ်သည်ကား သေချာသည်။ ကျွန်တော်တို့ ဥပဒေ လောကတွင် စကားဆို တစ်ခု ရှိသည်။ ပါလီမန်သည် မြင်းလေးကောင် က,သော ရထားဝင် နိုင်သည့် အပေါက် ရှိသည် ဟူ၍ ဖြစ်သည်။ ဆိုလိုသည်ကား ဥပဒေ တိုင်းတွင် အားနည်းချက် ရှိသည်။ အဆိုပါ အားနည်းချက် ရှိသည့် ဥပဒေကို လိုအပ်သလို အသုံးချ နိုင်ရန် ရှာဖွေတတ်ဖို့သာ လိုသည်ဟု ဆိုသည့် သဘော ဖြစ်သည်။ ယခု ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်ကို ရှာဖွေ အသုံးချသွားခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ -၂၁၇ သည် ယခု ဆူညံ သွားသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေ အတွက် အားနည်းချက် ၀င်ပေါက် ဖြစ်သွားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၂၁၇ တွင် “ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်သည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင် ပုဂ်္ဂိုလ် တစ်ဦးဦးအား လည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်း စကားရပ်ကြောင့် တည်ဆဲ ဥပဒေများ အရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ်္ဂိုလ် တစ်ဦးဦးအား ဖြစ်စေ အပ်နှင်း ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့် များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည် ဟုလည်း မမှတ်ယူရဟု ပြဋ္ဌာန်းထား ပါသည်။
အဆိုပါ ပုဒ်မ-၂၁၇ တွင် အပိုင်းသုံးပိုင်း ပါပြီး ဒုတိယပိုင်း ဖြစ်သည့် ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင် ပုဂ်္ဂိုလ်တစ်ဦးဦးအား လည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ ဆိုသည့် ပြဋ္ဌာန်းချက်ကြောင့် ပြည်ထောင်စု လွှတ်တော် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် အဖြစ် ခန့်ထား နိုင်ခြင်း ဖြစ်သည်။
ထိုအခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ-၁၆ တွင် နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်ဟု ပြဋ္ဌာန်းထားချက်နှင့် ဆန့်ကျင်ပါသလား ဆိုသော် မဆန့်ကျင်ပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ အဆင့်သည် နိုင်ငံတော် သမ္မတ ထက် မြင့်ကြောင်း မည်သည့် ပြဋ္ဌာန်းချက်မှ မပါဝင်သည့် အတွက် ဖြစ်သည်။ တည်ဆဲ အစိုးရ တစ်ရပ် အနေနဲ့ ဥပဒေ စိတ်တိုင်းကျ ရေးဆွဲနိုင် ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတော် သမ္မတ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုတာ အဓိပ္ပာယ်ကွာခြား ပါတယ်။ နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို ဆိုလိုသည် ဆိုပြီး အခြေခံ ဥပဒေမှာ ပြဋ္ဌာန်း ထားတယ်။ နိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဥပဒေပြုတဲ့ အခွင့်အာဏာ၊ အုပ်ချုပ်မှု အခွင့်အာဏာ အားလုံး အကျုံးဝင်နေတဲ့ အတွက် ကျယ်လည်းကျယ်ပြန့် ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုပြီး ဆက်လုပ်မယ် ဆိုရင် အရင်ဥပဒေမှာ ပါတဲ့ နိုင်ငံတော် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အရင် ဖျက်သင့်တယ်လို့ ဒါကြောင့် ပြောတာပါ။ဒါမှမဟုတ် နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ပဲ လုပ်ပါပေါ့ ဟူ၍ တပ်မတော်သား ကိုယ်စားလှယ်များ ဘက်က ဆိုလာသည်။ နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ကို နိုင်ငံတော်သမ္မတက ခန့်ခွင့် ရှိသည်။ ယခု ပြည်ထောင်စု လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၂၁၇ ကို အသုံးပြုပြီး နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ခန့်အပ်နေစရာ မလို။
ထိုအခါ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့် တာဝန် နှင့် လုပ်ပိုင်ခွင့်များ ရှိပါမည်နည်း ဆိုသော် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေ ပုဒ်မ-၅ တွင် တွေ့ရမည် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ ကိုလည်း ပုဒ်မ-၅ တွင် (က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားများ အတွက် အကြံပြုချက်များပေး ရမည်။ (ခ) အကြံပြုချက်များ၊ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်။ (ဂ) အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ဤ ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့ များ၊ လူပုဂ်္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ (ဃ) အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ရာထူး အလျောက် ရရှိသည့် လစဉ် ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေး များကို ခံစားခွင့် ရှိသည်။ (င) အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိ ရမည်ဟု ပြဋ္ဌာန်းထား ပါသည်။ ထို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၁၆ ကိုလည်း မဆန့်ကျင်၊ ပုဒ်မ-၂၁၇ နှင့်လည်း ကိုက်ညီ၊ ပုဒ်မ-၅၉(စ)ကြီး ကိုလည်း ကျော်လွှားပြီး ဖြစ်သည့် ကျွန်တော်တို့ကို မျက်စိကျယ် စေသည့် ဥပဒေတစ်ရပ် ဖြစ်သည်။
ရည်ရွယ်ရင်းက ဘာလဲ၊
အဆိုပါ ဥပဒေတွင် အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်များ၊ အခန်း (၃) တာဝန် ပေးအပ်ခြင်း၊ အခန်း(၄) တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ၊ အခန်း(၅) အထွေထွေ ဟူ၍ အခန်း (၅) ခန်း စုစုပေါင်း ပုဒ်မ-၈ ခုသာ ပါဝင်သည့် ဥပဒေငယ်လေး ဖြစ်သည်။ ဥပဒေက ငယ်သော်လည်း ရည်ရွယ်ချက်က ကြီးမားလွန်း လှသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေတွင် ရည်ရွယ်ချက်များ အဖြစ် အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ- ၃ တွင် “(က) ပါတီစုံဒီမိုကရေစီ စနစ် ထွန်းကားရေး၊ (ခ) ဈေးကွက် စီးပွားရေး စနစ် ပီပြင်ရေး၊ (ဂ) ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးနှင့် (ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ ဖြစ်ကြောင်း ပါရှိသည်။ ပုဒ်မ-၃ (က) နှင့် (ခ)တို့သည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲ စကတည်းက မူလရည်မှန်း ထားသော ရည်မှန်းချက် များကို အဆက်မပြတ် ဆက်လက် ဖော်ဆောင်ရန် ရည်ရွယ်ပုံ ရသည်။ ပုဒ်မ-၃ (ဂ)နှင့် (ဃ) တို့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ရွေးကောက်ပွဲဝင် ရည်မှန်းချက်များ ဖြစ်သည်။ ပုဒ်မ-၃(ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဆိုသည့် အချက်ကား ဒေါ်အောင်ဆန်းစုကြည် မကြာခဏ မိန့်ကြားနေသည့် ဦးစားပေး လုပ်ငန်းရပ် ဖြစ်သလို ကျွန်တော်တို့ နိုင်ငံတွင် ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင် လိုလျှင် မဖြစ်မနေကို ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ငြိမ်းချမ်းရေး မရသမျှ စစ်ဘောင်ကျယ်နေမည်။ စစ်ဘောင်ကျယ်နေ သမျှ ရာနှုန်းပြည့် ဒီမိုကရေစီ ဖော်ဆောင်ရန် မဖြစ်နိုင်။ ထို့အတွက် ငြိမ်းချမ်းရေးသည်ကား ကျွန်တော်တို့၏ ဒီမိုကရေစီသွား မြန်မာနိုင်ငံတွင် မဖြစ်မနေကို ဦးစားပေး ဆောင်ရွက်ရမည့် အချက် ဖြစ်သည်။
ထိုရည်ရွယ်ချက်တို့ကို အကောင်အထည်ဖော် ဆောင်ရွက် အောင်မြင်နိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ခန့်အပ်ခြင်း ဖြစ်ကြောင်းကို အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုသည်မှာ ပုဒ်မ-၂(ခ) အရ ယင်းရည်ရွယ်ချက်များ အောင်မြင်စေရန် ဤ ဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုကြောင်း ဖော်ပြပြဋ္ဌာန်းထား လေသည်။ ထိုအခါ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် မည်သို့ ဆက်စပ်ပါ သနည်း။ အခန်း (၃) ပုဒ်မ-၄ တွင် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည် အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ်္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည် ဟု ပြဋ္ဌာန်း လိုက်သည်။ လူများများ ချပြပြီး ဟန်ပြ ရွေးချယ် ပုံမျိုးဖြင့် ခုနစ်ထွေချီ ကပြ မနေတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းသာ တိုက်ရိုက် ခန့်အပ်လိုက်သည့် ဥပဒေက ရှာမှရှားသော ဥပဒေ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၅၉(စ) ကို လှလှပပ ကျော်လွှားပြ လိုက်ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ရည်ရွယ် ပြဋ္ဌာန်း ထားကြောင်း အများက ယုံကြည်ကြသည်။ မဟုတ်ဟု ဟန်ပြငြင်းနိုင် အောင်လည်း ပရိယာယ်ဖြင့် ပြဋ္ဌာန်း ခဲ့သည်။ ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေ ကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦး တည်း အတွက် ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း အတိအလင်း ကြေညာသည်က အထက်ပါ ပုဒ်မ-၄ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ခန့်အပ်ကြောင်း အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ သက်တမ်းကိုလည်း ပုဒ်မ-၆ တွင် “အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဖြစ်သည်”ဟူသော ပြဋ္ဌာန်းချက်၊ ပုဒ်မ-၇ တွင် “ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကာလတွင် တာဝန် ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်း ကာလ အတွက်သာ ဖြစ်စေ ရမည် ဟူသော ပြဋ္ဌာန်းချက်များက ထပ်မံ ထောက်ခံထား လေသည်။ တစ်နည်း ဆိုသော် ပရိယာယ် ကြွယ်ကြွယ်ဖြင့် သွယ်ဝိုက် မနေဘဲ လိုလားချက်ကို ပြတ်ပြတ်သားသား ဖော်ပြ ထားသော ဥပဒေ တစ်ရပ်ဟု ကောက်ယူရ ပေမည်။ ထိုသို့ လုပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ပါ၏လောဟု မေးလာလျှင် ညီညွတ်သည်ဟုသာဆို ရပေမည်။
ပွတ်တိုက်မှုက အန္တရာယ် ရှိသလား၊
ကျွန်တော် ဤ Messenger သတင်းဂျာနယ်၏ ယခုမတိုင်မီ သုံးလေးပတ်ခန့်မှ စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်များကို အစဉ်ထောက်ပြ ရေးသားခဲ့ ပါသည်။ ယခု ဆောင်းပါး မတိုင်မီ အရင် ဆောင်းပါး တွင်လည်း ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဖွဲ့စည်းခြင်း တို့သည် အနိုင်ရပါတီ၏ လုပ်ပိုင်ခွင့် ဖြစ်သည့် အတွက် အားနည်းချက် တစ်ခု ဖြစ်ကြောင်း တင်ပြခဲ့ ပါသည်။ ဥပဒေတစ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ အငြင်းပွား လာပါက နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြီး အဆုံးအဖြတ် ရယူရ ပါသည်။ ယခု တပ်မတော်သား ကိုယ်စားလှယ်များနှင့် အရပ်သား ရွေးကောက်ခံ ကိုယ်စားလှယ်များ ပွတ်တိုက်မှုများ ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီဆိုကာ ခုံရုံးတင် ဆုံးဖြတ်လျှင် ညီသည်ဟုသာ ဆုံးဖြစ်ပေမည်။
ထိုသို့ ဆုံးဖြတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက ၄င်းတို့ ပါတီကို အကာအကွယ်ပေး ဘက်လိုက် ဆုံးဖြတ်သည်လား ဆိုလျှင် မဟုတ်ပါ။ စံထား ဆုံးဖြတ်ရမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုယ်တိုင်က ကောက်ယူ လိုသည့်အပိုင်းကို ကိုင်စွဲ ကောက်ယူနိုင်သည့် ပြဋ္ဌာန်းချက်များ များစွာပါ နေသည့် အတွက် ဖြစ်သည်။ ဥပမာအားဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကိုးကားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၁၁ (က) ကိုပင် လေ့လာကြည့်ပါ။ ပုဒ်မ-၁၁(က)တွင် “နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည် ဟု ပြဋ္ဌာန်း ထားသည်။ ထို ပြဋ္ဌာန်းချက်ကို တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကိုင်စွဲပြီး ယခု ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပေး ခြင်းသည် ပိုင်းခြား သုံးစွဲရမည့် အာဏာ သုံးရပ်ကို တစ်ဦး တစ်ယောက်တည်း လက်ဝယ်သို့ အပ်နှင်း သကဲ့သို့ ဖြစ်နေသည့် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၁၁ (က) နှင့် ဆန့်ကျင် နေသည်ဟု ထောက်ပြ ကန့်ကွက် ကြသည်။
တစ်ဖက်က တုံ့ပြန်ရန် အများကြီး ဖြစ်ရှိနေသည်။ အခြားပြဋ္ဌာန်းချက်ကို မကိုးကားဘဲ ပုဒ်မ-၁၁(က) ပြဋ္ဌာန်းချက်ကိုပဲ ကိုးကားလျှင် ပုဒ်မ-၁၁(က)တွင် “တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းဟု ဆိုသည်။ မတတ်နိုင် လျှင် ပိုင်းခြား သုံးစွဲရန် မလိုဟု ဆိုလိုသည်။ထို့အပြင် အာဏာ သုံးရပ် ဟု ဆိုသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ကစားလိုက်သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ်တွင် မည်သည့် အာဏာ ရှိသည်ဟု ဆိုမထား။ လုပ်ပိုင်ခွင့်များ အပိုင်း ပုဒ်မ-၅ တွင် (က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့် ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားများ အတွက် အကြံပြုချက်များပေး ရမည်။ (ခ)အကြံ ပြုချက်များ၊ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်။ (ဂ) အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့ အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ်္ဂိုလ်များ နှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်ဟု သာပါသည့် အတွက် ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း တို့ကိုပြုမည် မဟုတ်ဘဲ ဥပဒေပြုသူ၊ အုပ်ချုပ်သူ၊ တရား စီရင်သူ တို့ကို အကြံပြုချက်များ ပေးရန်သာ ပါသည့် အတွက် မည်သည့် အာဏာ ရှိသည်ဟု တရားဝင် ပြောရန်ကား မဖြစ်နိုင်တော့။ ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အာဏာ သုံးရပ်ကို မကိုင်စွဲဘဲ ၄င်း ထံတွင် ကြီးမားစွာ ရှိနေသည့် သြဇာကို အသုံးချကာ အာဏာသုံးရပ် ကိုင်စွဲသူ များကို ၄င်းစိတ်တိုင်းကျ စီမံ သွားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တစ်စုံတစ်ဦးထံ ရှိသော သြဇာကို အာဏာပိုင်များ အပေါ် အသုံးပြုခြင်း မရှိစေရဟု ပြဋ္ဌာန်းမထားသည့် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ-၁၁ (က)နှင့် ဆန့်ကျင်သည်ဟု ပြောရန်ကား ဥပဒေ သဘောအရ လုံးဝ မဖြစ်နိုင်ပေ။
ထိုအခါ စဉ်းစားရန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက် များကား ယခုကဲ့သို့ ဖော်ထုတ် သုံးစွဲ သူများဘက်နှင့် ကာကွယ်သူများဘက် အမြဲတမ်း ပွတ်တိုက်မှုက ဖြစ်နေပေ လိမ့်မည်။ ထိုသို့သော ပွတ်တိုက်မှု များက နိုင်ငံတော်အတွက် အန္တရာယ်ရှိ သလား ဆိုလျှင် ရှိပါသည်ဟုပင် ရိုးသားစွာ ဖြေဆိုရ ပေမည်။ အဘယ့်ကြောင့် ဆိုသော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်များသည် လိုသလို ထုတ်ယူ သုံးစွဲ နိုင်သည့် အတွက်ကြောင့် ဖြစ်သည်။ ယခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည့် အရေး နှစ်ခုကား ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်သည့် အရေးတွင် အရပ်သား အချင်းချင်းနှင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဆိုင်ရာ ဥပဒေ အရေးတို့တွင် အရပ်သားနှင့် တပ်မတော်သားတို့ ပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီတို့ ထုံးစံ အင်အား များသူ၊ မဲများသူက အနိုင်ရပေသည်။ သို့ရာတွင် သီအိုရီသည် အမြဲ မမှန်သည်ကို မည်သူမျှ သတိမလွတ် စေသင့်။ အင်အား ဆိုသော စကားရပ်တွင် လူဦးရေ အရေအတွက် ကိုသာ ဆိုလိုသည် မဟုတ်ဘဲ အခြားသော အင်အားများ ကိုလည်း ထည့်သွင်း တွက်ချက်ထားရ ပေမည်။
နိဂုံး
လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များကား အပြင်းအထန် လှုပ်ရှားသက်ဝင် နေသည်။ အဓိက အားနည်းချက် သည် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ရှိနေသည်။ ထိုအခါ အာဏာ သုံးရပ်လုံး၏ ဦးဆောင်မှု ကဏ္ဍတွင် ပါဝင်နေ သူများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရေးကို အမြဲတွေးဆနေ သင့်သည်။ ထိုသို့ တွေးဆ ရာတွင် အဓိက မဏ္ဍိုင်ထားသင့်သည်မှာ တိုင်းပြည်နှင့် လူမျိုး တိုးတက် ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ တိုးတက် ဖွံ့ဖြိုးရေးဟု ဆိုရာတွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ပညာရေး၊ လူမှုရေး စသည် စသည် ကဏ္ဍစုံ တိုးတက် ဖွံ့ဖြိုးရေးကို ဆိုလို ပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို တရားသေ ကိုင်စွဲ ပွတ်တိုက်နေကြလျှင် တိုင်းပြည်သာ နစ်နာပေမည်။ တိုင်းပြည် နစ်နာလျှင် လူမျိုးလည်း ထုံးစံအတိုင်း ကမ္ဘာ့အလယ်တွင် လူတော မတိုးပြန် ဖြစ်ရပေမည်။ ထို့အတွက် လူထု ရွေးကောက်ခံ ကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ် မခွဲခြားဘဲ တိုင်းပြည်နှင့် လူမျိုး အန္တရာယ် မဖြစ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့ကိုသာ အစဉ်ဦးတည် ဖော်ဆောင် သွားကြစေလို ပါသည်။ တစ်နည်းဆို ရလျှင် နောင်လာမည့် မြန်မာ့ အနာဂတ် နိုင်ငံရေးသည် အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့် အနိုင်ကျင့်ခံရပါသည် ဆိုသည့် တပ်မတော်သား ကိုယ်စားလှယ်တို့ ပွတ်တိုက်မှု များကို နားလည် ပေးပြီး တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွား အတွက် အပြန်အလှန် ထိန်းကျောင်း ဖော်ဆောင်သွား မှသာ အန္တရာယ် စက်ကွင်းက လွတ်ကင်းပြီး ပြည်သူတို့ စိတ်လက်ကြည်သာ အိပ်စက်ရမည်ဟု ယူဆပါကြောင်း တင်ပြ လိုက်ရပါသည်။
http://www.messengernewsjournal.com/news/Article/detail.php?id=51341 မှ ကူးယူထားပါသည်။