Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, 25 March 2016

မျက်ကြည်လွှာကို သဘာဝ အတိုင်း ပြန်လည် တည်ဆောက်ပေးသည့် ခွဲစိတ်မှု အောင်မြင်
အောင်ဇံ
လန်ဒန်၊ မတ် ၁၁
        တရုတ်နိုင်ငံမှ မျက်လုံးတိမ်ရှိသည့် ကလေးများကို သဘာဝ အတိုင်း မျက်ကြည်လွှာ အစားထိုးပေးသည့် ခွဲစိတ်မှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
          အမြင်အာရုံ ပျောက်ဆုံးမှု ထက်ဝက်ကျော်သည် တိမ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ မျက်လုံး ထဲရှိ မှန်ဘီလူးခုံး အလွှာပေါ်တွင် တိမ်ကဲ့သို့ ဖြူဖြူအလွှာ အုပ်ဆိုင်းခြင်းကြောင့် ဖြစ်သည်။ ပုံမှန် ခွဲစိတ်မှု များတွင် မျက်ကြည်လွှာကို ဖယ်ထုတ်ကာ တိမ်ကို ခြစ်ထုတ်ပြီး မျက်ကြည်လွှာ အသစ် အစားထိုး ရသည်။ Nature ဂျာနယ်တွင် ဖော်ပြထားသော ခွဲစိတ်မှု အသေးစိတ် အရကား မျက်ကြည်လွှာ အစားထိုးရန် မလိုဘဲ တိမ်ဖယ်ထုတ် လိုက်သော မျက်ကြည်လွှာကိုပင် ပင်မ ကလပ်စည်း နည်းဖြင့် ကုစားကာ ပြန်လည်ကောင်း မွန်စေခြင်း ဖြစ်ကြောင်း သိရသည်။
          ကမ္ဘာပေါ်တွင် တိမ်ကြောင့် မျက်စိကွယ်သူ သန်း (၂၀) နီးပါး ရှိနေသည်။  အသက်ကြီး လာလေ တိမ်ဖြစ်နိုင်ခြေ  များလာလေ ဖြစ်ကြောင်း သိရသည်။ အချို့သော ကလေးများသည် မွေးဖွားစဉ် ကတည်းက တိမ်စွဲကပ်ကာ မွေးဖွားလာ တတ်သည်။
          သမားရိုးကျ ကုသနည်းကား မျက်ကြည်လွှာကို ခွဲထုတ်ကာ တိမ်ကို ဖယ်ထုတ်ခြင်း ဖြစ်သည်။ သို့သော် ထိုခွဲစိတ်မှုသည် မျက်ကြည်လွှာသစ် အစားထိုးရန် လိုအပ်သည်။ ဆွန်ယက်ဆင် တက္ကသိုလ်နှင့် ဆန်ဒီယေဂိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီများ ပူးပေါင် တီထွင်လိုက်သော ခွဲစိတ်နည်းသစ်ကား မျက်ကြည်လွှာ ၌ အသေးစား အပေါက်လေးသာ ဖောက်ကာ ထိုအပေါက်မှ တိမ်တစ်သျှူး များကို ဆွဲထုတ်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မျက်ကြည်လွှာသစ် အစားထိုးရန် မလိုအပ်။ အသေးစား အပေါက်ဖောက် လိုက်သော နေရာကိုကား ပင်မကလပ်စည်း ဆဲလ်ပွား နည်းဖြင့် မူလအတိုင်း ပြန်ဖြစ်အောင် ကုသယူသည်။
          သုတေသီ အဖွဲ့သည် ယုန်များ၊ မျောက်များဖြင့် စမ်းသပ်ကြည့်ရာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကလေး (၁၂) ဦးနှင့် စမ်းသပ်ကြည့်ရာတွင်လည်း ခွဲစိတ်ပြီး ရှစ်လ အတွင်း ကလေးများ၏ မျက်လုံးသည် ပုံမှန် အနေ အထားသို့ ပြန်ရောက်ကာ ကောင်းမွန်နေကြောင်း သိရသည်။ ခွဲစိတ်မှု အသေးစိတ်ကို Nature ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
ခလုတ်နှိပ်ရုံနဲ့ ဖန်သားပြင် အကြည်၊ အနောက် လိုသလို ချိန်ညှိနိုင်မည့် ပြတင်းပေါက်
ဟန်လင်းအောင်
လန်ဒန်၊ မတ် ၁၈
          ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ပြတင်းပေါက်မှန်ကို အကြည်၊ အနောက် လိုသလို ချိန်ညှိနိုင်ပြီ ဖြစ်ရာ တစ်ကိုယ်တည်း လွတ်လပ်စွာ နေလိုသည့် အခါမျိုးတွင် ပြတင်းလိုက်ကာ လိုက်ပိတ်နေဖို့ မလိုတော့။ လိုက်ကာ တပ်နေဖို့လည်း မလိုတော့။
          ဟားဗတ်တက္ကသိုလ် သုတေသီများ တီထွင်ထားသော နည်းပညာမြင့် မှန်သားသည် မှန်ထဲက မော်လီကျူး များကို လိုသလို အစိပ်အကျဲ ချိန်ညှိနိုင် သဖြင့် လုံးဝ မှန်အကြည် မှသည် လုံးဝ မှန်အနောက် အဖြစ်သို့ ချက်ချင်း ပြောင်းပေးနိုင်သည်။ မှန်သားထဲတွင် ပါသော ကျုံ့နိုင် ဆန့်နိုင် မူလပုံစံ ပြန်နေ နိုင်သော ရှုံ့ကြွမှုန်လေးများကို ငွေရောင် နာနိုဝါယာ ကြိုးများဖြင့် ချိတ်ဆက် ထားသည်။ လျှပ်စစ် လွှတ်လိုက်သည့် အခါ နာနို ၀ါယာကြိုးများ လှုပ်ရှားပြီး ရှုံ့ကြွမှုန်လေးများ မျက်နှာပြင် လှည့်သည့် ဘက်အမျိုးမျိုး ပြောင်းကာ မှန်သား ကို အလင်းဖောက်ဝင် နိုင်စွမ်း အမျိုးမျိုး ပြောင်းသွားသည်။ လျှပ်စစ်ဗို့အား များများပေးလေ နာနိုဝါယာ များများ လှုပ်ရှားလေ ဖြစ်ကာ ရှုံ့ကြွ မှုန်လေးတွေ များများ စုစည်း ကပ်ဖွဲ့ပြီး အလင်းကို ပိတ်ပစ် လိုက်ရာ ရောက်သဖြင့် မှန်သည် အတွင်းကို ဖောက်မမြင်ရသော မှန်နောက် ဖြစ်သွားသည်။ ဗို့အား လျှော့လိုက်လျှင် နောက်ကျိမှု လျော့သွားပြီး ပြန်ကြည် လင်လာမည်။ ဗို့အားကို ထိန်းချုပ်ပြီး မှန်ကို လုံးဝအကြည် မှသည် လုံးဝ အနောက်အဆင့် ထိရောက်အောင် ဖန်တီးနိုင်သည်။
          ယခု မှန်နည်းပညာသစ်ကို ဟားဗတ် တက္ကသိုလ်မှ ဒြပ်ပစ္စည်းများ ဆိုင်ရာ ပါမောက္ခ ဒေးဗစ်ကလာ့ခ် နှင့် ဟားဗတ် တက္ကသိုလ် လက်အောက် ဂျွန်အေပေါဆန် အင်ဂျင်နီယာနှင့် အသုံးချသိပ္ပံ ကောလိပ်မှ ပါရဂူဘွဲ့ သင်တန်းသား ဆင်မြူရယ်ရှန်တို့ ပူးပေါင်းတီထွင်ခဲ့ကြခြင်း ဖြစ်သည်။
Source: Daily Mail

http://www.messengernewsjournal.com/news/Tech/detail.php?id=51162 မှ ကူးယူထားပါသည်။
ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် တီထွင်နိုင်ပြီ
ချမ်းမြေ့
ဆန်ဖရန်စစ္စကို၊ မတ် ၁၈
          သုတေသီတို့သည် အလင်းပြန်မှု မရှိသလောက် နည်းပါးသော ကမ္ဘာ့ အနက်မှောင်ဆုံး အမည်းရောင် ကို တီထွင်ဖန်တီးနိုင် ခဲ့ကြောင်း သိရသည်။
          Vantablack S-VIS  အရောင်ဟု အမှတ်စဉ်ထိုး ထားသည်။ မှုတ်ဆေး သေနတ်ဖြင့် အရောင်များ စပ်ကာ မှုတ်ယူ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ Vantablack S-VIS  အနက်ရောင် မျက်နှာပြင်သည် ၎င်းကို ထိရိုက်သည့် အလင်း (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။ (၀ ဒသမ ၂) ရာခိုင်နှုန်းသော အလင်းသာ မျက်နှာပြင် ကနေ ကန်ထွက်သည်။
          ဗြိတိန် အခြေစိုက် Surrey Nano Systems လုပ်ငန်းက တီထွင်ထားခြင်း ဖြစ်သည်။ Vantablack S-VIS  သည် မည်သည့်ထောင့် ကနေ စောင့်ကြည့်ကြည့် နက်မှောင်သော အရောင် မပြောင်းမလဲ ပြသနိုင်သည်။ အလင်းလှိုင်း အတိုအရှည်မရွေး စုပ်ယူဖမ်းထား နိုင်စွမ်း ရှိသဖြင့် မည်သည့်ထောင့်မှ အလင်းရောင် သက်ရောက်သည် ဖြစ်စေကျ လာသည့် အလင်း၏ (၉၉ ဒသမ ၈) ရာခိုင်နှုန်းထိကို စုပ်ယူထား နိုင်သည်။
          ဟာဘယ် စကြ၀ဠာမှန်ပြောင်းကြီးတွင် အသုံးပြု ထားသော အလင်းပြန်ကန်နှုန်း အနည်းဆုံး ဆိုသော အနက်ရောင် ဆေးသား ထက်ပင် Vantablack S-VIS  ဆေးသားက အလင်းပြန်ကန်နှုန်း (၁၇)ဆ နည်းပါးကြောင်း သိရသည်။
Source: Daily Mail

http://www.messengernewsjournal.com/news/Tech/detail.php?id=51163  မှ ကူးယူထားပါသည်။