ငဝန်မြစ်ကမ်းပေါ်က ဆိပ်ကမ်းမြို့တော်
http://thevoicemyanmar.com/article/7347-nwr
28-Mar-2017
tagged as
ပုဂံခေတ်ကတည်းက
ပင်လယ်ပြင် ထွက်ပေါက်မြို့ဖြစ်သော ပုသိမ်မြို့သည် ၁၉၈၈ ခုနှစ်
နောက်ပိုင်းမှ စတင်ကာ နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ခြင်း မရှိသည်မှာ
ဆယ်စုနှစ် ၃ စုနီးပါးရှိပြီဖြစ်သည်။
သို့သော်
ပုသိမ်သည် သူ၏ဂုဏ်ပုဒ်ဖြစ်သော ပင်လယ်ဆိပ်ကမ်းမြို့ကြီး ပြန်ဖြစ်လာရန်အတွက်
ယခုအခါ စတင် တာစူလေပြီ။ ငဝန်မြစ် ဖြတ်သန်းစီးဆင်းသည့် ပုသိမ်ခရိုင်အတွင်း
ပင်လယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်နှစ်ခုနှင့် အဆင့်မြင့် ပင်လယ်ကူးသင်္ဘော
ဆိပ်ကမ်း ပါဝင်သည့် စက်မှုမြို့တော်တစ်ခုတို့ကို ဖော်ဆောင်တော့မည် ဖြစ်သည်။
ရန်ကုန်မြို့မှ
ကားဖြင့်သွားပါက ၄ နာရီခန့်အတွင်း ရောက်နိုင်သည့် မြန်မာနိုင်ငံ
အနောက်တောင်ပိုင်းက ပုသိမ်မြို့မှာ ပြည်တွင်းမှ နာမည်ကျော် ကမ်းခြေများကို
သွားရောက် လည်ပတ်ရင်း ခရီးတစ်ထောက် နားရန် နေရာတစ်ခုအဖြစ် လူသိများကြသည်။
သို့သော်လည်း
တစ်ချိန်က နိုင်ငံတကာ သင်္ဘောများ ဝင်ထွက်ရပ်နားခဲ့သည့်
ဆိပ်ကမ်းမြို့တော်ကြီး ဆိုသည်ကိုတော့ သိသူက အတော်ကို နည်းပါသည်။ ကမ်းခြေ
ခရီးသွားများသည် ထိုးမုန့်များ၊ ဟာလဝါများ၊ ဒေသထွက် ပုသိမ်ထီးများကို
အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ကြလေ့ ရှိသော်လည်း ပုသိမ်ဆိပ်ကမ်းဘက်ကိုတော့
သွားရင်းလာရင်း အမှတ်တမဲ့ ကျော်သွားကြသည်။
ပုသိမ်မြို့
အမှတ် ၇ နယ်မြေ ကျောက်ငူအရပ်တွင် ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ နိုင်ငံတကာမှ
ပင်လယ်ကူး သင်္ဘောများ ဝင်ထွက် ဆိုက်ကပ်ကာ သစ်၊ ဆန်၊ ပဲ၊ ပြောင်းတို့
တင်ပို့သည့် “ပိုလန်”အမည်ရှိ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းနှင့်
ကုန်စည်သိုလှောင်ရုံများ ရှိခဲ့သည်။
“နိုင်ငံခြားက
ပင်လယ်ကူး သင်္ဘောတွေ မဝင်တော့တာက အနယ်ပို့ချမှုကြောင့် မြစ်ကြောင်း
ကောလာတာရယ်၊ ငဝန်မြစ်ဝ(ပုသိမ်မြစ်ဝ)က သန္တာကျောက်တန်း
မြင့်တက်လာတာရယ်ကြောင့် ရေစူးနက်တဲ့သင်္ဘောတွေ မဝင်တာပါ၊ အနောက်ရိုးမက
သစ်တောလည်း ကုန်ပြီ၊ ဆန်ကလည်း ပြည်ပဈေးကွက် မတိုးနိုင်တော့ သစ်နဲ့ဆန်
ပြည်ပကို တင်ပို့တာ အရမ်း လျော့ကျသွားတာကြောင့်လည်း ပါတယ်”ဟု
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။
ပုသိမ်မြို့သည်
ဧရာဝတီ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး
မြို့လည်းဖြစ်သည်။ လူဦးရေ သုံးသိန်းကျော် နေထိုင်ပြီး ရန်ကုန်မြို့၏
အနောက်ဘက် ၁၁၈ မိုင်အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင်
တည်ထားသောမြို့ ဖြစ်သည်။ ပင်လယ်ဝမှ ၇၅ မိုင် ကွာဝေးပြီး ကုန်းတွင်း အကျဆုံး
ပင်လယ် ဆိပ်ကမ်းမြို့ကြီး ဖြစ်သည်။
ရှေးယခင်ကပင်
ပုသိမ်သည် သန်လျင် မုတ္တမတို့နှင့် ခေတ်ပြိုင် ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။
ပြည်ပနိုင်ငံများနှင့် ကုန်စည် ကူးသန်းရောင်းဝယ်မှု ထွန်းကားခဲ့သည့်
ပင်လယ်ဆိပ်ကမ်းမြို့အဖြစ် ကျော်ကြားသော ပုသိမ်ကို အနောက်နိုင်ငံသားတို့က
BASSEIN ဟု ခေါ်ခဲ့ကြသည်။
ပုသိမ်တွင်
ဘုရားကြီးကုန်းအရပ်၌ ပေါ်တူဂီတို့၏ ကုန်လှောင်စခန်းများ ရှိခဲ့သလို
ပုသိမ်အနီးရှိ ဟိုင်းကြီးကျွန်းတွင်လည်း အင်္ဂလိပ်တို့၏
ကုန်သိုလှောင်စခန်းများ ရှိခဲ့ခြင်းက ပင်လယ်ကြောင်း ကုန်သွယ်မှု
ထွန်းကားခဲ့သည့် သမိုင်း အထောက်အထား ဖြစ်သည်။
ယခုအခါ
ပုသိမ်ခရိုင် အတွင်း၌ ငပုတောမြို့နယ် ငရုတ်ကောင်း ကမ်းခြေဒေသတို့တွင်
ပင်လယ်ရေနက် ဆိပ်ကမ်းနှင့် သယ်ယူ ပို့ဆောင်ရေး စက်မှုဇုန်ကိုလည်းကောင်း၊
ပုသိမ်မြို့နယ် ဆင်မကမ်းခြေဒေသတွင် ပင်လယ် ရေနက်ဆိပ်ကမ်းနှင့် သယ်ယူ
ပို့ဆောင်ရေး စက်မှုဇုန်ကိုလည်းကောင်း လုပ်ဆောင်ကြရန် ပြည်တွင်း ပြည်ပ
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများက ၂၀၁၄ ခုနှစ်မှစ၍ ကွင်းဆင်း လေ့လာကာ
အစိုးရအဖွဲ့သို့ တင်ပြထားခြင်းများ ရှိနေခဲ့သည်။
ထို့အတူ
ပုသိမ်မြို့ ငဝန်မြစ်ကမ်းပေါ်တွင် တည်ဆောက်မည့် ပုသိမ်စက်မှုမြို့တော်နှင့်
အဆင့်မြင့် ပင်လယ်ကူး သင်္ဘောဆိပ်ကမ်း စီမံကိန်းကိုလည်း ဧရာဝတီ
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (Ayeyarwaddy Development
Public Company Limited) က ၂၀၁၄ ခုနှစ်ကပင် သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။
ထိုပုသိမ်
စက်မှုမြို့တော်နှင့် အဆင့်မြင့် ပင်လယ်ကူး သင်္ဘောဆိပ်ကမ်း စီမံကိန်းဒေသသည်
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြား၊
ပုသိမ်မြစ်(ငဝန်မြစ်) အရှေ့ဘက်ကမ်း ငဝန်မြစ်နှင့် ပုသိမ် ငပုတော
ကားလမ်းအကြားရှိ မြေဧက ၂၇၀ဝ အတွင်း၌ တည်ရှိသည်။
ပုသိမ်
စက်မှုမြို့တော်အတွက် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို ပုသိမ်မြို့နှင့် ၉
မိုင်ခွဲခန့် အကွာရှိ ကန်ကြီးထောင့်မြို့နယ် ကံကုန်းရွာတွင်
လျှပ်စစ်ဓာတ်အားခွဲ စက်ရုံ တည်ဆောက်ထားပြီး စက်မှုမြို့တော်တွင် ရှိလာမည့်
ထရန်စဖော်မာများဖြင့် ပြန်လည် ပို့လွှတ်သွားမည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀ဝဝ
မှ ၁၀ဝ၀ဝ အထိ ပင်လယ်ကူး သင်္ဘောများ ဝင်ထွက်နိုင်သော အဆင့်မြင့် သင်္ဘော
ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း Ayeyarwaddy Development Pulic
Co., Ltd. ထံမှ သိရသည်။
စက်မှုမြို့တော်
တည်ဆောက်မည့် စီမံကိန်း ဧရိယာအတွင်း ပုသိမ်မြို့၏ တောင်ဘက်
ငါးမိုင်ခန့်အကွာ ငဝန်မြစ်ကမ်းဘေးတွင်ရှိသော ပုသိမ်မြို့နယ် အမှတ် (၈)
ရပ်ကွက်၊ အမှတ် (၁၂) ရပ်ကွက်နှင့် ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ
ချောင်းစောက်ကျေးရွာနှင့် ဆင်ခေါင်းကြီး ကျေးရွာတို့တွင်ရှိသော မြေနေရာများ
ပါဝင်မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အသိအမှတ် ပြု ကျေးရွာများကိုမူ
ဖျက်သိမ်းမည် မဟုတ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
သတင်းထုတ်ပြန်ထားသည်။
“ပုသိမ် စက်မှုမြို့တော်
စီမံကိန်းကို အများပိုင် ကုမ္ပဏီလုပ်ငန်းအဖြစ် ပီပြင်စေဖို့ အစုရှယ်ယာတွေ
ခေါ်ယူ ရောင်းချပြီး ငါးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်မယ်၊ ရှယ်ယာတစ်ခုကို
ကျပ်တစ်သောင်းနဲ့ ရောင်းချပါတယ်၊ ဒေါ်လာသန်း ၁၀ဝ ကျော် ရင်းနှီး
မြှုပ်နှံမှာပါ၊ ယခုအချိန်အထိ ဒေါ်လာ ၁၀ သန်းအသုံး ပြုပြီးပါပြီ၊ စီမံကိန်း
လုပ်ငန်းတွေကို စတင်နေပါပြီ”ဟု ပုသိမ် စက်မှုမြို့တော် တည်ဆောက်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပုသိမ်
စက်မှုမြို့တော် စီမံကိန်း လုပ်ငန်းရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင်
ပြောကြားခဲ့သည်။
ဒေသခံလယ်သမားများနှင့်
ညှိနှိုင်းကာ လယ်မြေဧက ၂၂၀ဝ ကျော်အား တစ်ဧကလျှင် ကျပ်သိန်း ၃၀ မှ သိန်း ၅၀
အကြား ပေးဝယ်ခဲ့ရပြီး ထိုဒေသများမှာ ရေနက်ကွင်းဒေသဖြစ်၍ လယ်မြေများမှာ
ရေကျနောက်စိုက် လယ်မြေများ ဖြစ်သည်။ လယ်မြေကို အခြားနည်းလမ်းဖြင့်
အသုံးပြုခွင့်ရပြီးပြီဖြစ်၍ စီမံကိန်း လုပ်ငန်းကို စတင်ခြင်း ဖြစ်သော်လည်း
စီမံကိန်းအတွက် သတ်မှတ်မြေဧက ၂၇၀ဝ အား ပြည့်မီအောင် ဝယ်ယူ၍ မရသေးပေ။
“သတ်မှတ်မြေဧက
ပြည့်မီရေးအတွက် ဧက ၄၀ဝ ကျော် ကျန်နေသေးပါတယ်၊ အဲဒါကိုလည်း
ဆက်ဝယ်သွားမှာပါ၊ လယ်ကို အမှန်တကယ် ဆက်လုပ်ချင်တဲ့ လယ်သမားတွေက
သူတို့လယ်တွေ ပြန်မရောင်းတာရယ်၊ တချို့ စီးပွားရေး အမြင်ရှိသူတွေက
လယ်မြေတွေ ကြိုဝယ်ထားပြီး အဆမတန် ဈေးတွေ တောင်းနေတော့ အခက်ဖြစ်နေတာပါ။
ဒါကို အစိုးအဖွဲ့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ”ဟု Ayeyarwaddy
Development Public Co., Ltd. မှ စီမံကိန်းမန်နေဂျာ ဦးဝင်းကိုကိုကျော်က
ဆိုသည်။
ထိုဒေသရှိ လယ်များမှာ စပါးအထွက်နှုန်း
မကောင်းသော်လည်း လယ်ယာလုပ်ငန်းမှလွဲ၍ အခြားသော လုပ်ငန်းများ
မလုပ်ကိုင်တတ်သဖြင့် လယ်များကို မရောင်းဖြစ်ကြ။ လယ်ယာများကို
ရောင်းလိုက်ပါက စက်မှုမြို့တော် တည်ဆောက်မည့် ငါးနှစ်ကျော်အချိန် ကာလအတွင်း
လယ်ယာမဲ့ အလုပ်အကိုင်မဲ့ ဘဝဖြင့် ရင်ဆိုင် ဖြတ်ကျော်ရန် မလွယ်ကူလှသော
တောင်သူတို့၏ ဘဝ အခြေအနေများကလည်း ရှိနေကြသည်။
မရောင်းပြန်လျှင်လည်း
မိမိတို့ လယ်မြေများကို ဝန်းရံ ခြံခတ်ပြီး သွားလမ်းလာလမ်းများ ပိတ်သွားကာ
လုပ်ငန်း အနှောင့်အယှက် ဖြစ်စေခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့်
မိမိတို့ လယ်ယာများ ယခုထက် ပိုမို ထွက်နှုန်း ကျသွားခြင်းတို့ကို
စိုးရိမ်နေကြောင်း၊ လယ်ယာမြေများ ရောင်းချရေး မရောင်းချရေးအား မည်ကဲ့သို့
ရွေးချယ် ဆုံးဖြတ်ရမည်ကို အခက်အခဲရှိနေကြောင်း လယ်မြေ မရောင်းချသေးသော
တောင်သူ လယ်သမား အများစုက ဆိုသည်။
“စီမံကိန်း
မြန်မြန် စစေချင်တယ်၊ လယ်ရောင်းထားတဲ့ ငွေကုန်သွားရင် အခက် တွေ့တော့မှာပါ၊
စီမံကိန်း စရင် အလုပ်သမားတွေကို ဈေးရောင်းတဲ့အလုပ်ကို အရင်ဆုံး လုပ်ရမှာပဲ၊
လယ်သမားဘဝကနေ ဈေးသည်ဘဝ ပြောင်းရမှာ ခက်တာက ထိုင်နေအကောင်းသား ထသွားကာမှ
ကျိုးဆိုတာမျိုး ဖြစ်သွားရင် ခက်ပြီ”ဟု လယ်ငါးဧကနီးပါး ရောင်းချပြီးသူ
အမှတ် ၁၂ ရပ်ကွက်မှ တောင်သူ ဦးတင်သိန်းက ပြောသည်။
“ဒီနားဝန်းကျင်က
လယ်တွေ အတော်များများ ရောင်းပြီးပါပြီ၊ စက်ရုံတွေ အမြန်ရှိလာစေချင်တယ်၊
ဒါမှ လယ်ယာ မရှိတော့တဲ့ ကျွန်တော်တို့ရဲ့ သားသမီးတွေ အလုပ်အကိုင်
အဆင်ပြေမှာပါ၊ အခုနှစ် မိုးစပါးကတော့ သူတို့ကုမ္ပဏီက စက်ရုံတွေ
တည်ဆောက်မှုတွေ မစသေးတော့ ကျွန်တော်တို့ကို သီးစားခနဲ့ ပြန်လုပ်
ကိုင်ခွင့်ပေးထားတယ်”ဟု ချောင်းစောက် ကျေးရွာမှ ရပ်မိ ရပ်ဖ ဦးသာထူးက
ဆိုသည်။
စက်မှုမြို့တော် တည်ဆောက်မှုကို
ထိုင်းနိုင်ငံမှ Team Group က ဒီဇိုင်း ရေးဆွဲပေးမည်ဖြစ်ပြီး
လက်ရှိအချိန်တွင် ထိုစက်မှုမြို့တော်တွင် စက်ရုံကြီးများတည် ဆောက်ရန် ဂျပန်၊
အမေရိကန်နှင့် စင်ကာပူတို့မှ ကုမ္ပဏီ ကြီးများက အဓိကစိတ်ဝင်စားနေပြီး တရုတ်
(တိုင်ပေ) မှကုမ္ပဏီများကလည်း စိတ်ဝင်စားမှုရှိနေသည်ဟု ပုသိမ်မြို့
စက်မှုလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ အသိုင်းအဝန်းမှ
ဆိုနေသော်လည်း လက်ရှိအခြေအနေတွင် မြေပြင်ပြုပြင်ရေး လုပ်ငန်းများကို စတင်
ဆောင်ရွက်နေပြီး မည်သည့်စက်ရုံမှ စတင် တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
Ayeyarwaddy
Development Co., Ltd. မှ Managing Director ဦးစည်သူစိုးကမူ စီမံကိန်း
လုပ်ငန်းများကို ၂၀၁၄ နှစ်ဆန်းပိုင်းက စတင်၍ ဆောင်ရွက်ရန်
စီစဉ်ထားခဲ့သော်လည်း ပုသိမ်မြို့၏ မြေဈေးနှုန်း မြင့်တက်နေမှုကြောင့်
လယ်သမားအချို့မှာ မိမိတို့ပိုင် လယ်မြေများအား ထုတ်မရောင်းတော့သဖြင့်
နှောင့်နှေး ကြန့်ကြာမှုများဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ သတ်မှတ်ချက်
မြေဧရိယာ မရသေးသဖြင့် စီမံကိန်း ဒီဇိုင်းကို ပြည့်စုံအောင် ရေးဆွဲပြီး
မပြနိုင်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတို့ကို ဖိတ်ခေါ်ရန်
အခက်ကြုံခဲ့ကြောင်း ဆိုသည်။
ယင်းအပြင်
ထိုင်းနိုင်ငံမှ Tean Consultant အကြံပေး ကုမ္ပဏီနှင့် ချိတ်ဆက်
ဆောင်ရွက်ပြီး၊ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူနဲ့ မလေးရှား နိုင်ငံများမှ
ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း၊
စီမံကိန်းလုပ်ငန်းကို စတင်နေပြီဖြစ်၍ ဒေသအတွင်း အလုပ်လက်မဲ့ ပြဿနာ
ဖြေရှင်းနိုင်ပြီး လူမှုဘဝ မြင့်တက်ဖွံ့ဖြိုးလာရန်
ရည်ရွယ်ချက်များပါရှိခြင်းကြောင့် ဒေသခံများ အနေနှင့် ဖြစ်ချင်တာနဲ့
ဖြစ်သင့်တာကို စဉ်းစား ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း ၎င်းက ဆက်လက်
ရှင်းပြသည်။
ပုသိမ် စက်မှုမြို့တော် စီမံကိန်းကို
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး
အများပိုင် ကုမ္ပဏီလီမိတက် (Ayeyarwaddy Development Public Company
Limited) နှင့် စင်ကာပူနိုင်ငံမှ (Bok Seng Logistics Private Limited)
ကုမ္ပဏီတို့သည် ပုသိမ် စက်မှုမြို့တော် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသည့်
လုပ်ငန်းများ၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် နှစ်ဦးနှစ်ဖက် အကျိုးတူ
လုပ်ငန်းများ လုပ်ဆောင်ကြရန်အတွက် ပုသိမ်ဟိုတယ် ပတ္တမြားခန်းမတွင်
ဖေဖော်ရီလ ၂၈ ရက်နေ့ ညနေပိုင်းက နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြသည်။
ဧရာဝတီ
တိုင်းဒေသကြီး ပုသိမ်မြို့အနေနှင့် ပထဝီ အနေအထားအရ ပြည်တွင်းပြည်ပ
စီးပွားရေး လုပ်ငန်းများအတွက် အလားအလာကောင်းများ ရှိနေကြောင်း (Bok Seng
Logistics Private Limited) အနေနှင့် ပုသိမ် စက်မှုမြို့တော် စီမံကိန်းနှင့်
ပုသိမ်စက်မှုမြို့တော်တွင် လာရောက် ရင်းနှီးမြှုပ်နှံသူတို့အတွက် ရေလမ်း၊
ကုန်းလမ်း သယ်ယူထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းကို ဝန်ဆောင်မှု ပေးသွားမည်
ဖြစ်ပြီး Bok Seng Group သည် အာရှနိုင်ငံများနှင့် အရှေ့တောင်
အာရှနိုင်ငံများတွင် အောင်မြင်မှုများရ ရှိနေပြီးဖြစ်ကြောင်း ထိုကုမ္ပဏီ၏
ဒါရိုက်တာ Richard Tan က ဆိုသည်။
အဆိုပါ
စာချွန်လွှာ ရေးထိုးသည့် အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် အားပေးခဲ့ကြပြီး ဧရာဝတီ
တိုင်းဒေသကြီး အစိုးရ၏ သဘောတူ ခွင့်ပြုချက်နှင့် ပံ့ပိုးမှုများ
ရရှိပြီးဖြစ်ကြောင်း ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်
(Ayeyarwaddy Development Public CompanyLimited) ၏ ဒုတိယဥက္ကဋ္ဌ ဦးနေနေ
လွှမ်းမိုးက ထိုစာချွန်လွှာ ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
“စီမံကိန်းကို
အမြန်အကောင်အထည်ဖော်နိုင်ဖို့ တိုင်းအစိုးရကလည်း ပံ့ပိုးမှုတွေ
လုပ်ပေးနေတယ်၊ စီမံကိန်း အကောင်အထည်ပေါ်သွားရင် ရင်းနှီးမြှုပ်နှံမှုတွေ
ဝင်လာမှာပါ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိတဲ့ဒေသမို့
ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ လုပ်ငန်းများကို စိတ်ချလက်ချ လုပ်နိုင်မှာ
ဖြစ်သလို ဒေသအတွင်း အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီး လူမှုဘဝ
မြင့်တက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက
မှတ်ချက်ပြုသည်။
ပုသိမ် စက်မှုမြို့တော်
စီမံကိန်းတွင် နိုင်ငံတကာ အဆင့်မီ အလျားမီတာ ၁၀ဝ ခန့်ရှိ တန်ချိန် (၅၀ဝ၀)
မှ (၁၀ဝ၀ဝ) အထိ ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတစ်ခု
ပါဝင်သည့်အပြင် ဆန်စက်ရုံများ၊ ပေါင်းဆန်စက်ရုံများ၊ အခြားသော ဒေသထွက် ပဲ၊
ပြောင်းနှင့် ဆက်စပ်စက်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ သစ်အချောထည်
စက်ရုံများ၊ ငါး၊ ပုစွန် အအေး ခန်းစက်ရုံများ၊ လျှပ်စစ်နှင့်ဆိုင်သော
ကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများနှင့် ပြည်ပသို့ပို့ရန် ကုန်ပစ္စည်းများ
သိုလှောင်ရန် ဂိုဒေါင်ကြီးများ ပါဝင်မည်ဖြစ်သည်။
ယင်းကြောင့်
အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်ရာ အလုပ်သမားများ၏
အခွင့်အရေးဆိုင်ရာများအတွက် အစိုးရ၊ လုပ်ငန်းရှင်နှင့် လုပ်သားများအကြား
ကတိကဝတ်များ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရန် လိုအပ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားများသမဂ္ဂက သုံးသပ်သည်။
“စီမံကိန်းနဲ့ပတ်သက်ပြီး
ပွင့်လင်းမြင်သာ လုပ်ကြဖို့လိုပါတယ်၊ လုပ်ငန်းရှင်များရဲ့
အကျိုးစီးပွားနဲ့ ဒေသတွင်း နေထိုင်သူတို့ရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု
အကျိုးစီးပွားတို့ မျှတဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် EIA စစ်ဆေးမှုတွေကို
ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်”ဟု ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးမှ ဦးစိုးလှိုင်ဦးက
အကြံပြု ပြောကြားသည်။
ဒေသတွင်း ဖွံ့ဖြိုးရေး
စီမံကိန်းတစ်ခု ဖြစ်သော်လည်း ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုတို့ကား
ဒွန်တွဲရှိနေမည်ဖြစ်သည်။ မူလ ရည်မှန်းချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေး
ရည်မှန်းချက်မှ သွေဖည်မှု မရှိစေရန်အတွက် လိုအပ်ပေမည်။ သက်ရောက်မှုအတွက်
မျက်ခြည်မပြတ် ရှိနေရန် လိုအပ်ပြီး အဆိုးသက်ရောက်မှုများအတွက်
ကြိုတင်ကာကွယ်မှု အစီအမံများ ထားရှိရန် လိုအပ်ပေမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ
တစ်ချိန်တစ်ခါက ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းကောင်းအဖြစ် အစဉ်အလာ ရှိခဲ့သော
မြန်မာနိုင်ငံ၏ ဒုတိယ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သော ပထဝီ အနေအထားအရ
အားသာချက် များစွာရှိနေသော ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့ကို
ဖြတ်သန်း စီးဆင်းနေသည့် ငဝန်မြစ်ကမ်းပေါ်တွင် အခြေအနေ အခင်းအကျင်း
အသစ်များဖြင့် ပုသိမ် စက်မှုဆိပ်ကမ်းမြို့တော်သစ် စီမံကိန်းကား စတင်နေပြီ
ဖြစ်သည်။
သို့သော် ယင်းဆိပ်ကမ်းမြို့တော်
စီမံကိန်းကြီးက ဧရာဝတီတိုင်းသားတို့၏ဘဝ မည်မျှ ပြောင်းလဲ တိုးတက်လာမည်
ဆိုသည်ကား ဒေသခံတို့အတွက် စိတ်ကူးမျှပင် မယဉ်ရဲသေးသည့် အဆင့်တွင်သာ
ရှိနေဆဲ။
မောင်မျိုးထက် (ပုသိမ်)