Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, 10 January 2017

ဒုတိယ ရှံကရ သို့မဟုတ် မိုးပြာဦးညာဏ

မြန်မာ့အလင်းသတင်းစာ (၃-၁၂-၂၀၁၆ ရက် စနေနေ့ ထုတ်) မှာ ဦးနေ၀င်းဆိုသူက မိုးပြာဦးညာဏရဲ့ ပစ္စုပ္ဗန်ကမ္မ၀ါဒ အယူဝါဒရေးရာဆိုင်ရာ စာအုပ်စာတမ်း အသံသွင်းခွေများ ထုတ်ဝေမယ်၊ ကန့်ကွက်နိုင်တယ်ဆိုပြီးတော့ ကြေငြာခဲ့တယ်။ ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး)က ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တယ်။ လွှတ်တော်မှာ သာသနာရေးဝန်ကြီး ကိုယ်တိုင်ကလည်း မိုးပြာဦးညာဏကို တရားစွဲမယ်လို့ သတင်းထောက်တွေကို ထုတ်ပြောခဲ့တယ်။ ဒီအခါမှာ လစ်ဘရယ်သမားလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူအချို့နဲ့ မိုးပြာဂိုဏ်းသားများက ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ ပြောရေးဆိုခွင့်မရှိဘူးလို့ အသံထွက်လာကြတယ်။ ဒါကြောင့် မိုးပြာဦးညာဏနဲ့ သူ့အယူဝါဒနဲ့ပတ်သက်ပြီး ပြောပြချင်တာလေးတွေ ရှိလာတယ်။          

သာသနာတော်နှစ် ၁၂၀၀ ကျော်သောအခါ အိန္ဒိယနိုင်ငံ ကေရလာ ပြည်နယ်တွင် ရှံကရအမည်ရှိ ဗြဟ္မဏပဏ္ဍိတ်တစ်ယောက် ပေါ်ပေါက်ခဲ့ တယ်။ ရှံကရဟာ ဗုဒ္ဓဘာသာရဟန်းတော်များဖြစ်ကြတဲ့ ဒိန္နာဂနဲ့ ဓမ္မ ကိတ္တိတို့ ရေးသားစီရင်ထားတဲ့ တက္ကဗေဒကျမ်းများကို တစ်ဖက်ကမ်းခတ် လေ့လာတတ်မြောက်ထားသူဖြစ်တယ်။ ဒါကြောင့် ရှံကရဟာ တက္ကဗေဒ နည်းကျ စကားစစ်ထိုးရာမှာ ကျွမ်းကျင်လိမ္မာသူဖြစ်တယ်။ 

ရှံကရဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲများဖြစ်တဲ့ ယောဂါစာရဂိုဏ်းနဲ့ မဇ္ဈိမိကဂိုဏ်းများက အတွေးအခေါ်သဘောတရားများကို ကူးယူပြီး အတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ဖန်ဆင်းရှင်ဝါဒများကို ယုတ္တိရှိအောင် ပြုပြင်ရေး သားပေးခဲ့တယ်။ အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့ အတ္တ၀ါဒဆိုင်ရာ ကျမ်းများကို ရှေ့နောက်ညီညွတ်အောင် ဖွင့်ဆိုချက်ကျမ်းများ ရေးသား ပေးခဲ့တယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို အတုယူပြီးတော့ ဟိန္ဒူဘုန်းကြီးများကို ကျောင်းတိုက်များနဲ့ တစုတဝေးတည်းနေစေပြီး စနစ်တကျ အယူဝါဒဆိုင်ရာစာပေများ သင်ကြားပေးစေခဲ့တယ်။ 

ရှံကရဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်ရှိ ဘုရင်များကို သာသနာ့ဒါယကာအဖြစ် သိမ်းသွင်းပြီး သာသနာပိုင်ရဟန်းမင်းအဖြစ် ဟိန္ဒူဘုန်းကြီးကျောင်းများကို ကွပ်ကဲအုပ်ချုပ်ခဲ့တယ်။ 

ရှံကရဟာ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ အယူဝါဒယှဉ်ပြိုင်ပွဲများ မကြာခဏပြုလုပ်ဆင်နွှဲလေ့ရှိတယ်။ ရှံကရဟာ စကားပြောကျွမ်းကျင် သူဖြစ်တာကြောင့်ရယ်၊ ထိုအချိန်အခါက စာပေကျမ်းဂန် ကျွမ်းတတ် မြောက်တဲ့ရဟန်းတော်များ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှာ မရှိတော့တာကြောင့် ရှံကရကသာ အမြဲအနိုင်ရရှိတယ်။ ရှံကရဟာ သူအနိုင်ရရှိတဲ့အခါမှာ ရှုံးတဲ့ရဟန်းတော်များကို ဗုဒ္ဓဘာသာကို စွန့်လွှတ် စေပြီး ဟိန္ဒူဘာသာကို ကိုးကွယ်ခိုင်းခဲ့တယ်။ ဟိန္ဒူဘာသာကို မကိုး ကွယ်ပါက ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးကြီးထဲ နှစ်သတ်စေခဲ့တယ်။ 

ရှံကရဟာ ဘာကြောင့် ဗုဒ္ဓဘာသာအပေါ် ဒါလောက် ရက်ရက် စက်စက် ပြုလုပ်ခဲ့ရတာပါလဲ။ ရှံကရဟာ တစ်ချိန်က ဗုဒ္ဓဘာသာရဟန်း တော်တစ်ပါးဖြစ်ခဲ့တယ်။ သူဟာ ပါရာဇိကကျတာကြောင့် ရဟန်းကောင်း များက သူ့ကို လူဝတ်လဲစေပြီး သာသနာ့ဘောင်ကနေ နှင်ထုတ်ခဲ့တယ်။ ဒါကြောင့် ရှံကရဟာ ဗုဒ္ဓဘာသာအပေါ် အငြိုးတကြီး ချေမှုန်းတိုက်ခဲ့တာ ဖြစ်တယ်။ 

မြန်မာနိုင်ငံ သာသနာ့သမိုင်းမှာလည်း ဒုတိယရှံကရတွေ အများ အပြား ပေါ်ပေါက်ခဲ့တယ်။ အထူးသဖြင့် ပါရာဇိကကျလို့ သာသနာတော် မောင်းထုတ်ခံရသူများ၊ ပါရာဇိကကျပြီး စိတ် မလုံမခြုံဖြစ်နေသူများဟာ ထေရ၀ါဒပိဋကစာပေများကို ပုံဖျက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အငြိုး တကြီး တိုက်ခိုက်တတ်ကြတယ်။ ယနေ့အချိန်မှာ ဒုတိယရှံကရအဖြစ် ထင်ရှားကျော်ကြားနေသူကတော့ မိုးပြာဦးÓဏပဲဖြစ်တယ်။ 

မိုးပြာဦးညာဏကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဂေါင်းကွဲ ကျေးရွာနေ ဦးမြဒင်+ဒေါ်လှထွန်းတို့က ၁၃၀၀ ပြည့်နှစ် နယုန်လဆန်း ၃ ရက် အင်္ဂါနေ့မှာ မွေးဖွားခဲ့တယ်။ ၁၃၁၄ ခုနှစ်မှာ ဂေါင်းကွဲရွာတောင် ကျောင်းဆရာတော် ဦးပညာထံမှာ ကိုရင်အဖြစ် သာသနာ့ဘောင်ဝင် ရောက်ခဲ့တယ်။ ဦးညာဏဟာ စာပေကျမ်းဂန်များကို မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း ဂန္ထဓူရကျောင်းမှာ သင်ယူခဲ့တယ်။ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများ အောင်မြင်ခဲ့တယ်။ ဓမ္မာစရိယတန်းကို မအောင်မြင်ခဲ့။ အသက် ၂၅ နှစ်ထိ ပညာသင်ယူပြီး အသက်၂၅ နှစ်ကျော်တဲ့အခါမှာ တောထွက်ပြီး မန္တလေးတစ်ဝိုက်ရှိ တောရများမှာ တရားအားထုတ်ခဲ့တယ်။ 

မိုးပြာဦးညာဏဟာ မင်းကွန်းရွာအနီး ရွှေမြင်တင်တောင်ထိပ်မှာ တစ်ပါးတည်းနေပြီး တရားအားထုတ်တယ်။ ၁၉၈၃ ခုနှစ်မှာ ရဟန္တာဖြစ်ပြီလို့ ကိုယ်တိုင်ကြေညာခဲ့တယ်။ ဒါကြောင့် စစ်ကိုင်းမြို့နယ် သံဃနာယက အဖွဲ့က ၀ိနည်းဓိုရ်အဖွဲ့နဲ့ စစ်ဆေးတဲ့အခါမှာ ရဟန္တာမဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ စတုတ္ထပါရာဇိက ကျတယ်ဆိုပြီး လူဝတ်လဲစေခဲ့တယ်။ တိုင်းဝိနည်းဓိုရ်အဖွဲ့နဲ့ ဗဟိုဝိနည်းဓိုရ်အဖွဲ့ကလည်း စတုတ္ထပါရာဇိက ကျတယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်။ 

ဒါကြောင့် မိုးပြာဦးညာဏက "အ၀ါဝတ်မှ ဘုန်းကြီးမဟုတ်ဘူး။ အပြာဝတ်လည်း ဘုန်းကြီးဖြစ်တယ်ကွ" လို့ ကြွေးကြော်ပြီး အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကာ ထေရ၀ါဒဗုဒ္ဓဘာသာကို စတင်တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ၁၉၈၃ ခုနှစ်မှာ သာသနာတော်ဆိုင်ရာ ဥပဒေများနဲ့ စစ်ကိုင်းတိုင်း သာသနာရေးမှူးရဲ့ တရားစွဲဆိုခြင်းခံရပြီး ထောင်ကျခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာရပ်ခံပေးမှုအရ အစိုးရက ထောင်ကနေ လွှတ်ပေးခဲ့တယ်။ ထောင်ကနေလွတ်တဲ့အခါမှာလည်း မိုးပြာဦးညာဏဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို အငြိုးတကြီး ဆက်လက်တိုက်ခိုက်နေခဲ့တယ်။

မိုးပြာဦးညာဏဟာ ထေရ၀ါဒပိဋက စာပေကျမ်းဂန်များကို လိုသလိုပုံဖျက်ပြီး ဗုဒ္ဓအလိုအရ ရှေ့ဘ၀၊ နောက်ဘ၀ မရှိ၊ သံသရာမရှိ၊ နိဗ္ဗာန်မရှိ၊ ကုသိုလ်ကောင်းမှုမပြုရ၊ ဥပုသ်သီလ ဆောက်တည်ခြင်းသည် အလကားအလုပ်၊ သုံးဆယ့်တစ်ဘုံမရှိ၊ အဘိဓမ္မာသည် ဘုရားဟောမဟုတ်၊ လူကလွဲရင် ဘယ်သူ့ကိုမဆို သတ်ကောင်းတယ်၊ အများပိုင်ပစ္စည်း နိုင်ငံပိုင်ပစ္စည်းကို ခိုးကောင်းတယ် သီလမပျက်ဘူး၊ စေတနာကောင်းနဲ့ လိမ်ပြောရင် မုသာဝါဒကံ မထိုက်ဘူး၊ ဘယ်အမျိုးသမီးကိုမဆို အလိုတူ ကျူးလွန်ဆက်ဆံရင် ကာမေသုမိစ္ဆာစာရကံ မမြောက်ဘူး၊ ကုသိုလ် တောင်ရတယ်၊ အရက်ကို တန်သင့်ရုံ ဆေးဖြစ်၊ ၀ါးဖြစ် သောက်တာ သူရာမေရိယကံ မထိုက်ဘူး စသဖြင့်ဟောပြောပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို တိုက်ခိုက်ခဲ့တယ်။

ဦးညာဏဟာ ထောင်ကျလိုက် ပြန်လွှတ်လိုက် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို တိုက်ခိုက်လိုက်နဲ့ ချာလည်လိုက်ရင်း အချိန်ကုန်နေခဲ့တယ်။ မိုးပြာဦးညာဏဟာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ယခုအခါမှာ ထောင်ထဲကနေ ပြန်လွတ်လာခဲ့ပြန်ပြီဖြစ်တယ်။ မိုးပြာဦးညာဏ ဟာ ဒီမိုကရေစီ ထီးရိပ်ခိုပြီး သူ့အယူဝါဒကို ထပ်မံ အသက်သွင်းဖို့ ကြိုးစားလာပြန်တယ်။ 

ဘဒ္ဒန္တအဂ္ဂညာဏဦးဆောင်တဲ့ ဆရာတော်ခြောက်ပါးက မိုးပြာအယူဝါဒကို ဓမ္မ အဓမ္မအဖြစ် စိစစ်ဆုံးဖြတ်ပေးဖို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တိုင်ကြားခဲ့တာကြောင့် ၁၃၇၃ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက် (၂၈-၁-၂၀၁၀) သောကြာနေ့မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်အဖွဲ့ အမှတ်(၁၇။၂၀၁၀)ကို ဖွဲ့စည်းပေးပြီး မိုးပြာဝါဒကို ဓမ္မ အဓမ္မ၀ါဒအဖြစ် စိစစ်ဆုံးဖြတ်စေခဲ့တယ်။ တည်ဆဲ ဥပဒေအရ ၀ိနည်းဓိုရ်ရုံးမှာ စုဒိတက(စွပ်စွဲသူ)များရဲ့ စွပ်စွဲချက်များကို ပြန်လည်ဖြေရှင်း ခွင့် ပေးခဲ့သော်လည်း လာရောက်ဖြေရှင်းခြင်း မပြုခဲ့ဘူး။ 

မိုးပြာဦးညာဏဟာ အဓမ္မ၀ါဒအဖြစ်ကနေ ရှောင်လွှဲဖို့အတွက် သူ့အယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ အယူဝါဒမဟုတ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်တယ်လို့ ကြေညာပြီး ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုအဖြစ် တည်ထောင်လိုက်တယ်။ သို့သော်လည်း ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့မှာ ပြဋ္ဌာန်းထားတဲ့ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းဥပဒေ အခန်း(၂) အပိုဒ်(၄)အရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဂိုဏ်းခွဲအသစ် ထပ်မံ ထူထောင်ခွင့် လုံးဝမရှိတော့ဘူး။ ဥပဒေကို လိုက်နာခြင်းမပြုပါက ထောင်ဒဏ်ကျခံရမှာဖြစ်တယ်။ 

မိုးပြာဦးညာဏအနေနဲ့ သူ့အယူဝါဒဟာ ထေရ၀ါဒဗုဒ္ဓဘာသာ အယူဝါဒ မဟုတ်ဘူး။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်တယ်လို့ ဂိုဏ်းသီးခြားအဖြစ် ထမင်းရည်လျှာပူလွှဲ ကြေညာခဲ့သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေများကို လိုသလိုပုံဖျက်ပြီးတော့ ၀ါဒဖြန့်ချိနေခြင်းသာဖြစ်တယ်။

အကယ်၍ မိုးပြာဦးညာဏအနေနဲ့ သင်္ဂါယနာတင် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေကျမ်းဂန်များကို ပုံဖျက်ပြီး အသုံးမပြုဘူးဆိုရင်၊ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲမဟုတ်ဘဲ ကိုယ်ပိုင်အယူအဆအဖြစ် ရပ်တည်မယ်ဆိုရင် တည်ဆဲဥပဒေများနဲ့ ကင်းလွတ်ခွင့်ရမှာပဲဖြစ်တယ်။ ရှင်းရှင်းပြောရ မယ်ဆိုရင် မိုးပြာဦးညာဏအနေနဲ့ ကရင်ပြည်နယ်က ဖိုးတခေတ်လို ဘာသာအယူဝါဒ အသစ်တစ်ခု ထူထောင်လိုက်မယ်ဆိုရင် ထေရ၀ါဒ သံဃအဖွဲ့အစည်းက မည်သို့မှ ပြုလုပ်မှာ မဟုတ်တော့ဘူး။ သို့သော် မိုးပြာဦးညာဏအနေနဲ့ ဖိုးတခေတ်လောက်တောင် သွေးရှိဟန် မတူပါ။ 

လစ်ဘရယ်ဆိုသူများက လွတ်လပ်စွာပြောရေးဆိုခွင့်ဟုဆိုကာ တစ်စခန်းထကြပြန်ပါတယ်။ မိုးပြာဦးညာဏသည် လွတ်လပ်စွာပြောဆိုနေတာ မဟုတ်ပါ။ အဖွဲ့အစည်းအတွင်းနေပြီး အဖွဲ့အစည်းရဲ့စည်းကမ်းကို ဖောက်ဖျက်နေခြင်းသာဖြစ်တယ်။ အဖွဲ့အစည်းအပြင်က ရပ်တည်နေသူ ဟု ဆိုပြန်ပါရင်လည်း သူတစ်ပါးအဖွဲ့အစည်းကို ဖျက်ဆီးတိုက်ခိုက်နေတဲ့သူသာ ဖြစ်တယ်။ 

နောက်ထပ် လစ်ဘရယ်သမားဆိုသူများ သတိမထားမိတာ တစ်ခုရှိတယ်။ အဲဒါကတော့ နိုင်ငံရေးကြောင့် ကွဲပြဲနေတဲ့နိုင်ငံကို ဘာသာရေး အကွဲနဲ့ ကွဲကြောင်းဆက်သွားရင် ဘယ်လောက်ထိ အန္တရာယ်ကြီးတယ် ဆိုတာကိုပါပဲ။ တချို့ကလည်း သတိထားတော့ ထားမိပါလိမ့်မယ်။ သို့ သော်လည်း အကျိုးစီးပွားတစ်ခုခုကြောင့် မျက်စိမှိတ်ပြီး ပြောနေကြတာ ဖြစ်ပါလိမ့်မယ်။ 

ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့အစည်းမှာသာမဟုတ် အဖွဲ့အစည်းတိုင်းမှာ သတ်မှတ်ချက်မူဘောင် စည်းကမ်းဆိုတာရှိတယ်။ မဟာယာနဗုဒ္ဓ ဘာသာအဖွဲ့အစည်းမှာ မူဘောင်စည်းကမ်း ၅ ချက်ရှိတယ်။ 

၁။ အာလယ၀ိညာဉ် - ပြုသမျှသော ကုသိုလ်ကံ၊ အကုသိုလ်ကံ မျိုးစေ့များ၏ သိုမှီးသိမ်းဆည်းရာဌာနဖြစ်သော အာလယ၀ိညာဉ်ခေါ် ခုနစ်ခုမြောက်သတ္တမ၀ိညာဉ်ရှိ သဘောတရား။
၂။ တထတာ - အာလယ၀ိညာဉ်၏တည်မှီရာ မူရင်းအကြောင်း တရား တထတာကို ပရမတ္ထသစ္စာဟုခေါ်သည်။ နိဗ္ဗာန်ဆိုသည်မှာ တည်ငြိမ် နေသော တထတာကိုပင်ခေါ် သည်။
၃။ တထာဂတ - သတ္တ၀ါသည် တထတာ၏အသွင်ပြောင်းမှုဖြစ်၍ တထတာမှ ပေါ်ထွက်လာ၍ တထာဂတမည်၏။ တစ်နည်းအားဖြင့် သတ္တ၀ါ သည် တထတာအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသောကြောင့် တထာဂတ မည်၏။ (လောကကြီးတစ်ခုလုံး ဆိတ်ငြိမ်၍ တထတာအဖြစ်သို့ ရောက်သောအခါ သတ္တ၀ါသည်လည်း တထတာအဖြစ်သို့ ရောက်သွား သည်။)
၎။ တထာဂတဂဗ္ဘ - တထတာသည်ပင်လျှင် တထာဂတခေါ်သော သတ္တ၀ါ၏ မူလအစကိန်းအောင်ရာ တိုက်ခန်း(၀မ်းဗိုက်)ဖြစ်သောကြောင့် တထာဂတဂဗ္ဘလည်းမည်၏။ 
၅။ ဓမ္မဓာတု - တထတာမှ အသွင်းပြောင်းရန် လှုပ်ခတ်ချောက်ချား လာသောအခါ ပေါ်ထွက်လာသော လှုပ်ရှားမှုတစ်ခုစီ တစ်ခုစီတို့၏ လှုပ်ရှားမှုအားလုံးကို စုပေါင်းခေါ်ဝေါ်သော စကြ၀ဠာလောကဓာတ် ကြီးသည် ဓမ္မဓာတုမည်၏။ 

အထက်ပါ မူဘောင်စည်းကမ်းချက်ငါးခုကို လိုက်နာလက်ခံမှ မဟာယာန ဗုဒ္ဓဘာသာအဖြစ် မဟာယာန ဗုဒ္ဓဘာသာအဖွဲ့အစည်းက အသိအမှတ်ပြု လက်ခံတာဖြစ်ပါတယ်။ ထိုမူဘောင် စည်းကမ်းချက်များနဲ့ မကိုက်ညီဘဲ မဟာယာန ဗုဒ္ဓဘာသာအဖွဲ့အစည်းအဖြစ် ကြေညာရင် မဟာယာန ဗုဒ္ဓဘာသာအဖွဲ့အစည်းက ထိုက်သင့်သလို တုံ့ပြန်သွားမှာပဲ ဖြစ်ပါတယ်။ 

ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းမှာလည်းပဲ အခြေခံမူဘောင်စည်းကမ်း သုံးချက် ရှိပါတယ်။ အဲဒါတွေကတော့ 
၁။ ဘုရားရှင်ဟောကြား တာကိုလည်း မပယ်ရဘူး။ 
၂။ ဘုရားရှင် မဟောကြားတာကိုလည်း ထည့်သွင်းခြင်း မပြုရဘူး။ 
၃။ ဘုရားရှင်ဟောကြားချက်ကို မူလအရှိ ပကတိအတိုင်း လိုက်နာလက်ခံရမယ်။ ဒီသုံးချက်နဲ့ မကိုက်ညီဘဲ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖြစ် ကြေညာခဲ့ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့အစည်းက ထိုက်သင့်သလို တုံ့ပြန်သွားကြမှာပဲ ဖြစ်ပါတယ်။ 

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိုးပြာဦးညာဏအနေနဲ့ ထေရ၀ါဒ ပိဋကစာပေများ ဖျက်လိုဖျက်ဆီးမပြုလုပ်ရင်၊ ဗုဒ္ဓ၀ါဒထီးရိပ်မှာ မခိုတော့ ဘဲ ကိုယ်ပိုင် ဘာသာအသစ်တစ်ခုအဖြစ် ရပ်တည်လိုက်မယ်ဆိုရင် ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့ ထိပ်တိုက်မတွေ့တော့ဘူး ဆိုတာပါပဲ။ 

မိုးသု (မန္တလေး)
14-Dec-2016
http://thevoicemyanmar.com/tags/မိုးပြာ/posts/4429-perspective
 
နိုင်ငံတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသနှင့် တွေ့ဆုံလျှောက်ထားခြင်း

မိုးပြာဂိုဏ်း၏ အကြောင်းနှင့် ယင်းဂိုဏ်း၏ အယူအဆများမှာ ထေရဝါဒ ဗုဒ္ဓဒေသနာတော်အတွက် မည်သို့သက်ရောက်မှု ဖြစ်စေနိုင်သည်တို့ကို သိရှိနိုင်စေရန်အတွက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော် သြဝါဒါစရိယ) ထံ သွားရောက် လျှောက်ထား မေးမြန်းဖော်ပြအပ်ပါသည်။

Voice : မိုးပြာဂိုဏ်းက မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက်က စတင်ခဲ့တာလဲ ဘုရား။

ဖြေး မိုးပြာဂိုဏ်းက ခန့်မှန်းခြေ သံဃာအဖွဲ့အစည်းပေါ်ခါစ ၁၉၈၀ ခု နောက်ပိုင်းလောက်က ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်။

Voice : မိုးပြာဂိုဏ်း စတင်ပေါ်ပေါက်လာချိန်က အင်အားကောင်းတဲ့ အနေအထားမှာ ရှိခဲ့လား ဘုရား။

ဖြေး စတင်ပေါ်ပေါက်လာတဲ့ အချိန်မှာ အင်အားမကောင်းဘူး။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ထေရဝါဒကို ဖျက်ဆီးလိုတဲ့ ပုဂ္ဂိုလ်အုပ်စုက သူ့ကို သွားရောက်ချဉ်းကပ်တာတွေ၊ သူ့နောက်ကို မြှောက်ပေးတာတွေ ရှိလာတယ်။

Voice : မိုးပြာဂိုဏ်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ထုတ်ဝေခွင့် ရလာမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ သိပါရစေ။

ဖြေး မိုးပြာဂိုဏ်ကို ဝိနိစ္ဆယအဖွဲ့ကနေ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထေရဝါဒ လက်ခံနေတဲ့ သံဃာအဖွဲ့အစည်းရဲ့ စည်းမျဉ်းအတိုင်း လိုက်နာသင့်တယ်။ ဒါယကာ၊ ဒါယိကာမတွေ အနေနဲ့လည်း မြန်မာနိုင်ငံက ထေရဝါဒနိုင်ငံ ဖြစ်ခြင်းကြောင့် ထေရဝါဒ စည်းမျဉ်းအတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီလို ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့ ကိစ္စတွေကို မလိုက်နာသင့်ဘူး။ မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်း လူတွေမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေခြင်းကြောင့် ဘုမသိဘမသိတွေ ဖြစ်နေကြတယ်။ အဲ့ဒီလူတွေက ဗုဒ္ဓဘာသာဝင်တွေက ကိုယ်ကိုးကွယ်တဲ့ ဘာသာကို သိအောင်လေ့လာဖို့ လိုတယ်။ အခုလတ်တလော နောက်ပိုင်းမှာ ဘာသာမဲ့တွေ ရှိလာကြတာ တွေ့နေရတယ်။ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ အယူဝါဒတွေကိုလည်း မြန်မာနိုင်ငံမှာ တိုးပွားလာနေတာ ရှိနေတယ်။ အခြားဘာသာကို အခြားဘာသာဝင်တွေက ကိုးကွယ်နေကြတာ အကြောင်းမဟုတ်ပါဘူး။ ထေရဝါဒကို ဆန့်ကျင်လာမယ် ဆိုရင်တော့ ထေရဝါဒ သာသနာက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ သံဃာအဖွဲ့အစည်းတွေက အရေးယူဖို့ တာဝန်ရှိပါတယ်။ ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ထေရဝါဒကို ကိုးကွယ်တယ်ဆိုရင် လက်ရှိ သံဃာအဖွဲ့အစည်း ထေရဝါဒရဲ့ အယူအတိုင်း၊ ဆုံးမသြဝါဒအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာတဲ့ ပုဂ္ဂိုလ်များသာလျှင် လက်ခံကြဖို့ လိုအပ်ပါတယ်။

Voice : အခုဆိုရင် မိုးပြာဂိုဏ်းက သူတို့ရဲ့ အယူအဆတွေနဲ့ ပတ်သက်ပြီး စာအုပ်ထုတ်ဖို့ ရှိတဲ့အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်ဖို့ ရှိပါသလဲ။

ဖြေး အခုအချိန်မှာ သာသနာရေး ဝန်ကြီးဌာနက တရားစွဲမယ်လို့ ကြားပါတယ်။ အဲ့လောက်ပဲ သိရပါသေးတယ်။ သာသနာရေးဌာနက ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီးတော့ နိုင်ငံတော် သံဃနာယကအဖွဲ့က ဆောင်ရွက်သွားမှာပါ။

Voice : ယခင်က မိုးပြာဂိုဏ်း တည်ထောင်ခဲ့တဲ့ ဦးဉာဏက စာအုပ်တွေ ထုတ်မယ်။ အယူအဆတွေ ဖော်ထုတ်မယ်ဆိုပြီး ပြောဆိုလာတာ ရှိတယ်။ ဆရာတော်အနေနဲ့ မိုးပြာဂိုဏ်းရဲ့ အယူအဆနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေး မိုးပြာဂိုဏ်း အနေနဲ့က ထေရဝါဒ နာမည်ခံသော်လည်း ထေရဝါဒရဲ့ လမ်းစဉ်အတိုင်း လုံးဝ မဟုတ်ပါဘူး။ မဟုတ်တဲ့အ ကြောင်းကို နိုင်ငံတော်ဝိနိစ္ဆယခုံရုံးက အဓမ္မဝါဒ ချမှတ်ထားတယ်။ နိုင်ငံတော်ဝိနိစ္ဆယ ခုံရုံးကနေ အဓမ္မချထားတဲ့ အချက်အလက်တွေ အဲ့ဒီစာအုပ်ကို ကြည့်လိုက်ရင် အကုန်လုံး သိနိုင်ပါတယ်။ ဘာပဲပြောပြော သူက ထေရဝါဒ မဟုတ်ဘူး။ ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့သဘော ရှိတယ်။ အသေးစိတ် လတ်တလော ပြောလို့သိပ်မရသေးဘူး။ ဆိုလိုတာက မိုးပြာဂိုဏ်းသည် ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့ ဂိုဏ်းတစ်ခုလို့ မြင်ပါတယ်။ ဆန့်ကျင်တာလည်း မှန်ပါတယ်။ ဆန့်ကျင်နေခြင်းကြောင့် သူ့အယူအဆတွေကို ထေရဝါဒ အမည်ခံရင် ဒီဝါဒကို မလိုက်နာရဘူး ဆိုတော့ သူကလည်း မလျော့ခြင်းကြောင့် သူက ထောင်သုံးကြိမ် ကျဖူးတယ်။ သူကိုယ်တိုင်က နဂိုတုန်းကလည်းပဲ မူရင်းဇာစ်မြစ်က စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တောင်လို့ ထင်တယ်။ အဲ့တောင်မှာ နေခဲ့ပြီးတော့ အဲ့မှာကတည်းက ဈာန်ရပုဂ္ဂိုလ် ပဋိသမ္ဘိဒါ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ သူတို့နှစ်ပါးလုံးကို နိုင်ငံတော် သံဃမဟာနာယက ခေါ်ပြီးတော့ သူ့ဝါဒကို စွန့်ဖို့ပြောတဲ့အခါ သူတို့က စွန့်လွှတ်ခြင်း မရှိတော့ ပထမဆုံး ထောင်ကျတယ်။ ထောင်ကျပြီးတဲ့နောက် မိုးပြာဂိုဏ်းထောင်တယ်။ ပထမက ဘုန်းကြီးဘဝ အနေနဲ့ ဈာန်အဘိညာဉ်ရတယ် ဆိုတော့ ခေါ်စစ်တဲ့အခါ ဘာမှယုတ္တိမရှိတဲ့ အရာတွေ ဖြစ်နေတယ်။ ဒါယုတ္တိမရှိဘူး အဲ့ဝါဒစွန့်ပါဆိုတော့ မစွန့်ခြင်းကြောင့် ထောင်တစ်ခါ ထပ်ကျပြန်တယ်။ ထောင်ကျပြီးတဲ့အခါ မဟာယာန ပုံသဏ္ဌာန်လိုမျိုး ဝတ်ရုံပြီးတော့ ထေရဝါဒ နာမည်ခံပြီးတော့ မိုးပြာဂိုဏ်း တည်ထောင်လာတယ်။ မိုးပြာဂိုဏ်း တည်ထောင်တာက သိရသလောက်ဆိုရင် ပစ္စုပ္ပန် ကမ္မဝါဒပဲ။ နောက်ဘဝလည်း မရှိဘူး။ ဒီဘဝလုပ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အကျိုးပေးမယ်ဆိုတဲ့ သဘောမျိုး ရှိခြင်းကြောင့် ထေရဝါဒနဲ့ ဆန့်ကျင်နေတယ်။ ထေရဝါဒဆိုတာက ကံ-ကံ၏အကျိုးကို ယုံကြည်ရမှာ ဖြစ်တယ်။ ကံ-ကံ၏ အကျိုးကို ယုံကြည်ရမယ် ဆိုတာက ယုံကြည်မှုဆိုတဲ့ သဒ္ဓါရဲ့ အခြေခံက နံပါတ်တစ် ခုနစ်ဌာန ရှိတယ်။ ဘုရား၊ တရား၊ သံဃာ မြတ်သုံးပါးက သုံးဌာန ဖြစ်တယ်။ ဒီဘဝရယ် နောင်ဘဝရယ်က ဆိုတဲ့ ဘဝနှစ်ခုကပေါ့၊ နောက်ပြီး ကံ-ကံ၏အကျိုး ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ် ဆိုတာတွေ ဖြစ်တယ်။ အားလုံးပေါင်းရင် ခုနစ်ဌာန ဖြစ်သွားတယ်။ ခုနစ်ဌာနအပေါ်က ယုံကြည်မှုကို သဒ္ဓါတရားလို့ ခေါ်တာပေါ့။ သူက အဲ့ဒီခုနစ်ဌာနတည်းမှာ ဒီဘဝရှိတယ်၊ နောင်ဘဝမရှိဘူး။ ဒီပစ္စုပ္ပန် ဆိုတာကို ယူခြင်းကြောင့် ထေရဝါဒနဲ့ ဆန့်ကျင်နေတယ်။ ထေရဝါဒနဲ့ ဆန့်ကျင်နေတဲ့ အချက်များစွာ ရှိခြင်းကြောင့် နိုင်ငံတော် ဝိနိစ္ဆယ အဖွဲ့ကြီးကနေ သူ့ကို အဓမ္မဝါဒ အနေနဲ့ ချမှတ်ထားတယ်။ ဒါကိုစွန့်လွှတ်ဖို့ အကြောင်းပြောတော့လည်း မစွန့်လွှတ်ခြင်းကြောင့် အဲ့မှာ သူ ထောင်ကျခံရတယ်။ ဘာပဲဖြစ်ဖြစ် သူက ထေရဝါဒ အမည်ခံသော်လည်းပဲ ထေရဝါဒ မဟုတ်ဘူး။ ထေရဝါဒကို ဖျက်ဆီးနေတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်နေခြင်းကြောင့် သူ့ဝါဒကို လူတွေ ထေရဝါဒနဲ့ ယုံမှားသံသယ ဖြစ်အောင် ထေရဝါဒ သဘောတရားမျိုး မဖြစ် ဖြစ်အောင် လုပ်ဆောင်နေခြင်းကြောင့် ထေရဝါဒကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ မြင်တယ်။

Voice : ၂၀၀၈ ဖွဲ့စည်းပုံမှ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီး အတည်ပြု ပြဋ္ဌာန်းထားတာ ရှိတော့ အခုမိုးပြာဂိုဏ်းက လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ သက်ဆိုင်နိုင်လား ဘုရား။

ဖြေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ သီးခြားကိုးကွယ်တဲ့ ကိစ္စရပ် ဖြစ်တယ်။ ထေရဝါဒ နာမည်ခံပြီး ထေရဝါဒနဲ့ ဆန့်ကျင်ပြီး လုပ်နေတာတွေက လွတ်လပ်စွာ ကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ထေရဝါဒ အမည်ခံရင် လက်ရှိ သံဃာအဖွဲ့အစည်းရဲ့ သြဝါဒကို ခံယူရမယ်။ လမ်းညွှန်ချက်အတိုင်း လိုက်နာရမယ်။ မြန်မာနိုင်ငံက သံဃာ့အဖွဲ့အစည်းက ထေရဝါဒ သံဃာ့အဖွဲ့အစည်း ဖြစ်တယ်။ ထေရဝါဒ သံဃာ့အဖွဲ့အစည်း လမ်းညွှန်ချက် စည်းကမ်းအတိုင်း လိုက်နာရင် လွတ်လပ်စွာ ကိုးကွယ်မယ် ဆိုလည်း ကိုးကွယ်လို့ ရတာပဲ။ ထေရဝါဒ နာမည်ခံပြီးတော့ ထေရဝါဒ လမ်းကြောင်းအတိုင်း မလိုက်နာတာ ဒါက လွတ်လပ်စွာ ကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ထေရဝါဒကို ဖျက်ဆီးနေတ သဘောမျိုး ဖြစ်နေတယ်။ နဂိုကတည်းက သူ့ဝါဒက ထေရဝါဒ ဓမ္မလမ်းကြောင်းနဲ့ မညီဘူး။ ဓမ္မဝိနယနဲ့ မညီဘူး ဆိုပြီးတော့ ၀ိနိစ္ဆယ ချထားတာ ဖြစ်တယ်။ ချထားတဲ့နဂိုက လမ်းစဉ်အတိုင်း သူလိုက်နာရမှာ ဖြစ်တယ်။ ဥပမာ- အစ္စလာမ်ဝါဒ ကြိုက်လို့ အစ္စလာမ်ဝါဒ ယူတာ၊ မဟာယာန ကြိုက်လို့ မဟာယာန အယူဝါဒ ယူတာက ဒါက လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်။ ထေရဝါဒလို့ အမည်ခံရင်တော့ ထေရဝါဒ ဓမ္မဝိနယနဲ့ ညီအောင်လိုက်နာဖို့ လိုတယ်။ ညီညွတ်ခြင်း မရှိရင် ထေရဝါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့သူ၊ ဘာသာ သာသနာကို ဖျက်ဆီးတဲ့ သဘောမျိုး ရောက်နေတယ်။ သူ့ဘာသာနဲ့သူ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။

Voice : ထပ်မံပြီး နောက်ဆုံးတစ်ခု အနေနဲ့ လျှောက်တင်ခွင့်ပြုပါ ဘုရား။ ဦးဉာဏက ထေရဝါဒ အမည်မခံဘဲ အခုလို စာပေဖြန့်တာတွေ မိုးပြာဂိုဏ်း ပြန့်ပွားအောင် လုပ်နေတာတွေက အရေးယူ ဆောင်ရွက်လို့ ရနိုင်လား ဘုရား။

ဖြေး အစိုးရအပေါ်မှာ မူတည်ပါတယ်။ ထေရဝါဒလို့ အမည်မခံသော်လည်း ထေရဝါဒ သဏ္ဌာန်လိုမျိုး လုပ်နေတဲ့အခါ အခုလို ဆောင်ရွက်ချက်တွေက ထေရဝါဒနဲ့ မဆိုင်ဘူး ဆိုတာကို နဂိုက ဝိနိစ္ဆယ ချမှတ်ထားပြီး ဖြစ်ပါတယ်။ သူက မသိမသာ ထေရဝါဒကို ဖျက်ဆီးတဲ့ ပုံသဏ္ဌာန် ဖြစ်နေတဲ့အခါ ဒါမျိုးက ထေရဝါဒနဲ့ မကိုက်ညီဘူး။ မြန်မာနိုင်ငံရဲ့ ထေရဝါဒကို ဖျက်ဆီးတဲ့ သဏ္ဌာန်ရှိတော့ မြန်မာနိုင်ငံ ထေရဝါဒအရ လက်ခံနိုင်ဖို့ မရှိဘူး။ 

ကျော်စိုးဦး
20-Dec-2016
http://thevoicemyanmar.com/tags/ဦးဉာဏ/posts/4602-ngt 


ကံအကြောင်း နားမလည်တဲ့ မိုးပြာဦးဉာဏ

ဧရာဝတီသတင်းဌာန Facebook Page မှာ မိုးပြာဦးဉာဏကို အင်တာဗျူး လုပ်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခု တင်ပါတယ်။ အမေးတွေကို ထည့်ပေး မထားဘဲ မိုးပြာဦးဉာဏ ဖြေထားတာတွေကိုပဲ တင်ပေးထားတာပါ။ စိတ်ဖောက်ပြန်နေပြီး ထင်ရာမြင်ရာတွေ လျှောက်ပြောနေတဲ့ မိုးပြာဦးဉာဏကို တုဖက်ပြီး ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စိတ်ဖောက်ပြန်နေတဲ့သူ လုပ်သမျှက ဘာကများ မှန်နိုင်မှာတဲ့လဲ။ သို့သော်လည်း သူပြောသွားတာတွေက ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိအမြင်တွေကို ထွေပြားဝေဝါး သွားစေနိုင်လို့ ရှင်းပြပေးရပြန်ပါဦးမယ်။ မိုးပြာဦးဉာဏ ပြောသွားတဲ့ထဲက အယူဝါဒရေးရာနဲ့ ပတ်သက်ပြီးတော့ ပြန်ရှင်းရမှာတွေကိုပဲ တင်ပြပေးပါတော့မယ်။ အခြား သူ့ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကတော့ ရှေးဆောင်းပါးများမှာလည်း ရေးခဲ့ပြီးဖြစ်လို့ ဒီမှာ ထပ်မရေးတော့ပါဘူး။ အယူဝါဒ ရေးရာများနဲ့ ပတ်သက်ပြီးတော့ ပြန်ရှင်းပြရမယ့် မိုးပြာဦးဉာဏ ပြောသွားတာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

မိုးပြာဦးဉာဏရဲ့ ပြောဆိုချက်များ

(က) “တကယ်တမ်းတော့ ရှိတာက ဝဋ်က သုံးခုရှိတာ။ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ်ဆိုပြီးတော့။ အခု ကံနဲ့ဝိပါက်ပဲ သူတို့ ပြောတယ်။ ကိလေသာတောင် မပြောဘူး။ ဝိပါက်အရ ကောက်တာလည်း မမှန်ဘူးဗျ။ ဥပမာ-ကျုပ်တို့က ခင်ဗျားတို့ကို နာအောင် ရိုက်မယ်ဆိုရင် ကျုပ်ဝိပါက် လည်မယ်တဲ့။ ဘယ်လို ဝိပါက်လည်မလဲဆိုရင် ကျုပ်လည်း သူများ ရိုက်တာ ခံရပြီး နာလိမ့်မယ်တဲ့။ ကျုပ်က သူများ ရိုက်တာပဲဗျ ကျုပ်က နာပါ့မလား။ ကျုပ်က သူများ မျက်စိကို ဖောက်ပစ်တယ် ကန်းအောင် လုပ်လိုက်တယ်။ ကျုပ်မျက်စိ ကန်းလိမ့်မယ်တဲ့။ အဲဒါ ဝိပါက်ပဲလို့ ပြောတာ။ ဟယ် ငါက သူများ မျက်စိဖောက်တာ သူများ မျက်စိကန်းမှာပေါ့။ ငါ့မျက်စိ ဘယ်လိုလုပ်ကန်းပါ့မတုံး။ ကျုပ်က ပြောတယ်။ အဲဒါ ဝိပါက် မဟုတ်ဘူး။ ဝိပါက်ကို မသိလို့ ဝိပါက်ကို ယူကြတာ။ တကယ် ဝိပါက်က ကျုပ်က သူများ မျက်စိ ဖောက်တယ် ဆိုရင် သူများ မျက်စိဖောက်တဲ့သူ ဖြစ်တာ။ ကျုပ်က အိမ်ဆောက်တဲ့သူ ဆိုရင် အိမ်ဆောက်တတ်သူ ဖြစ်သွားတာ။ ကျုပ်က ကားမောင်းလိုက်လို့ ရှိရင် ကားမောင်းတတ်သူ ဖြစ်သွားပြီ။ အဲဒီအဖြစ် ဖြစ်တာကို လုပ်တာကြောင့် ဖြစ်တဲ့အဖြစ် ဖြစ်တဲ့အတွက် အဲဒါကို ဝိပါက်လို့ ပြောတာ။ အခုတော့ မဟုတ်ဘူး။ ကျုပ်တို့ကနေ သူများလက်ကို ချိုးလိုက်ရင် ကျုပ်တို့လက်လည်း အကျိုးခံရမယ်လို့ အားလုံး ကျုပ်တို့ ဗုဒ္ဓဘာသာတွေ ဒီလို သိနေအောင် အသွန်သင် ခံထားရတယ်ဗျာ။ ဟာ ဘယ်လက်ကျိုးမလဲလို့ သူများလက်ကို ငါချိုးတာနဲ့ ငါ့လက် ဘယ်လိုလုပ်ပြီး ကျိုးမှာလဲလို့။ သူများ မျက်စိကန်း လုပ်တာ ဒီအကျိုးဖြင့် ဘာဖြစ်မှာ မှတ်လို့လဲဆိုရင် ဒီအကျိုးက တော်တော်ကို ဆိုးတယ်လို့။ သူများမျက်စိ ကန်းအောင်လုပ်လို့ ကိုယ့်မျက်စိ ကန်းသွားတယ် ဆိုရင်တောင် အဲဒီအကျိုး နည်းတယ်လို့။ သူများမျက်စိ ကန်းအောင် လုပ်လို့ မျက်စိကန်းအောင် လုပ်တဲ့သူ ဖြစ်သွားတာကတော့ တော်တော့ကို ဆိုးတယ်လို့။ မျက်စိတစ်ခါ ကန်းအောင်လုပ်ရင် နောက်တစ်ခါလည်း ကန်းအောင်လုပ် နောက်တစ်ခါလည်း ကန်းအောင် လုပ်မှာလို့။ သူက လုပ်တတ်သွားပြီကိုး”

“ကျုပ်တို့နဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ကွဲတယ်ဆိုတာ ကျုပ်တို့ကနေ သာမန်ခါလေး ကွဲချင်လို့ ကွဲလိုက်တာ မဟုတ်ဘူး။ လူ့လောကကြီးရဲ့ မွဲတေနေတဲ့ ဖြစ်ရပ်။ ဥပမာဗျာ အခုဆိုရင် လူတွေ မွဲနေတယ်။ ဘာဖြစ်လို့မွဲမှန်း ကျုပ်တို့ သိတယ်။ ခင်ဗျားတို့လို မီဒီယာတွေကနေ ပြောလို့ သိတာ။ ဘယ်လို ပြောတုံးဆိုရင်ဟာ ခရိုနီတွေက ဘယ်လိုလုပ်တယ်။ အာဏာရှင်တွေက ဘယ်လိုလုပ်တယ်။ သူတို့ကလည်း အချက်နဲ့အလက်နဲ့ ကွက်ကွက်ကွင်းကွင်း ပြောတဲ့အခါကျ ဘယ်သူတွေက သစ်တောတွေလည်း တုံးကုန်ပြီ။ ရေထဲက ငါးတွေလည်း ကုန်လုနေပြီတဲ့ ဆိုတာမျိုးပေါ့ဗျာ။ ဘယ်သူတွေ ဘယ်လို လုပ်လိုက်တယ် ဆိုတာမျိုး။ ဘယ်သတ္တုတွေလည်း ကုန်လုနေပြီ။ သူတို့က လက်ညှိုးထိုး ရောင်းတာနဲ့။ အဲတော့ ရောင်းတော့ သူတို့တော့ ချမ်းသာတာပေါ့။ ဟာ ဒီလိုဆိုရင် သူတို့ ချမ်းသာပြီး တို့မွဲတယ်လို့ ဆိုတာဟာ သူတို့ကြောင့် မွဲတာ။ သူတို့ကြောင့် မွဲတာလို့ဆိုတာ ဒီလိုဆိုရင် သူတို့ အခုမှလားလို့မေးတော့ အရင်တုန်းက ရှင်ဘုရင်တွေဆိုတာ ဦးသန်းရွှေထက် အာဏာ ပိုရှိတယ်။ ဦးသန်းရွှေက ဒီတိုင်းပြည်ကြီး သူပိုင်တယ်လို့ မပြောဘူးလို့။ ရှင်ဘုရင်တွေက သူ ပိုင်တယ်လို့ ပြောတာလို့။ ဒီလိုဆိုရင် သူ့ထက် ဦးသန်းရွှေထက် အဆပေါင်း များစွာ ရှင်ဘုရင်ဆိုတာ ဆိုးရမယ်လို့။ အဲလိုရင် သူ့နား ကပ်တဲ့ လူတွေကိုလည်းပဲ သူဖေဘာပေးရမယ်လို့။ ဖေဘာပေးရင်လည်း အဲဒီသူတွေပဲ ရပြီးတော့ ကျန်တဲ့သူတွေကတော့ နင်းပြား ဖြစ်ရမယ်လို့ မွဲရမယ်လို့။ အဲတော့ အဲဒီလိုမွဲတာကို ရှင်ဘုရင်နဲ့ ခုနတုန်းက ပစ္စည်းရှိတဲ့သူတွေက လုပ်လို့မွဲတယ်ဆိုရင် ဒါလေးလောက် မသိဘူးဆိုရင်ထား။ မသိတဲ့ အတိုင်းနေ။ မဖိနဲ့။ အဲဒါကို ဘာသာရေးက ဖိပေးတယ်။ မင်းတို့မွဲတာ နောက်ဘဝက ကံကြောင့်မွဲတာလို့ ပြောတယ်။ ဒါဆိုရင် ဒီအာဏာရှင်ကြောင့် မွဲတယ်၊ ခရိုနီကြောင့် မွဲတယ်လို့ဆိုတဲ့ အသိက ဒီလူတွေဆီ ဘယ်လိုလုပ်ဝင်တော့မလဲ။ မင်းတို့ ဒါ မင်းတို့ နောက်ဘဝက ကံကြောင့်မွဲတာလို့  ပြောလိုက်တော့ ဟိုလူတွေက အကြိုက်ပေါ့။ ဟာ တို့သူတို့ကို ဖိပေမယ့် ဘယ်လောက်ဖိဖိ သူတို့ မသိဘူးဟ။ သူတို့ ကံဆိုးလို့ မွဲတာလို့ ဆိုတာမျိုးလို ထင်မှာလို့ဆိုတော့ အဲဒီတော့ ဒီလူတွေ အမြီးစားဖက် ခေါင်းစားဖက် ဖြစ်တာကိုး။ ဒါ ငါတို့ ဘုရားကြောင့် မဟုတ်ဘူး။ ကျုပ်တို့ကတော့ လွတ်လပ်နေတဲ့သူတွေပါ။ လွတ်လပ်နေတဲ့သူ ဆိုတာကတော့ ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာမှ တကယ့်ဘုရားကိုသိတဲ့ ဗုဒ္ဓဘာသာ အစစ်ပါလို့ ပြောချင်တယ်ပေါ့ဗျာ”

ရှင်းလင်းချက်

မိုးပြာဦးဉာဏ ပြောထားတဲ့ အပိုဒ်(က)ရဲ့ ဆိုလိုရင်းက သုံးချက်ရှိတယ်။ ၁။ ထေရဝါဒ ရဟန်းတော်များဟာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် ဆိုတဲ့ ဝဋ်သုံးမျိုးမှာ ကမ္မဝဋ်နဲ့ ဝိပါကဝဋ်ကိုပဲ ပြောနေကြတယ်။ ကိလေသဝဋ်ကို မပြောပဲ ချန်ထားကြတယ်။ ၂။ ထေရဝါဒ ရဟန်းတော်များဟာ ဝိပါကဝဋ်ကို မှန်မှန်ကန်ကန် နားမလည်ကြဘူး။ အဓိပ္ပာယ် ကောက်ယူတာ မှားနေတယ်။ ကိုယ်က လုပ်ပြီး ကိုယ်ပြန်ခံရမယ်ဆိုတာ မဟုတ်ဘူး။ ဒီတော့ ဒီနှစ်ချက်ကို တစ်ချက်ချင်း ရှင်းပြပေးပါမယ်။

၁။ ထေရဝါဒ ရဟန်းတော်များဟာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် ဆိုတဲ့ ဝဋ်သုံးမျိုးမှာ ကမ္မဝဋ်နဲ့ ဝိပါကဝဋ်ကိုပဲ ပြောနေကြတယ်။ ကိလေသဝဋ်ကို မပြောဘဲ ချန်ထားကြတယ်ဆိုတာကို အရင် ရှင်းပြပေးပါ့မယ်။ 

ဝဋ်ဆိုတဲ့စကားက ဝဋ္ဋဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရဖြစ်ပါတယ်။ ဝဋ္ဋ-ဝဋ်= အဆက်မပြတ် တရစပ် လည်ပတ်နေသော သဘောတရားလို့ အဓိပ္ပာယ် ရရှိပါတယ်။ ဝဋ်က ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဆိုပြီးတော့ သုံးမျိုး ရှိပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ တရားသုံးပါးကို ကိလေသဝဋ်လို့ ခေါ်ပါတယ်။ သင်္ခါရ ကမ္မဘဝလို့ ခေါ်တဲ့ လောကီကုသိုလ် စေတနာကံ အကုသိုလ် စေတနာကံတွေကို ကမ္မဝဋ်လို့ ခေါ်ပါတယ်။ အကုသိုလ် စေတနာကံ ကုသိုလ် စေတနာကံတွေရဲ့ အကျိုးဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာ (ဝိညာဏ် နာမ်ရုပ် သဠာယတန စသည်များ)ကို ဝိပါကဝဋ်လို့ ခေါ်ပါတယ်။ 

ရဟန္တာ မဖြစ်ကြတဲ့သူတွေရဲ့သန္တာန်မှာ အဝိဇ္ဇာ-မသိနားမလည်မှု၊ တဏှာ-လိုချင်မှု၊ ဥပါဒါန်-ပြင်းပြင်းထန်ထန် လိုချင်မှုဆိုတဲ့ ကိလေသဝဋ်တွေ ရှိနေတဲ့အတွက်ကြောင့် သူတို့တစ်တွေဟာ ကုသိုလ် စေတနာကံ အကုသိုလ် စေတနာကံဆိုတဲ့ ကမ္မဝဋ်တွေကို ပြုလုပ်ကြပါတယ်။ ထိုကမ္မဝဋ်တွေကြောင့် ဘဝသစ် ရုပ်နာမ်ခန္ဓာဆိုတဲ့  ဝိပါကဝဋ် ဖြစ်ရပြန်ပါတယ်။ ဘဝသစ်မှာလည်းပဲ ကိလေသဝဋ် ရှိနေခြင်းကြောင့် ကမ္မဝဋ်ကို ပြုလုပ်၊ ကမ္မဝဋ် ပြုလုပ်မိလို့ ဝိပါကဝဋ်ပြန်ဖြစ်။ ဒီလိုနဲ့ အဆက်မပြတ် လည်ပတ်နေပါတော့တယ်။ ဒီဝဋ်လည်ပတ်နေမှုကို ရပ်တန့် သွားချင်ရင် ကိလေသ ဝဋ်ကို ပယ်ဖျက်ကြရမယ်လို့ ဘုရားရှင်က ပဋိစ္စသမုပ္ပာဒ် ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ 

ဝဋ် သုံးပါးမှာ ကိလေသဝဋ်က ပစ္စုပ္ပန်ကာလ ဖြစ်ပါတယ်။ ကမ္မဝဋ်က အတိတ်ကာလ ဖြစ်ပါတယ်။ ဝိပါကဝဋ်က အနာဂတ်ကာလ ဖြစ်ပါတယ်။ အတိတ်ကာလ ဆိုတာ ကျော်လွန်ခဲ့ ပြီးမြောက်ခဲ့ပြီးဖြစ်လို့ ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ရပ်ချင်ရင် ကမ္မဝဋ်ကို ချိုးဖျက်ပစ်လို့ မရပါဘူး။ အနာဂတ် ကာလဆိုတာ ဖြစ်မလာသေးတဲ့ အရာပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ချားရဟတ်ကို ရပ်တန့်ချင်တဲ့သူက ဝိပါကဝဋ်ကိုလည်း ချိုးဖျက်ပစ်လို့ မရပါဘူး။ အလုပ်ဆိုတာ လက်ရှိ ပစ္စုပ္ပန်တည့်တည့် အချိန်မှာပဲ လုပ်လို့ရတာပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ချားရဟတ်ကို ရပ်တန့်ချင်တဲ့သူက ပစ္စုပ္ပန်ကာလမှာ ဖြစ်နေတဲ့ ကိလေသဝဋ်ကို ချိုးဖျက်ပစ်ကြရမှာပါ။ 

အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ ဘဝသုတ်ဆိုတာ ပါရှိပါတယ်။ ဘဝမှာသုတ်မှာ ကိလေသဝဋ် ဖြစ်တဲ့ တဏှာက အစေးဩဇာနဲ့ တူတယ်။ ကမ္မဝဋ် ဖြစ်တဲ့ကံက မြေလွှာနဲ့တူတယ်။ ဝိပါကဝဋ်ဖြစ်တဲ့ ဝိညာဏ်က မျိုးစေ့နဲ့တူတယ်လို့ ဟောကြားထားပါတယ်။ ဘုရားရှင်က ဒီသုံးမျိုးပေါင်းဆုံလို့ ဘဝသစ် တစ်ခု ဖြစ်လာတာလို့ ဟောကြားထားပါတယ်။ ဘာရေအစေး ဩဇာဓာတ်မှ မရှိဘဲ ခြောက်သွေ့နေတဲ့ ကျောက်စလစ်ကုန်း ကြတ်တီးကုန်းပေါ်ကို မျိုးစေ့ကြဲချရင် အပင် မပေါက်နိုင်ပါဘူး။ အဲဒီလိုပဲ အတွယ်အတာ လိုချင်တပ်မက်မှု-တဏှာဆိုတဲ့ ကိလေသဝဋ် မရှိတော့ရင် ကမ္မဝဋ်နဲ့ ဝိပါကဝဋ် မဖြစ်တော့ပါဘူး။ ဒါကြောင့် ဘဝသံသရာကို ရပ်တန့်ချင်ရင် ကိလေသဝဋ်ကို ချိုးဖျက်ပစ်ကြရမှာပါ။

ယနေ့ မြန်မာနိုင်ငံမှာ ကိလေသဝဋ်ကို ချိုးဖျက်နိုင်ဖို့အတွက် ဖွင့်လှစ်ထားတဲ့ ရိပ်သာပေါင်း သောင်းဂဏန်းမျှ ရှိပါတယ်။ ဒါကြောင့် မိုးပြာဦးဉာဏ ပြောဆိုတဲ့ “တကယ်တမ်းတော့ ရှိတာက ဝဋ်က သုံးခုရှိတာ။ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ် ဆိုပြီးတော့။ အခု ကံနဲ့ဝဋ်ပဲ သူတို့ ပြောတယ်။ ကိလေသာတောင် မပြောဘူး”ဆိုတဲ့စကားဟာ မုသာဝါဒစကား သက်သက်သာ ဖြစ်ပါတယ်။ ငါ့စကား နွားရပြောတဲ့ စကားသာ ဖြစ်ပါတယ်။

မိုးပြာဦးဉာဏက “ကျုပ်တို့က ခင်ဗျားတို့ကို နာအောင် ရိုက်မယ်ဆိုရင် ကျုပ်ဝိပါက် လည်မယ်တဲ့။ ဘယ်လိုဝိပါက် လည်မလဲဆိုရင် ကျုပ်လည်း သူများ ရိုက်တာခံရပြီး နာလိမ့်မယ်တဲ့။ ကျုပ်က သူများ ရိုက်တာပဲဗျ ကျုပ်က နာပါ့မလား။ ကျုပ်က သူများ မျက်စိကို ဖောက်ပစ်တယ် ကန်းအောင် လုပ်လိုက်တယ်။ ကျုပ် မျက်စိကန်းလိမ့်မယ်တဲ့။ အဲဒါ ဝိပါက်ပဲလို့ ပြောတာ။ ဟယ် ငါက သူများ မျက်စိဖောက်တာ သူများ မျက်စိကန်းမှာပေါ့။ ငါ့ မျက်စိ ဘယ်လိုလုပ် ကန်းပါ့မတုံး။ ကျုပ်က ပြောတယ်။ အဲဒါ ဝိပါက် မဟုတ်ဘူး။ ဝိပါက်ကို မသိလို့ ဝိပါက်ကို ယူကြတာ။ တကယ်ဝိပါက်က ကျုပ်က သူများ မျက်စိဖောက်တယ်ဆိုရင် သူများ မျက်စိဖောက်တဲ့သူ ဖြစ်တာ။ ကျုပ်က အိမ်ဆောက်တဲ့သူဆိုရင် အိမ်ဆောက်တတ်သူ ဖြစ်သွားတာ။ ကျုပ်က ကားမောင်းလိုက်လို့ ရှိရင် ကားမောင်းတတ်သူ ဖြစ်သွားပြီ။ အဲဒီအဖြစ် ဖြစ်တာကို လုပ်တာကြောင့် ဖြစ်တဲ့အဖြစ် ဖြစ်တဲ့အတွက် အဲဒါကို ဝိပါက်လို့ပြောတာ”စသဖြင့် မိုးပြာဦးဉာဏက ပြောသွားပါသေးတယ်။

မိုးပြာဦးဉာဏရဲ့ ထိုစကားဟာ ဘုရားဟောအဖြစ် ယုံကြည်ပါတယ်လို့ သူကိုယ်တိုင် ဝန်ခံ ပြောကြားထားတဲ့ ဥပရိပဏ္ဏာသပါဠိတော်လာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ စူဠကမ္မဝိဘင်္ဂသုတ်ကို မျက်နှာပြောင်တိုက် ဆန့်ကျင်ပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ စူဠကမ္မဝိဘင်္ဂသုတ်မှာ ဘုရားရှင်က အောက်ပါတိုင်း ဟောကြားတော်မူထားပါတယ်။

“လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသောလက် ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာအမျိုး၌ အသက် တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ်ခြင်း သွေးစွန်းသော လက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း”

မိုးပြာဦးဉာဏဟာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ သုတ်ကို ဘုရားဟောအဖြစ် လက်ခံ ယုံကြည်တယ်လို့ တရားဝင် ထုတ်ပြောထားပေမယ့် သူ့ဝါဒ မထောက်ခံတဲ့သုတ်ဆိုရင် မျက်နှာပြောင်တိုက်ပြီး မျက်ကွယ်ပြုထား ပစ်ပယ်ထားတယ်ဆိုတာ ဒါကို ထောက်ဆပြီးတော့ သိရှိနိုင်ပါတယ်။ တကယ်တော့ ဦးဉာဏဟာ ဓမ္မရေးရာမှာသာ နားမလည်တာ မဟုတ်ပါဘူး။ လောကရေးရာမှာလည်းပဲ နားမလည်ဘူးဆိုတာ အထက်ပါပြောစကားနဲ့ ထင်ရှားနေပါတယ်။ အရင်ခေတ်ကနဲ့ လက်ရှိတချို့နိုင်ငံတွေမှာ သေစား သေစေ စတဲ့ ပြစ်ဒဏ်တွေ အခုထိ ရှိသေးတယ်ဆိုတာ သူမသိလို့ အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။ သေစား သေစေ မဟုတ်ရင်တောင် အချုပ်အနှောင် ခံရခြင်းစတဲ့ ပြစ်ဒဏ်တွေကိုတော့ ကျခံရသေးတာပါပဲ။ ဒါဟာ မကောင်းတာလုပ်လို့ လက်ရှိ ဘဝမှာလည်းပဲ မကောင်းတာ ပြန်ခံရတဲ့ သာဓကပဲ ဖြစ်ပါတော့တယ်။

ကံအကြောင်း သိကောင်းစရာ

စကား ဆက်စပ်နေပြီး ကံအကြောင်းကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ သေသေချာချာ နားလည်ထားကြဖို့ လိုအပ်တာကြောင့်ရယ်၊ အပိုဒ်(ခ) ကို ရှင်းပြတဲ့အခါမှာ နားလည်လွယ်ကူစေဖို့ရန်အတွက်ရယ် ကံနဲ့ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦးမယ်။

ကံက ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယ ဝေဒနီယကံ၊ အဟောသိကံ ဆိုပြီးတော့ အပိုင်းငယ် လေးပိုင်း ရှိပါတယ်။

လက်ရှိ မျက်မှောက်ဘဝမှာ အကျိုးပေးတဲ့ ပဌမဇော စေတနာကံကို ဒိဋ္ဌိဓမ္မဝေဒနီယကံလို့ ခေါ်ပါတယ်။ လက်ရှိဘဝကနေ သေပြီးတော့ ဖြစ်လာမယ့် ဒုတိယဘဝမှာ အကျိုးပေးတဲ့ သတ္တမဇောစေတနာကံကို ဥပပဇ္ဇ ဝေဒနီယကံလို့ ခေါ်ပါတယ်။ တတိယဘဝကနေ နိဗ္ဗာန် မရမချင်း အကျိုးပေးဖို့ အခွင့်သာတဲ့ဘဝမှာ အကျိုးပေမယ့် ဒုတိယဇော တတိယဇော စတုတ္ထဇော ပဉ္စမဇော ဆဋ္ဌမဇော စေတနာကံဆိုတဲ့ အလယ်ဇော ငါးချက်ကို အပရာ ပရိယဝေဒနီယကံလို့ ခေါ်ပါတယ်။ အကျိုးပေးရမယ့်အချိန်မှာ အကျိုးပေးဖို့ အခွင့်အရေး မရလို့ အကျိုး မပေးတော့ဘဲ ချုပ်ပျက်သွားတဲ့ ကံတွေကို အဟောသိကံလို့ခေါ်တယ်။

အဇာတသတ်မင်း ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကိုသတ်ပြီး ထီးနန်း လုယူပါတယ်။ တထိတ်ထိတ် တလန့်လန့်နဲ့ အိပ်မပျော်ပါဘူး။ သူ့သားက သူ့ကိုသတ်ပြီး ထီးနန်းလုမှာကိုလည်းပဲ စိုးရိမ် ပူပန်ပါတယ်။ ဒါက ဒိဋ္ဌဓမ္မ ဝေဒနီယကံပါ။ သေတဲ့အခါမှာ ငရဲကျပါတယ်။ ဒါက ဥပပဇ္ဇဝေဒနီယကံ ပါ။ ဒီခေတ်မှာလည်း လူတွေက မကောင်းမှုတွေကို ကျူးလွန်ပြီးရင် အချုပ်အနှောင် ကျခံရခြင်း ဒဏ်ငွေ ပေးဆောင်ရခြင်း နာမည်ဆိုးနဲ့ ကျော်စောခြင်း တထိတ်ထိတ် တလန့်လန့်နဲ့ နေရခြင်း စတဲ့ ဒိဋ္ဌဓမ္မဝေဒနီယကံတွေကို ခံယူ ရရှိနေကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ မိုးပြာဦးဉာဏက ဒိဋ္ဌဓမ္မဝေဒနီယကံကိုတောင်မှ တစ်ဝက်တစ်ပျက်သာ လက်ခံထားတာပါ။ ကျန်ကံသုံးမျိုးကိုတော့ လုံးဝ ပစ်ပယ်ထားတဲ့သူဆိုတာ ဒီဖြစ်ရပ်ကြောင့် ပေါ်လွင် ထင်ရှားနေပါတယ်။

မှတ်ချက်။  ။ ကံအကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိပါလိုပါက မိုးသု (မန္တလေး) ခေတ်သုံး မြန်မာစကားပြေနဲ့ ရေးသားထုတ်ဝေ ဖြန့်ချိထားပြီးဖြစ်တဲ့ မူကြိုအဆင့် ပဋ္ဌာန်းစာအုပ် ကမ္မပစ္စယောတွင် ဖတ်ရှုပါရန်။

မိုးပြာဦးဉာဏက ကုသိုလ်ကံ အကုသိုလ်ကံ မရှိ။ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးဆိုတာမရှိ။ ကုသိုလ်ကံ အကုသိုလ်ကံ မလုပ်ရ။ သူဟာ ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုလုပ်တော့၊ ထို့ကြောင့် သူသည် ကံတွေကနေ လွတ်လပ်နေတဲ့ ဘုရားအစစ်ကိုသိတဲ့ မြင်တဲ့သူ တစ်ယောက် ဖြစ်တယ် စသဖြင့် ဟောပြောလေ့ ရှိပါတယ်။ ဒီတော့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်တယ်ဆိုရင် ကမ္မဝဋ်ဖြစ်တဲ့ အကုသိုလ် အလုပ်ကိုသာမက ကုသိုလ်အလုပ်ပါ မလုပ်ရတော့ဘူးလားလို့ တွေဝေယုံမှား သံသယ ဖြစ်လာစရာ ရှိပါတယ်။ မိုးပြာဦးဉာဏ ပြောတာက မှန်များနေသလားလို့ တွေဝေနိုင်စရာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားရေးသားတော်မူထားတဲ့ ပဋိစ္စသမုပ္ဗါဒ် တရားတော်ကြီးကနေ ကောက်နုတ်တင်ပြ ပေးပါမယ်။

မဟာစည် ဆရာတော်ဘုရား၏ ဟောကြားချက်

တချို့က ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ်လည်းမရှိ အကုသိုလ်လည်း မရှိဘူးဆိုတာနဲ့ ကုသိုလ်ကိုလည်း ပယ်ရမယ်လို့ အလွဲအမှားကို ယူဆပြီး ပြောတတ်ကြတယ်။ ပုထုဇဉ် ပုဂ္ဂိုလ်မှာ ကုသိုလ်ကို ပယ်လိုက်ရင် အကုသိုလ်တွေချည်း မပြတ် ဖြစ်နေတော့မှာပဲ။ ဘယ်လိုလဲဆိုရင် မြို့ ရွာ တစ်ခုမှ လူ လိမ္မာ သူတော်ကောင်းတွေကို နှင်ထုတ်လိုက်ရင် လူမိုက်တွေချည်း ကျန်နေသလိုဖြစ်မှာပဲ။ တစ်နည်းအားဖြင့် သစ်ပင်ကြီးတွေကို ပယ်ရှင်းပစ်လိုက်ရင် အဲဒီနေရာမှာ အသုံးမကျတဲ့ မြက်ပင် ဆူးပင်တွေ ပေါက်လာသလိုလည်း ဆိုနိုင်ပါတယ်။ အဲဒီလို ကုသိုလ်တွေကိုမပြုပဲ ပယ်တဲ့သူမှာ အကုသိုလ်ချည်း မပြတ်ဖြစ်ပြီး အပါယ် လေးပါးသွားဖို့ပဲ ရှိတယ်။ လူ့ဘဝကိုတောင် တစ်ဖန် ပြန်ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အဲဒါ အထူး သတိပြုကြရမယ်။

အမှန်မှာတော့ “ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ် မရှိဘူး”ဆိုတာက ကုသိုလ်အမှုကိုပြုပေမယ့် အဝိဇ္ဇာ မရှိတဲ့အတွက် အကျိုး ပေးတတ်တဲ့ ကုသိုလ် မဖြစ်ဘဲ အကျိုး မပေးတတ်တဲ့ ကြိယာမျှ ဖြစ်တာကိုသာ ဆိုလိုပါတယ်၊ ရဟန္တာပုဂ္ဂိုလ်များလည်း ကောင်းတဲ့ကုသိုလ် အမှုမျိုးတွေကို ပြုကြတာပါပဲ၊ ဘုရားကို အရိုအသေ ပြုကြတယ်၊ ထေရ်ကြီး ပုဂ္ဂိုလ်တွေကို အရိုအသေ ပြုကြတယ်၊ တရားဟောကြတယ်၊ တရားနာကြတယ်၊ တရား နှလုံးသွင်းကြတယ်၊ ဝေယျာဝစ္စ အလုပ်တွေကို လုပ်ကြတယ်၊ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါကို တတ်နိုင်ရင် ကယ်ဆယ်ကြတယ်၊ ဆွမ်း သင်္ကန်း စသည် ပိုနေလျှင် ပေးသင့်တဲ့သူများအား ပေးလှူကြတယ်၊ သီလသိက္ခာ ပုဒ်တွေကို ရိုရိုသေသေ စောင့်ရှောက်ကြတယ်၊ ဒီလို ကုသိုလ်အလုပ်တွေကို ထိုက်သည်အားလျော်စွာ ပြုလုပ်ကြပါတယ်၊ ဒါပေမဲ့ သစ္စာလေးပါးကို အကြွင်းမဲ့ သိပြီးဖြစ်နေတဲ့အတွက် အဝိဇ္ဇာက လုံးဝ မရှိတော့ဘူး၊ ဒါကြောင့် အဲဒီကုသိုလ် အမှုတွေကို ပြုတိုင်း ပြောတိုင်း ကြံတိုင်း အကျိုး မပေးတတ်တဲ့ ကြိယာစိတ်တွေသာ ဖြစ်တယ်၊ အကျိုးပေးတတ်တဲ့ ကုသိုလ်စိတ်ကတော့ မဖြစ်တော့ဘူး၊ ဒါကြောင့် ရဟန္တာမှာ ကုသိုလ်လည်း မရှိဘူးလို့ ဆိုပါတယ်၊ ကုသိုလ် အမှုမျိုးတွေကို မလုပ်တော့ဘူးလို့တော့ မဆိုလိုပါဘူး။

မှတ်ချက် ။  ။ ရဟန္တာတို့သည် ကောင်းသော အလုပ်များကို ပြုကြပါသည်။ သို့သော် ၎င်းတို့ သန္တာန်၌ ကိလေသဝဋ် မရှိတော့။ ထို့ကြောင့် ကမ္မဝဋ် မဖြစ်တော့။ ကမ္မဝဋ် မဖြစ်တော့သည့်အတွက် ဘဝသစ် အကျိုး ဖြစ်တဲ့ ဝိပါကဝဋ်ကို မဖြစ်စေတော့၊ ဘဝသစ် မဖြစ်တော့သည့်အတွက် ကောင်းသော အလုပ်သည် တစ်ဖန်ပြန်၍ ကောင်းသောအကျိုးကို မပေးနိုင်တော့။ အကျိုး မပေးနိုင်တော့သည့်အတွက် ကောင်းသော အလုပ်သည် လုပ်ကာမျှမတ္တဟု ဆိုအပ်သော ကြိယာစိတ်သာ ဖြစ်သွားတော့၏။ အမှန်မှာ ကောင်းသောအလုပ်ကို ကိလေသဝဋ် ရှိနေသော ပုထုဇဉ် ပုဂ္ဂိုလ်ပြုလုပ်ပါက ကုသိုလ်ဟုခေါ်ဆို၍ ကိလေသဝဋ် မရှိသော ရဟန္တာ ပုဂ္ဂိုလ်ပြုလုပ်ပါက ကြိယာဟု ခေါ်ဆိုရတော့၏။ (စာရေးသူ)

ဆက်လက် ဖော်ပြပါမည်။ 
မိုးသု (မန္တလေး)
09-Jan-2017
http://thevoicemyanmar.com/tags/ဦးဉာဏ/posts/5196-kak 

ကံအကြောင်း နားမလည်တဲ့ မိုးပြာဦးဉာဏ (၂)

10-Jan-2017

ကံအကြောင်း နားမလည်တဲ့ မိုးပြာ ဦးဉာဏ (ယမန်နေ့မှအဆက်)
အဝိဇ္ဇာရှိနေတဲ့ ပုထုဇဉ်တွေက အဲဒါကို အယူအဆ လွဲပြီး ဒါန၊ သီလ အစရှိတဲ့ ကုသိုလ် အလုပ်တွေကို မလုပ်ဘဲ ပယ်ထားရင် အဲဒီလူတွေမှာ အချိန်ရှိသမျှ အကုသိုလ်တွေချည်း ဖြစ်နေလိမ့်မယ်။ အဲဒီလို အကုသိုလ်တွေချည်း ဖြစ်နေရင် အဲဒီလို လူတွေဟာ အပါယ် လေးပါးသွားဖို့ရာ လမ်းပွင့်နေတယ်လို့သာ မှတ်ကြပေတော့။ နောက်ပြီးတော့ ကုသိုလ်ကို ပြုချင်တဲ့စိတ် မရှိဘူးဆိုတာ အဝိဇ္ဇာနည်းတဲ့သဘော မဟုတ်ဘူး၊ အဝိဇ္ဇာ အားကြီးတဲ့ သဘောပဲ၊ အဝိဇ္ဇာ အားကြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဝေးတယ်လို့လည်း မှတ်ကြရမယ်။ 
အဝိဇ္ဇာနည်းပါးလာရင် နည်းပါးသလောက် ကုသိုလ်အမှုတွေမှာ စိတ်က သာသာပြီး ညွတ်ကိုင်းလာတယ်။ ဒါကြောင့် သောတာပန်ဖြစ်လာရင် ပုထုဇဉ်တုန်းကထက် ကုသိုလ်ဘက်မှာသာပြီး စိတ်က ညွှတ်ကိုင်းလာတယ်။ တတ်နိုင်သမျှ ကုသိုလ်အလုပ်ကို သာပြီး စိတ်ပါဝင်စားစွာနဲ့ လုပ်တယ်၊ သကဒါဂါမ်လည်း ထို့အတူပဲ အနာဂါမ်လည်း ထို့အတူပဲ၊ ထူးတာကတော့ ပလိဗောဓတွေကို ဖြတ်တောက်ပြီး ဘာဝနာအလုပ်ကို တိုးတက် လုပ်လိုတဲ့ ဆန္ဒသာပြီး များလာတယ်။ ဒါကြောင့် အနာဂါမ်က အချိန်ရသလောက်သာ ဘာဝနာအလုပ်မှာ သာပြီး စိတ်ဝင်စားနေတတ်တယ်။ ရဟန္တာ ဆိုရင်တော့ အထူး ပြောစရာ မရှိဘူး၊ ဒါကြောင့် ကုသိုလ်အလုပ်တွေကို အကုသိုလ်လို သဘောထားပြီး တမင် မပယ်ကောင်းဘူး ဆိုတာကို သိနားလည်ထားကြရမယ်။ အဝိဇ္ဇာရှိနေရင် ကြံစည်သမျှ ပြုလုပ်သမျှ ပြောဆိုသမျှဟာ ကုသိုလ်ဖြစ်ရင်လည်း ဖြစ်မယ်၊ ကုသိုလ် မဖြစ်ရင် အကုသိုလ်ချည်း ဖြစ်နေမှာပဲ။ ဒါကြောင့် “အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ၊ ကောင်းကျိုး ဆိုးကျိုးကို ပေးတတ်သော ကုသိုလ်သင်္ခါရ အကုသိုလ် သင်္ခါရတို့သည် သမ္ဘဝန္တိ၊ ဖြစ်ပေါ်ကုန်၏”လို့ ဟောထားပါတယ်။

ဒီလောက်ဆိုရင် မိုးပြာဦးဉာဏပြောတဲ့ ကုသိုလ် မလုပ်ရဘူးဆိုတဲ့ စကားနဲ့ ဘုရားရှင် ဟောကြားတော်မူထားတဲ့ ရဟန္တာ ပုဂ္ဂိုလ်များမှာ ကုသိုလ် မရှိဘူးဆိုတဲ့စကား ဘယ်လို ကွာခြားတယ် ဆိုတာကို နားလည်လောက်ပြီလို့ ယူဆမိပါတယ်။

၂။ ထေရဝါဒ ရဟန်းတော်များဟာ ဝိပါကဝဋ်ကို မှန်မှန်ကန်ကန် နားမလည်ကြဘူး။ အဓိပ္ပာယ် ကောက်ယူတာ မှားနေတယ်။ ကိုယ်လုပ်ပြီး ကိုယ်ပြန်ခံရမယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ မိုးပြာဦးဉာဏရဲ့ စကားကို ဆက် ရှင်းပြပေးပါမယ်။

ဒီစကားအရ မိုးပြာဦးဉာဏဟာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ ပဋိစ္စသမုပ္ပာဒ်ကို လက်ခံထားတယ်ဆိုတာ သေချာပါတယ်။ သို့သော်လည်း ပဋိစ္စသမုပ္ပာဒ်မှာ ဘုရားရှင်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လို့ သုံးပိုင်း ဟောထားရာမှာ အတိတ်ပိုင်းနဲ့ အနာဂတ်ပိုင်းကို ပစ်ပယ်ပြီး ပစ္စုပ္ပန်ကိုပဲ လက်ခံထားပါတယ်။ ဒါကိုကြည့်သောအားဖြင့် မိုးပြာဦးဉာဏဟာ ဘုရားရှင် ဟောကြားတော်မူထားတဲ့ တရားတော်တွေကို လိုသလို ဖြတ်ညှပ်ကပ် လုပ်နေတယ် ဆိုတာ ထင်ရှားပါတယ်။ သူလုပ်တဲ့ ဖြတ်ညှပ်ကပ်က ကောင်းကောင်းမွန်မွန်လား ဆိုတော့လည်း မဟုတ်ပါဘူး။ ပရမ်းပတာ ထင်ရာမြင်ရာ လုပ်နေတာပါ။ 

ပဋိစ္စသမုပ္ပာဒ်မှာ ဘုရားရှင် ဟောကြားထားတဲ့ ဝဋ်သုံးပါးထဲက ဝိပါကဝဋ်ဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကံရဲ့ ကောင်းကျိုး ဆိုးကျိုးမျှလောက်ကိုသာ ရည်ရွယ်ပြီးတော့ ဘုရားရှင်က ဟောကြားထားတာ မဟုတ်ပါဘူး။ ဘဝသစ် တစ်ခုကို ဖန်တီးပေးနိုင်တဲ့ စွမ်းအားမြင့်ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာကို ရည်ရွယ်ပြီးတော့ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပာဒ်မှာ ဘုရားရှင် ဟောကြာထားတဲ့ ဝိပါကဝဋ်ဆိုတာ ကံကနေ ထုတ်လုပ်ပေးထားတဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။

ဒါကို မိုးပြာဦးဉာဏက ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကောင်းကျိုး ဆိုးကျိုးမျှကိုသာ ကောက်ယူ ဟောပြောနေပါတယ်။ ဘုရားရှင်ရဲ့ ဆိုလိုရင်း အမှန်ဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာအထိ မကောက်ယူရဲပါဘူး။ အကြောင်းကတော့ သူက ဘဝသံသရာကို ပစ်ပယ်ထားတဲ့လူ ဖြစ်လို့ပါပဲ။ မိုးပြာဦးဉာဏဟာ ပဋိစ္စသမုပ္ပာဒ်ကို အတိတ်နဲ့ အနာဂတ်ကို ပစ်ပယ်ထားလို့ပါပဲ။ ဒါကြောင့် သူက အတိတ်ဖြစ်တဲ့ ကမ္မဝဋ်နဲ့ အနာဂတ်ဖြစ်တဲ့ ဝိပါကဝဋ်ကို ဇွတ်အတင်းကြီး မရမက ပစ္စုပ္ပန် လုပ်နေရတာ ဖြစ်ပါတယ်။ ဒါကို ထောက်ဆသောအားဖြင့် မိုးပြာဦးဉာဏနဲ့ ထေရဝါဒ ရဟန်းတော်များ ဘယ်သူက ဝိပါကဝဋ်ကို မှန်မှန်ကန်ကန် ကောက်ယူခြင်း မပြုနိုင်တာလဲ ဆိုတာ ထင်ရှားနေပါပြီ။

အပိုဒ်(ခ)မှာ မိုးပြာဦးဉာဏက “ကျုပ်တို့နဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ကွဲတယ်ဆိုတာ ကျုပ်တို့ကနေ သာမန်ခါလေး ကွဲချင်လို့ ကွဲလိုက်တာ မဟုတ်ဘူး။ လူ့လောကကြီးရဲ့ မွဲတေနေတဲ့ဖြစ်ရပ်။ ဥပမာဗျာ အခုဆိုရင် လူတွေ မွဲနေတယ်။ ဘာဖြစ်လို့မွဲမှန်း ကျုပ်တို့ သိတယ်။ ခင်ဗျားတို့လို မီဒီယာတွေကနေ ပြောလို့သိတာ။ ဘယ်လို ပြောတုံးဆိုရင်ဟာ ခရိုနီတွေက ဘယ်လို လုပ်တယ်။ အာဏာရှင်တွေက ဘယ်လို လုပ်တယ်။ သူကလည်း အချက်နဲ့ လက်နဲ့ ကွက်ကွက်ကွင်းကွင်း ပြောတဲ့အခါကျ ဘယ်သူတွေက သစ်တောတွေလည်းတုံးကုန်ပြီ။ ရေထဲက ငါးတွေလည်း ကုန်လုနေပြီတဲ့ ဆိုတာမျိုးပေါ့ဗျာ။ ဘယ်သူတွေ ဘယ်လို လုပ်လိုက်တယ် ဆိုတာမျိုး။ ဘယ်သတ္တုတွေလည်း ကုန်လုနေပြီ။ သူတို့က လက်ညှိုးထိုးရောင်းတာနဲ့။ အဲတော့ ရောင်းတော့ သူတို့တော့ ချမ်းသာတာပေါ့။ ဟာ ဒီလိုဆိုရင် သူတို့ချမ်းသာ ပြီး တို့မွဲတယ်လို့ဆိုတာဟာ သူတို့ကြောင့် မွဲတာ။ သူတို့ကြောင့် မွဲတာလို့ဆိုတာ ဒီလိုဆိုရင် သူတို့ အခုမှလားလို့ မေးတော့ အရင်တုန်းက ရှင်ဘုရင်တွေဆိုတာ ဦးသန်းရွှေထက် အာဏာပိုရှိတယ်။ ဦးသန်းရွှေက ဒီတိုင်းပြည်ကြီး သူပိုင်တယ်လို့ မပြောဘူးလို့။ ရှင်ဘုရင်တွေက သူပိုင်တယ်လို့ ပြောတာလို့။ ဒီလိုဆိုရင် သူ့ထက် ဦးသန်းရွှေထက် အဆပေါင်း များစွာ ရှင်ဘုရင်ဆိုတာ ဆိုးရမယ်လို့။ အဲလိုရင် သူ့နားကပ်တဲ့လူတွေကိုလည်းပဲ သူ ဖေဘာ ပေးရမယ်လို့။ ဖေဘာ ပေးရင်လည်း အဲဒီသူတွေပဲ ရပြီးတော့ ကျန်တဲ့သူတွေကတော့ နင်းပြား ဖြစ်ရမယ်လို့ မွဲရမယ်လို့။ အဲတော့ အဲဒီလို မွဲတာကို ရှင်ဘုရင်နဲ့ ခုနတုန်းက ပစ္စည်းရှိတဲ့သူတွေက လုပ်လို့မွဲတယ်ဆိုရင် ဒါလေးလောက် မသိဘူးဆိုရင်ထား။ မသိတဲ့အတိုင်းနေ။ မဖိနဲ့။ အဲဒါကို ဘာသာရေးက ဖိပေးတယ်။ မင်းတို့မွဲတာ နောက်ဘဝက ကံကြောင့် မွဲတာလို့ ပြောတယ်။ ဒါဆိုရင် ဒီအာဏာရှင်ကြောင့် မွဲတယ်၊ ခရိုနီကြောင့် မွဲတယ်လို့ဆိုတဲ့အသိက ဒီလူတွေဆီ ဘယ်လိုလုပ်ဝင်တော့မလဲ။ မင်းတို့ ဒါ မင်းတို့ နောက်ဘဝက ကံကြောင့် မွဲတာလို့။ ဟိုလူတွေက အကြိုက်ပေါ့။ ဟာ တို့ သူတို့ကို ဖိပေမယ့် ဘယ်လောက်ဖိဖိ မဖိမိဘူးဟ။ သူတို့ ကံဆိုးလို့မွဲတာလို့  ဆိုတာမျိုးလို ထင်မှာလို့ ဆိုတော့ အဲဒီတော့ ဒီလူတွေ အမြီးစားဖက် ခေါင်း စားဖက် ဖြစ်တာကိုး။ ဒါ ငါတို့ ဘုရားကြောင့် မဟုတ်ဘူး”လို့ ပြောသွားပါတယ်။

အထက်ပါ စကားများကို မိုးပြာဦးဉာဏ အာရဲလျှာရဲ ပြောဆိုရဲတာဟာ ကံအကြောင်းကို သေသေချာချာ နားမလည်လို့၊ စာပေကျမ်းဂန်ကို ကောင်းကောင်းမွန်မွန် မသင်ယူခဲ့ဖူးလို့ဆိုတာ ထင်ရှားနေပါတယ်။ တကယ်တော့ ဒီပြဿနာရဲ့ အဖြေက သာမန် ဗုဒ္ဓစာပေ လိုက်စားတဲ့သူတောင်မှ သိနေကြပါတယ်။ ဗုဒ္ဓဘာသာဂိုဏ်းခွဲ တစ်ခု ထူထောင်ချင်သူက ဗုဒ္ဓ တရားတော်ကို သေသေချာချာ နားမလည်တာဟာ အလွန်အံ့သြစရာ ကောင်းလွန်းလှတဲ့ ဖြစ်ရပ်ပါ။

ကံအယူအဆနဲ့ ပတ်သက်လာရင် ဘုရားရှင် ပယ်ထားတဲ့ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိကံ အယူအဆ၊ ဘုရားရှင် လက်ခံ ဟောကြားထားတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိကံ အယူအဆဆိုပြီးတော့ ကံအယူအဆက နှစ်မျိုး ရှိပါတယ်။ 

လက်ရှိဘဝမှာ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှဟာ ရှေးအတိတ်ကံကြောင့်ချည်းပဲ ဖြစ်တယ်လို့ လက်ခံယူဆတဲ့ ကံအယူဝါဒကို ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ ခေါ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ကံလေးမျိုးမှာ အပရာ အပရိယ ဝေဒနီယကံ တစ်မျိုးတည်းကို လက်ခံပြီးတော့ ဒိဋ္ဌဓမ္မဝေဒနီယကံ ဥပပဇ္ဇ ဝေဒနီယကံ အဟောသိကံတို့ကို ပယ်ထားတဲ့ ကံအယူဆကို ပုဗ္ဗေကတ ဟေတုဒိဋ္ဌိလို့ ခေါ်ပါတယ်။ ပုဗ္ဗေကဟေတုဒိဋ္ဌိကို ဘုရားရှင်က မှားယွင်း သောကံ အယူအဆ၊ အစွန်းရောက် ကံအယူအဆဆိုပြီး ပယ်ထားပါတယ်။ ဒါကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် တိ ကနိပါတ် မဟာဝဂ် ဧဝံ မေ သုတံ အရင်းခံထားတဲ့ တိတ္ထာယတန သုတ်မှာ အောက်ပါအတိုင်း ဟောကြားထားပါတယ်။

“ရဟန်းတို့ ဤသတ္တဝါသည် အလုံးစုံသော ချမ်းသာမှု သုခကိုလည်းကောင်း၊ ဆင်းရဲမှုဒုက္ခကိုလည်းကောင်း၊ မဆင်းရဲ၊ မချမ်းသာ (လျစ်လျူရှုမှု) ဥပေက္ခာကိုလည်းကောင်း၊ ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏”ဟု ပြောလေ့ယူလေ့ ရှိကြကုန်သော သမဏ ဗြာဟ္မဏအချို့တို့ ရှိကြကုန်၏။ ထိုသမဏ ဗြာဟ္မဏတို့သို့ ချဉ်းကပ်၍ အရှင်တို့ “ဤသတ္တဝါသည် အလုံးစုံသော သုခ ဒုက္ခ ဥပေက္ခာကို ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ခံစားရ၏”ဟု သင်တို့ ပြောလေ့ယူလေ့ ရှိကြ၏ဟူသည် မှန်သလောဟု ငါမေး၏။ မှန်၏ဟု ထိုသူတို့ကလည်း ဝန်ခံကြ၏။ “အရှင်တို့ ထိုသို့ဖြစ်လျှင် သူ့အသက်ကို သတ်လေ့ ရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မမြတ်သော အကျင့်ကို ကျင့်သူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ မုသား ပြောသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ ကုန်းတိုက်စကား၊ ကြမ်းတမ်းသော စကား၊ ပြိန်ဖျင်းသော စကားကို ပြောသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်။ သူတစ်ပါး စည်းစိမ်ကို မက်မောလေ့ရှိသူ၊ ပျက်စီးစေလို စိတ်ရှိသူ၊ မှားသော အယူရှိသူတို့သည် ရှေးက ပြုခဲ့ဖူးသော အကြောင်းကြောင့်သာ ဖြစ်ကြရလိမ့်မည်”ဟု ငါဆို၏။ 

ရဟန်းတို့ ရှေးကပြုခဲ့ဖူးသော အကြောင်းကိုသာလျှင် အမြတ်တနိုး ယုံကြည်စွဲလမ်းကြသူတို့အား ဤအမှုကိစ္စကို ပြုရန်၊ မပြုရန်၊ အလိုဆန္ဒ၊ အားထုတ်မှု ဝီရိယသည် မဖြစ်နိုင်တော့ချေ။ ဤသို့ပြုသင့်သည်၊ မပြုသင့်သည်ကို အမှန်အကန်၊ အခိုင်အမြဲ မရခဲ့သော် သတိလွတ်ကင်း စောင့်စည်းခြင်း မရှိဘဲ နေသူတို့အတွက် အသီးအခြား အကြောင်းနှင့်တကွ ဖြစ်သော သမဏဝါဒ မရှိနိုင်တော့ချေ။ ရဟန်းတို့ ဤသည်ကား ဤသို့ပြောလေ့ ယူလေ့ရှိသော သမဏဗြာဟ္မဏတို့၌ အကြောင်းနှင့်တကွ ငါ၏ ပထမ နှိပ်နင်းခြင်းပေတည်း။

အထက်ပါ ဟောကြားချက်အရ ဘုရားရှင်ဟာ လက်ရှိလူရဲ့ ဆန္ဒ ဝီရိယ သတိ ပညာ စောင့်စည်း အားထုတ်မှု တန်ဖိုးတွေကို ပယ်ထားတဲ့ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။ ဒါကို မိုးပြာဦးဉာဏက မျက်ကွယ်ပြုပြီး မျက်နှာပြောင်ပြောင်နဲ့ အာရဲလျှာရဲ ပြောဆိုရဲတာ အံ့ဖို့ကောင်းပါပေစွ။ အခု ဘုရားရှင် လက်ခံထားတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိကံအယူအဆကို ဆက်ပြီးရှင်းပြပေးပါမယ်။

အနာရောဂါဆိုတာ သည်းခြေကြောင့်ဖြစ်တဲ့ အနာရောဂါ၊ သလိပ်ကြောင့်ဖြစ်တဲ့ အနာရောဂါ၊ လေကြောင့်ဖြစ်တဲ့ အနာရောဂါ၊ ထိုသုံးမျိုး ပေါင်းစုံပြီးဖြစ်တဲ့ အနာရောဂါ၊ ဥတုဖောက်ပြန်လို့ ဖြစ်တဲ့ အနာရောဂါ ခန္ဓာကိုယ်ကို မညီမညွတ် မမျှမတ ဆောင်ရွက်ခြင်းကြောင့်ဖြစ်တဲ့ အနာရောဂါ၊ လုံ့လအားထုတ်ပြုလုပ်ခြင်းကြောင့်ဖြစ်တဲ့ အနာရောဂါ၊ ကံ၏အကျိုးဖြစ်တဲ့ အနာရောဂါ စသဖြင့် အနာရောဂါ အမျိုးမျိုး ရှိပါတယ်။
ထိုအနာရောဂါများဟာ သက်ဆိုင်ရာ အကြောင်းတရား အသီးသီးကြောင့် ဖြစ်တယ်လို့ နားလည်လက်ခံ ယုံကြည် သိမြင်တာကို ကမ္မဿကတ သမ္မာဒိဋ္ဌိကံအယူအဆလို့ ခေါ်ဆိုပါတယ်။ ထိုအနာရောဂါ မှန်သမျှဟာ ရှေးအတိတ်ကံကြောင့်ချည်း ဖြစ်တယ်လို့ ယုံကြည်လက်ခံ သိမြင်တာကို ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ် အားလုံးဟာ သူ့ရဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လို့ ယုံကြည် လက်ခံတာကိုမှ ထေရဝါဒ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဖြစ်ပေါ်နေသမျှ ကိစ္စရပ်အားလုံးဟာ ရှေးအတိတ်ကံကြောင့်ချည်း ဖြစ်ပေါ်နေတာလို့ ယူဆတဲ့ ပုဗ္ဗေကတ ဟေတုဒိဋ္ဌိကို ထေရဝါဒ ဗုဒ္ဓဘာသာက လုံးဝ လက်မခံပါဘူး။

ထေရဝါဒ ဗုဒ္ဓဘာသာက လက်ခံ ယုံကြည်ထားတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိကံအယူအဆက ဉာဏ်နဲ့ယှဉ်ပြီး ပုဗ္ဗေကတဟေတုဒိဋ္ဌိက ဉာဏ်နဲ့ မယှဉ်ပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာက လက်ရှိလူရဲ့ ဆန္ဒ ဝီရိယ သတိ ပညာ စောင့်စည်းအားထုတ်မှု တန်ဖိုးတွေကို အသိအမှတ်ပြုတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိ အယူအဆကိုသာ လက်ခံ ယုံကြည်ထားကြတာပါ။ လူရဲ့ ဆန္ဒ ဝီရိယ သတိ ပညာ စောင့်စည်းအားထုတ်မှု တန်ဖိုးတွေကို မျက်ကွယ်ပြု ပစ်ပယ်ထားတဲ့ ပုဗ္ဗေကတဟေတုဒိဋ္ဌိကို လက်မခံပါဘူး။ အားမပေးပါဘူး။ ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ ခရိုနီတွေ အာဏာရှင်တွေကို ကာကွယ်ပေးတယ်၊ ခရိုနီတွေ အာဏာရှင်တွေနဲ့ အမြီးစားဖက် ခေါင်းစားဖက်တွေ ဖြစ်တယ်ဆိုတဲ့ မိုးပြာဦးဉာဏရဲ့ စကားဟာ ငရဲက လာတဲ့လူ ပြာပူ မကြောက်လို့ ပြောတဲ့စကားပါ။ သူရူးသူနှမ်းစကားပါ။

အချုပ်အားဖြင့် သုံးသပ်ရမယ်ဆိုရင် မိုးပြာဦးဉာဏဟာ ဘုရားရှင်ရဲ့ တရားတော်များကို အမှန်တကယ် တတ်သိနားလည်ခြင်း မရှိတဲ့၊ ဘုရားရှင်ရဲ့ တရားတော်များကို အငြိုးအမျက်ကြီးကြီးနဲ့ ဖျက်ဆီးနေတဲ့၊ ဘုရားရှင် တည်ထောင်မူခဲ့တဲ့ သာသနာတော်ကို ပျက်စီးစေချင်တဲ့ လူပျက် လူရမ်းကား လူလိမ်လူညာ တစ်ဦးဆိုတာ သူ့ရဲ့ ပြောစကားများက သက်သေခံနေပါတော့တယ်။

ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူမိုက်သည် အဝေးမှ ကြည့်သော် တင့်တယ်သကဲ့သို့ ထင်ရ၏။ စကား ပြောလာသော အခါ၌ကား လူ့ဗာလဖြစ်သည်ကို သိရှိကြရလေတော့၏ ဆိုတဲ့ ဟိတောပဒေသနီတိ စကားကိုသာ အမှတ်ရနေမိပါတော့တယ်။

မိုးသု(မန္တလေး)10-Jan-2017
http://thevoicemyanmar.com/perspective/5222-kak

No comments:

Post a Comment