Menu

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, 22 April 2016

မြန်မာနိုင်ငံသည် စိန်ခေါ်မှုများ ရှိနေ၍ နိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်ရန် တည်ဆောက်ရမည်ဖြစ်ပြီး နိုင်ငံသားများကို အခြေပြု အားထားသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံစဉ် ပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
မြန်မာနိုင်ငံသည် စိန်ခေါ်မှုများရှိနေ၍ နိုင်ငံကို အင်အားကြီးမားသည့် နိုင်ငံဖြစ်ရန် တည်ဆောက်ရမည်ဖြစ်ပြီး နိုင်ငံသားများကို အခြေပြုအားထား သွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား သံတမန်များနှင့် ဧပြီ ၂၂ ရက်က တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၂  ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်း ပြည်ပအခြေစိုက် နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအား ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးခဲ့သည့် အချိန်မှစကာ ဘက်မလိုက် ကြားနေ နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှ ဆုံမှတ်တွင် တည်ရှိနေသည့် အတွက် ပထ၀ီနိုင်ငံရေးအရ အချက်အချာကျကြောင်း၊ ထို့အတွက် စိန်ခေါ်မှုများ ရှိကြောင်း သံတမန်များနှင့် တွေ့ဆုံစဉ် ၎င်းကပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က "စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် ကျွန်မတို့ နိုင်ငံကို အင်အားကြီးမားတဲ့ နိုင်ငံဖြစ်ဖို့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။အဲဒီလို အင်အားကြီးနိုင်ငံ ဖြစ်ဖို့အတွက် မြန်မာနိုင်ငံသားတွေကို အခြေပြု အားထားသွားမှာ ဖြစ်ပါတယ်" ဟု နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအား အင်္ဂလိပ်စကားဖြင့် သုံးစွဲရာတွင် ဘားမားဟု သုံးနှုန်းမိခြင်းသည် အလေ့အကျင့်ကဲ့သို့ ဖြစ်နေ၍ ဖြစ်ကြောင်း၊ နောင်တွင် မြန်မာဟု သုံးနှုန်းသွားမည် ဖြစ်ကြောင်း၊ သံတမန်များ အနေဖြင့်မူ ကြိုက်သလို သုံးနှုန်းနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်ကဲ့သို့ သုံးစွဲရမည် ဆိုသည်ကို ပြဋ္ဌာန်းထားခြင်း မရှိကြောင်း နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ရှင်းလင်းပွဲသို့ သံရုံးပေါင်း ၆၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နှင့် ရန်ကုန်မြို့ အခြေစိုက် သံရုံး ၄၆ ရုံး၊ ပြည်တွင်း အခြေစိုက် မဟုတ်သော ပြည်ပသံရုံး ၁၇ ရုံးမှ သံတမန်များ တက်ရောက်ခဲ့သည်။
ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီးက "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လူမျိုးစုတွေ များတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာမှာ အစိုးရသစ်အတွက် အလွန်ခက်ခဲ နိုင်တယ်လို့ သုံးသပ်မိတယ်" ဟု မီဒီယာများအား ပြောကြားသည်။
ထို့ပြင် ဂျပန်သံအမတ်ကြီးကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကြိုဆိုကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း မီဒီယာများအား ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံး လာရောက်တွေ့ဆုံခဲ့သည့် နိုင်ငံခြားသံတမန်မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဖြစ်ပြီး အီတလီ နိုင်ငံခြားရေးဝန်ကြီး၊ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးတို့လည်း ဆက်တိုက်လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
http://www.news-eleven.com/politics/17984 မှ ကူးယူထားပါသည်။

No comments:

Post a Comment