၂၀ ဇူလိုင်လ ၁၉၄၇ ဒိုင်ယာရီ
တနင်္လာနေ့ ညနေပိုင်း စာ သင်တန်းမရှိ၍ ကျွန်ုပ်အိပ်ရာပေါ် တွင် စာဖတ်ရင်း တမှေးအိပ်ပျော် သွားသည်။ ထိုအခိုက် ဆရာခင် ဇော်လာ၍ ခေါက်ဆွဲမောင်မောင် ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာ တမ်းများရှိသည်ကြား၍ သွားမေး ကြရအောင်ဟု ပြောသဖြင့် လိုက် သွားသည်။ ထင်ဖတ်အိမ်တွင် ငါး လက်ခွာ ငါးခြောက်နှင့် လက်ဖက်ရည်ကြမ်းမော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသားအတွင်းဝန်များရုံးသို့ သွားကြသည်။ကားကိုဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ဝရန်တာတွင် ဆရာဦးဘချိုနှင့် ဗိုလ်ချုပ်တို့စကားပြောနေကြသည်ကိုမြင်၍ ကျွန်ုပ်တို့သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည်။
ဗိုလ်ချုပ်သည် ဘန်ကောက် လုံချည် နံ့သာရောင်ဖြင့် ပိုးအင်္ကျီ ဝတ်ထားပြီး တစ်ပတ်သားခန့်ရှိ သော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေး လေးငါးဆယ်ပင်ရှိသည်။ ညှပ် ဖိနပ်စီးထားပြီး လုံချည်ကို မကာ မကာ စကားပြောသည်။ ကော လိပ်ကျောင်းရောက်ခါစ ကျောင်း သားငယ်နှင့်တူသည်။
တနင်္ဂနွေနေ့က သူ့မိန့်ခွန်း ကို အသံလွှင့်သည့်အကြောင်းနှင့် စပ်၍ စကားပြောကြသည်။ သူ လက်တန်းပြောသမျှတွင် ထိုနေ့ က ပြောသောစကားကို သူအ ကြိုက်ဆုံးဖြစ်သည်ဟု သူပြော သည်။
ကျွန်တော် လိုရမည်ရ မှတ် သားထားတဲ့ ဖိုင်တွဲတွေကို ဆွဲ လာပြီးပြောတာကို စီစဉ်ပြီးသား စကားကို ပြောတယ်လို့ ထင်ကြ မှာပဲ။ ကျွန်တော်အလုပ်ရှုပ်နေလို့ မစီစဉ် မရေးသားနိုင်ခဲ့ဘူး။
ပြောချင်တာကလေးတွေကို သာ တေးလာရတယ်။ ဒါပေမဲ့ မနေ့က စကားကို ကျွန်တော် လက်တန်းပြောခဲ့သမျှမှာ အကြိုက်ဆုံး လို့ ထင်တာပဲ။ ခင်ဗျားတို့ ဘယ် လိုအသံလွှင့်သလဲဟု ကိုထင်တို့ ဘက်သို့ လှည့်၍မေးသည်။ ကြမ်း တဲ့အပိုင်းတွေကိုဖြတ်ပြီး ကောင်းတာတွေကို လွှင့်ပါတယ်ဟု ပြန် ဖြေသည်။ အို.. အဆီအသားတွေ ကို ချန်ခဲ့တာကိုးဗျ။ ထိုဟာတွေမှ အဆီတွေပဲ။ ဒီလိုပြောမှထိတယ် မိတယ်ဟုဆိုကာ သူငယ်စဉ်က တရားဟောခဲ့ပုံတွေကို ပြောပြ သည်။
တစ်ခါတော့ ကျွန်တော် ရယ်၊ ဆရာကြီးရယ်၊ သခင်စိုးရယ်မန္တလေးမှာ တရားဟောကြတယ်။ မန္တလေးသဘောကိုလည်း ကျွန် တော်တို့ မသိဘဲကိုး။ သည်တော့ ကျွန်တော်တို့က အသံချဲ့စက်ကြီး နဲ့ ဟောတာပေါ့။ ကျွန်တော့်ကို နောက်ဆုံး အဟောခိုင်းတယ်။ ကျွန်တော်ကလည်း စိတ်ရှိလက်ရှိ ဟောတာပေါ့။ ပြီးခါနီး ပရိသတ် ကို ကြည့်လိုက်တော့ ကျိုးတိကျိုး တဲ နည်းနည်းပဲရှိတာကို တွေ့ရ တယ်။ မန္တလေးမှာ တရားပွဲစရင် အသံချဲ့စက်နဲ့ မပြောရဘူး။ ရိုးရိုး ပဲ ပြောရသတဲ့။ သည်တော့မှ ပရိ သတ်တွေက တရားဟောတဲ့ လူ နားကို စုပြီးဝိုင်းလာကြတယ်။ ဝိုင်းလာတော့မှ အသံချဲ့စက်နဲ့ဖိပြီး ဟောရသတဲ့။ စစချင်း အသံချဲ့ စက်နဲ့ဟောရင် နေရာတကာက ကြားရတော့ အဝေးကို ထွက်သွား ကြပြီး အိမ်ကြိုအိမ်ကြား အိမ်ပေါ် အိမ်တွင်းက နားထောင်ကြလို့ တရားပွဲမှာ လူမစည်ဘူးတဲ့။ အဲ သည်တုန်းက ဆရာကြီးကတော့ စီကာပတ်ကုံး ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြော သွားတော့ ပရိသတ်က သိပ်ပြီး သဘောကျတာပေါ့။ သခင်စိုးနဲ့ ကျွန်တော်ကတော့ လေ့လာထား တဲ့ အချက်တွေကို ရိုးရိုးပြောတော့ပွဲမကျပါဘူး။ တရားပွဲပြီးတော့ လူတစ်ယောက်က ပြောသတဲ့။ သခင်အောင်ဆန်းတို့၊ သခင်စိုးတို့ ကောင်းတယ်၊ ကောင်းတယ်ဆို ပြီး ဘာများကောင်းတာဘာလိမ့် လို့ ပြောသတဲ့။ အဲဒါနဲ့ နောက် တစ်နေ့တော့ မန္တလေးနားက ခပ် ခေါင်ခေါင်အရပ်တစ်ခုကိုသွားပြီး ကျွန်တော်တို့ တရားဟောကြပြန် တယ်။ ကျွန်တော့် အလှည့်ကျ တော့ ပရိသတ်ဟာ ငြိမ်ချက်သား ကောင်းလို့ ပျင်းနေကြပြီထင်ပြီး ကျွန်တော်က ပြက်လုံးထုတ်လိုက် တယ်။ ဘယ့်နှယ်လဲဆိုတော့ ကျွန်တော်ဟာ သည်အရပ်ကို မရောက်တာ အတော်ကြာသွားပါပြီ။ ဘယ်လောက်ကြာလဲဆိုရင် မွေးက တည်းကပါပဲလို့ပြောပြီး ပွဲကျ မလားလို့ ပရိသတ်ကို ကြည့်ပါ တယ်။ ဘယ်သူမှ ရယ်ဖော်မရ ဘူး။ ထိုအခါ ဆရာဦးဘချိုက ဗိုလ်ချုပ်ပြက်လုံးထုတ်တာက ကျင်ခဲပြောသလိုများ ဖြစ်နေမှာ လား။ ရွာတစ်ရွာမှာ အရပ်သား တွေက အင်မတန်ဆိုးသတဲ့။ ပွဲက ရင် ဆူကြ ပူကြနဲ့ ပွဲပျက်ပျက်သွား သတဲ့။ သည်တော့ ကိုကျင်ခဲတို့ ရောက်သွားတော့ ကာလသား ခေါင်းကို ပြေးကပ်ပြီး ပွဲကိုထိန်း ပေးဖို့ ပြောသတဲ့။ ကာလသား ခေါင်းကလည်း အရပ်သားတွေ ကို ‘မင်းတို့ ပွဲကြည့်တဲ့အခါ တုတ် တုတ်မှ မလှုပ်ကြနဲ့ လှုပ်ရင်သိရ မယ်’လို့ ကြိမ်းလွှတ်လိုက်သတဲ့။ ဒါနဲ့ ညကျတော့ ပွဲမှာ လူပြက်တွေ က ပြက်ကြရောတဲ့။ တစ်ခါပြက် လည်း မရယ်ကြဘူးတဲ့။ နှစ်ခါ ပြက်လည်း မရယ်ကြဘူးတဲ့။ အဲဒီလိုနဲ့ ပွဲသာပြီးရော ဘယ်သူမှ မရယ်ဘူးတဲ့။ ဒီတော့ ကိုကျင်ခဲက အရပ်ထဲမှာ စုံစမ်းကြည့်သတဲ့။ လက်စသတ်တော့ ကာလသား ခေါင်းက တုတ်တုတ်မှ မလှုပ်ရ ဘူးဆိုလို့ ရယ်ချင်လျက်နဲ့ မရယ်။ အောင့်နေကြရတယ်ဆိုကိုး။ ‘ဗိုလ်ချုပ်ဟောတုန်းကလည်း သည်လို များ ဖြစ်မှာလား’ဟု ပြောရာ ဗိုလ် ချုပ်လည်း ပြုံးနေလေသည်။ ကျွန်ုပ်ကလည်း ထောက်၍ ‘ဗိုလ် ချုပ်ဆီက ပြက်လုံးကို မမျှော်လင့် တဲ့အတွက် မရယ်ကြတာ ထင်ပါ ရဲ့’ဟု ပြောရာ ‘ဟိုတုန်းက ကျွန် တော် နာမည်မကြီးသေးပါဘူး’ဟု ပြန်ပြောလေသည်။
ထို့နောက် ဆရာက ‘ဆရာ လည်း နိုင်ငံရေးကထွက်ပြီး ပညာ ရေးတို့၊ ယဉ်ကျေးမှုတို့ကိုလိုက် စားပြုစုချင်ပါတယ်။ ဆရာတို့ ကိုဝန်တို့ (ဤနေရာတွင် ကျွန်ုပ် အား စီးကရက်ထုတ်ပေးသည်) အာရှအရှေ့တောင်ပိုင်းကိုသွား ပြီး ယဉ်ကျေးမှုလေ့လာချင်ပါ တယ်’ဟု ပြောရာ ဗိုလ်ချုပ်က လက်ကာ၍ ‘နေပါဦး၊ နေပါဦး’ဟု ပြောသည်။ ယဉ်ကျေးမှုကို မနှစ် သက်၍ လက်ကာသလားဟု ကျွန်ုပ်စိတ်တွင် ထင်မိခိုက်။ ကျွန် တော်လည်း နိုင်ငံရေးက ထွက်မှာ ပါပဲ။ ထွက်ပြီးတော့ စာရေးမယ် ကြံတယ်။ ကျွန်တော်ကျောင်းမှာ နေတုန်းက မြန်မာစာပါ ယူခဲ့ တယ်။ မြန်မာစာမှာ ကျွန်တော် အမှတ်ကောင်းကောင်းရတယ်။ ကျွန်တော်ကြိုးစားရင် ဒစ်စတေး ရှင်းတောင်ရမှာပဲ။ ဒါပေမဲ့ ဟို တုန်းကတော့ အိုင်စီအက်စ်တို့ ဘာတို့မှန်းတော့ အင်္ဂလိပ်စာကိုပဲ ဖတ်တာပဲ။
‘ကျွန်တော်လည်း စာပေကို ဝါသနာပါပါတယ်။ အရိုင်းသက် သက်မဟုတ်ပါဘူး’ဟုဆိုကာ သခင်ဘသောင်း၏ ပန်းသာမစာ ဥ၊ မောင်ထင်၏ ငဘ၊ ရွှေဥဒေါင်း ၏ ရတနာဒီပ (Treasure Island) စသည်တို့ကို ချီးမွမ်းသည်။ ‘ကျွန် တော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ Biography တွေလည်း လိုတာပဲ။ ဘာကြောင့် မရေးကြသလဲ မသိဘူး’ဟု ပြော ရာ ဆရာဦးဘချိုကဝင်၍ မြန်မာ မှာ ခက်တာက ဘုန်းကြီးများ ပျံ တော်မူရင် ထေရုပ္ပတ္တိတွေ ရေးရ တယ်။ သည်တော့ Biography ဆိုရင် သေမှရေးရတယ်။ ထိုအခါ ဗိုလ်ချုပ်က ‘ကျွန်တော့်အကြောင်း တွေကို ရေးကြတာဖြင့် တလွဲ ချည်းပါပဲ။ Emile Ludwing တို့ လို ရေးတတ်တဲ့ လူများရှိရင် သိပ် ကောင်းမယ်’ဟုဆိုကာ Ludwing အကြောင်း ဆွေးနွေးကြသေး သည်။
ထိုအခိုက် ဆရာသိန်းဟန် နှင့် အမတ်ဦးဘသီတို့ ရောက်လာ ကြသည်။ ဦးဘသီက ဆရာဦးဘ ချိုကို ‘အစ်ကိုကြီးမှာလိုက်တဲ့ လုံ ချည်ကို ရက်ပေးလိုက်ပြီ။ ကိုဘ ချိုကြိုက်တဲ့ မတ်တတ်စင်းပဲ’ဟု ပြောရာ ဆရာက ကျွန်ုပ်တို့ဘက် သို့လှည့်ကာ ‘ဆရာက အသက် ကြီးတော့ ငယ်ငယ်က ကြိုက် တတ်တဲ့ အဆင်လေးတွေကို ပြန် ပြီးအောက်မေ့တယ်။ အနက်မတ် တတ်စင်းမှာ ဘေးက အဖြူစင်း ကလေးတွေ ညှပ်ပြီးရက်တာကို ဆရာက အင်မတန်ကြိုက်တယ်’ ဟု ပြန်ပြောလေသည်။
ထို့နောက် ဗိုလ်ချုပ်က ‘သည်နေ့ ထမင်းစားပြန်တော့ ဂျာနယ် ကျော်မှာပါတဲ့ မန်းတင်ရဲ့ ဆောင်းပါးကို ဖတ်မိလို့ သဘောကျနေ တယ်။ ဖဆပလညီလာခံကို ရောက်လာတဲ့ တောက အမတ် တစ်ဦး တောကိုပြန်သွားတော့ မြို့ အုပ်မောင်ပြုံးချိုက မေးသတဲ့။ သည်တော့ အမတ်က ကြီးကျယ် ခမ်းနားပုံတွေကို လျှောက်ပြော သတဲ့။ နောက်ပြီး ဥက္ကဋ္ဌကလည်း မိန့်ခွန်းပြောတယ်သာဆိုတယ် စာကိုဖတ်ပြတာပဲလို့ ပြောသတဲ့။ (ဥက္ကဋ္ဌမှာ သခင်မြ) အဲဒါနဲ့ မောင်ပြုံးချိုက ဘာတွေများ ဆုံး ဖြတ်လိုက်သလဲလို့မေးတော့ ဒါ တွေ ကျုပ်မသိဘူး။ ဟောသည်က စာရွက်စာတမ်းတွေကိုသာ ဖတ် ကြည့်လိုက်တော့လို့ ပြန်ပြော သတဲ့’ဟုဆိုကာ ရယ်လေသည်။ ထိုအခိုက် ဆရာဦးဘချိုက ဦးခင် ဇော်ဘက်သို့လှည့်ကာ ‘ဗိုလ်ချုပ် အိမ်က ရေဒီယိုက မကောင်းဘူး တဲ့။ ကောင်းကောင်းမကြားရဘူး တဲ့။ ရေဒီယို တစ်လုံးလောက်ပေး မှပဲ’လို့ ပြောလေသည်။ ထိုစကား ပြောနေခိုက် မိုးသည်းလာသည်။ ခဏကြာသောအခါ ပျော်ဘွယ် ဦးမြကားနှင့် ရောက်လာ၍ ဗိုလ် ချုပ်အနားသို့ ကပ်ကာ ပြောစရာ ရှိတယ်ဟု ပြောသဖြင့် လိုက်သွား လေသည်။ နောက်အခန်းမှ ပြန် ထွက်လာကာ သခင်နုရှိသလား ဟု မေးသည်။ ထိုအခါက သခင်နု မှာ ဘိလပ်ပြန်ရောက်ခါစ နေ မကောင်းသဖြင့် ရုံးမတက်နိုင်။ ထို့ကြောင့် ဗိုလ်ချုပ်လည်း ကားစီးကာ ထွက်သွားလေသည်။
(၂၀ ဇူလိုင် ၁၉၄၇ ရက်က ရေးခဲ့သော ဆရာမင်းသုဝဏ်၏ ဒိုင်ယာရီမှ)
ပိတောက်ပွင့်သစ်၊ စာပေအနု ပညာမဂ္ဂဇင်း၊ အမှတ် (၁၃)၊ ဇူလိုင်၊ ၂၀၀၇ မှ ပြန်လည် ကောက်နုတ်ပါသည်။
http://www.7daydaily.com/story/70523 မှ ကူးယူထားပါသည်။
No comments:
Post a Comment