Friday, 22 April 2016

ဖန်သားပြင် အလား ကြည်လင်သည့် သစ်သား တီထွင်
      ကြည်လင်သည့် ဖန်သားဆိုတာ အတိတ်က ပစ္စည်းတစ်ခု သဖွယ် ဖြစ်တော့မည်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ  KTH Royal Institute of Technology  နည်းပညာ သိပ္ပံမှ သုတေသီများက မှန်သား အလား ကြည်လင်သည့် သစ်သားကို တီထွင်လိုက် ကြပြီ။ ယခု သစ်သား အမျိုးအစားသစ်သည် အနာဂတ် ဆောက်လုပ်ရေး လုပ်ငန်း များကို တစ်ဆစ်ချိုး ပြောင်းလဲစေတော့မည် ဖြစ်သည်။
          ပစ္စည်းသစ်သည် အမြောက်အမြား ထုတ်လုပ်ရန် ဖြစ်နိုင်ခြေ ရှိသလို၊ ကုန်ကျစရိတ်လည်း သက်သာပြီး သဘာဝ ပတ်ဝန်းကျင်နှင့်လည်း သင့်တော်သည်ဟု ပညာရှင်များက ဆိုထား ကြသည်။ ကြည်လင်သော သစ်သားမျိုး ဖန်တီးရန် အတွက် သုတေသီ တို့သည် ဘဲလ်ဆာ သစ်သားကို အသုံးပြု ထားသည်။ သစ်သားကို ကြည်လင်ကာ ထွင်းဖောက် မြင်နိုင်စေရန် အတွက် သစ်သားထဲတွင် ပါသော လင်နင် ဓာတ်ပစ္စည်းကို ဖယ်ထုတ် လိုက်သည်။
          လင်နင်သည် အပင် ဖွဲ့စည်းမှုတွင် အဓိကကျသော တွဲစပ် ပေါ်လီမာ ပစ္စည်း ဖြစ်ပြီး၊ အပင်များ၏ ဆဲလ် နံရံများတွင် တည်ရှိသည်။ လင်နင်သည် အပင် ကိုယ်ထည်ကို ဖြတ်သန်းမည့် အလင်း (၈၀) မှ (၉၅)  ရာခိုင်နှုန်း ထိကို ပိတ်ပင်တားဆီးထားသဖြင့် အပင်များသည် အလင်းမပေါက်ခြင်း ဖြစ်သည်။ သို့သော် လင်နင် ပေါ်လီမာကို ဖယ်ရှားလိုက်ရုံ ဖြင့်တော့ သစ်သားတုံးသည် ဖန်သား အလား ချက်ချင်း ကြည်လင် သွားသည် မဟုတ်သေး။
          လင်နင်ကို ဖယ်ထုတ်လိုက်ရုံဖြင့်ကား သစ်သားတုံးသည် အဖြူရောင် သို့သာ ပြောင်းသွားသည်။ ထို့အပြင် လင်နင်သည် သစ်သားတုံး ဆဲလ်များကို ဖွဲ့ချည်ပေး ထားသော အဓိက ဓာတ်ပစ္စည်း ဖြစ်ရာ လင်နင်ကို ဖယ်ထုတ် လိုက်လျှင် သစ်သားတုံး ဖွဲ့စည်းပုံ လျော့ရဲ သွားမည့် ပြဿနာလည်း ရှိသဖြင့် လင်နင် နေရာတွင် ကြည်လင် တောက်ပပြီး၊ ဖွဲ့စည်း စုကပ်အား ကောင်းသည့် အခရိုက်လစ် ပေါ်လီမာ ဓာတ်ပစ်္စည်းကို အစားထိုးထည့် လိုက်သည်။
          ရလဒ်ကား ထွင်းဖောက်မြင်နိုင် လောက်အောင် ကြည်လင်သော သစ်သားတုံး ရရှိသလို၊ ပုံမှန် မှန်သားထက် နှစ်ဆကျော် ပိုမာကြောမှု ရှိကြောင်း သိရသည်။ ယခု ကြည်လင်သော သစ်သားတုံး များကို အသုံးပြုကာ အဆောက်အဦများတွင် အတွင်းပိုင်း အလှဆင်ခြင်း၊ အပြင်ပိုင်း အကာနံရံများ အဖြစ် အသုံးပြုခြင်းဖြင့် အဆောက်အဦများသည် သဘာဝ အလင်းရောင် ပိုမို ရရှိကာ နေချင့်စဖွယ်ပို ဖြစ်လာမည် ဖြစ်သလို၊ လျှပ်စစ်ဓာတ်အားလည်း ချွေတာ ပြီးသား ဖြစ်သွားမည်။  သုတေသီတို့သည် ယခု သစ်သားကို ပိုမိုကြည်လင် လာအောင်၊ ပိုမိုခိုင်ခန့်မာကြောလာ အောင်လည်း အဆင့်မြှင့်တင်သွား ဦးမည် ဖြစ်ကြောင်း သိရသည်။
Source: Daily Mail
http://www.messengernewsjournal.com/news/Tech/detail.php?id=51316 မှ ကူးယူထားသည်။

No comments:

Post a Comment